ကေအဲန်ယူဥက္ကဌ စောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်အပေါ် အမြင်သဘောထား

ကေအဲန်ယူဥက္ကဌ စောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်အပေါ် အမြင်သဘောထား
ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ (KNU တပ်မဟာ (၅) ရုံးထိုင်မှူး)
ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ (KNU တပ်မဟာ (၅) ရုံးထိုင်မှူး)

NCA မူဘောင်များအတိုင်း လိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် တိုက်တွန်းကြောင်း မေလ ၁၀ ရက်နေ့က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဘောထားထုတ်ပြန်ချက်အပေါ် ခရိုင်အဆင့်နှင့် ကရင်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ အမြင်သဘောထားစုစည်းချက်။

ပဒိုစောစိုးမြင့် (သထုံခရိုင် အတွင်းရေးမှူး)

ကျနော်တို့ကို အစည်းအရုံးကပဲ ဦးဆောင်တာပါ။ ဥက္ကဌ ထုတ်ပြန်ချက်အပေါ်မှာတော့ ယူဆတာက တစ်ဦးထဲဟုတ်ရင်ဟုတ် မဟုတ်ရင်တော့  ကော်မတီတွေအကြားမှာ ပြောဆိုဆွေးနွေးပြီး ထုတ်တာမျိုး ဖြစ်ရင်ဖြစ်မှာပေါ့။ ပြောချင်တာက သွေးမြေမကျဖို့ကိုလည်း ကျနော်တို့ လိုချင်တာပဲ။ တိုက်ခိုက်တာမျိုးလည်း မလိုချင်ပါဘူ။ ဒါပေမဲ့ ကိုယ့်နယ်မြေမှာလာပြီး အနိုင်ကျင့်ဖိနှိပ်တာမျိုး လုပ်လာတာကိုတော့ ခရိုင်တပ်မဟာအနေနဲ့ တာဝန်ရှိနေတာပဲလေ။ သွေးမြေကျတာကို မလိုလားဘူးဆိုပေမဲ့ တဖက်မှာ အနိုင်ကျင့်ဖိနှိပ်လာရင်တော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်က ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ပြောချင်တယ်။

ဗဟိုဦးဆောင်မှုနဲ့သွားတာမျိုးဖြစ်ပြီး ခရိုင်တပ်မဟာရဲ့ ဦးဆောင်မှုမျိုးမဟုတ်တဲ့အတွက် အဖွဲ့ကွဲသွားတာမျိုးတော့ မမြင်ဘူး။ ဆိုလိုချင်တာ ဗဟိုက အခြေအနေတွေအားလုံးကို အောက်က ခရိုင်တွေအနေနဲ့ အကုန်လုံးမသိနိုင်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့မှာက ဗဟိုအမြဲတမ်းကော်မတီရော၊ အလုပ်အမှုဆောင်ကော်မတီဆိုပြီး ရှိနေတဲ့အတွက် အဖွဲ့တွင်း အတူတကွညှိနှိုင်းဆွေးနွေးပြီး အကောင်းဆုံး လုပ်ဆောင်သွားကြမယ်လို့တော့ မျှော်လင့်ပါတယ်။

ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ (KNU တပ်မဟာ (၅) ရုံးထိုင်မှူး)

ကျနော့်တစ်ဦးထဲအမြင် သုံးသပ်ချင်တာက ဒီထုတ်ပြန်စာတစ်စောင်ကို ကြည့်လိုက်တော့ အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်းပုံစံမဟုတ်ဘူး။ တစ်ဦးထဲ ပုဂ္ဂိုလ်ရေးအမြင် သဘောထား ခံယူချက်လို့ပဲမြင်တယ်။ ဘာဖြစ်လဲဆိုတော့ အဖွဲ့အစည်းရဲ့ တရားဝင်မှုအတိုင်း မသွားတဲ့အပေါ်မှာ တရားဝင်မှုအတိုင်း သွားမယ်ဆိုရင် တံဆိပ်တုံးပါရမယ်၊ နောက်ပြီး ဘယ်အဖွဲ့အစည်းကို လိပ်မူတာမျိုးဆိုတာမျိုးလည်း ပါရမယ်။ အခုက ဒီစာမှာ အဲ့လို အင်္ဂါရပ်မျိုး မပါလာတဲ့အပေါ်မှာ ကျနော်နားလည်တာက သူ့တစ်ယောက်ထဲ အမြင် သဘောထား နားလည်မှု ခံယူချက်လို့ပဲမြင်တယ်။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အရေးအသားမဟုတ်တဲ့ သဘောထားဖြစ်တယ်။ တဖက်မှာ ပြန်ကြည့်မယ်ဆိုလည်း အရင်ခေါင်းဆောင်တွေ အဆက်ဆက်တုန်းကလည်း ဒီအတိုင်းပဲ ပြောခဲ့ကြတာပဲ။ သွေးထွက်သံယိုမျိုးမဟုတ်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့ အစည်းအဝေးတွေတိုင်းမှာ ပြောခဲ့တာပဲ။

ဒါပေမဲ့ ကျနော်တို့ရဲ့ရန်သူ စစ်အာဏာရှင်တွေဘက်ကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ဘက်က သွေးထွက်သံယိုမျိုး မလိုချင်ကြပေမဲ့လည်း သူတို့ကတော့ သွေးထွက်သံယိုမှုကို လိုလားနေကြသလို သူတို့ရဲ့လက်အောက်မှာနေဖို့ သူတို့ပြောခဲ့သလိုပဲ ဒီ NCA ဟာ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့မဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့ တော်လှန်လုပ်ဆောင်မှုကို ထိန်းချုပ်တာလုပ်ဖို့ပဲ။ NCA မှာ လက်မှတ်ထိုးတဲ့သူတွေအနေနဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ဖို့ ကတိခံပေးရတယ်။ တပ်မတော်ကိုလည်း တစ်ခုတည်းသော တပ်မတော်အနေနဲ့ သူတို့လက်အောက်မှာနေဖို့ သဘောတူလက်ခံရတယ်။  နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင် အနိုင်ရရင် လွှတ်တော်ထဲမှာ နိုင်ငံရေးစကားပြောခိုင်းတာ။ တိုင်းပြည်ရဲ့ ကာကွယ်ရေးမှာ နေရာယူမယ်ဆိုရင် သူတို့ လက်အောက်ကနေဝင်ပြီး အမှုထမ်းခိုင်းတာပဲ။ စီးပွားရေးလုပ်ချင်တယ်ဆိုရင်လည်း ကုမ္ပဏီထောင်ပြီး သူတို့ဆီမှာသွားမှတ်ပုံတင် လုပ်ဆောင်ရမယ်။ ဒါမျိုးတွေက သူတို့စကားကို နားမထောင်ဘဲ ဘယ်လောက်ပဲ သွေးမထွက်အောင်နေပါစေ ကျနော်တို့ကို လာလုပ်မှာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ရပ်တည်ချက် ခိုင်မာဖို့လိုတယ်။ လက်ရှိအခြေအနေအရ ပြည်သူလူထုတစ်ရပ်လုံး မြို့ပေါ်ဒေသမက တိုင်းရင်းသားတွေကြားမှာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုအပေါ်မှာ လက်မခံဘဲ ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြတာကို ကျနော်တို့အနေနဲ့ အားပေးထောက်ခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ (နစက) နဲ့ သွားတွေ့စရာအကြောင်းမရှိသလို သူတို့နဲ့သွားတွေ့ရင် သူတို့အားကောင်းလာတဲ့အချိန် နောက်ကြောကို ဓါးနဲ့ထပ်ထိုးတဲ့အဖြစ်မျိုး မလိုလားတော့ဘူး။ ဒါကြောင့် အားလုံးသိအောင်ပြောချင်တာက ဒီစာထုတ်တဲ့ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်သာဖြစ်ပြီး တစ်ဦးတစ်ယောက်ထဲရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ်မှာပဲသွားတာ ကျနော်တို့အဖွဲ့အစည်းကို ထိခိုက်တာမျိုး မရှိဘူးလို့ ပြောချင်တယ်။

နော်ဝါးခူရှီး (ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်)

လတ်တလောအခြေအနေက ရှင်းပါတယ်။ ဒီလိုမျိုး အခြေအနေမျိုးက ၂ ခါရောက်လာဖို့ ခဲယဉ်းပါတယ်။ ဒီလိုကာလမျိုးမှာ ကိုယ်က မလုပ်ဘူးဆိုရင် ဘယ်အခြေအနေ ဘယ်ကာလမျိုးမှာ လုပ်ဖို့စဉ်းစားထားသလဲဆိုတာကို ကေအဲန်ယူအနေနဲ့ ပြန်စဉ်းစားဖို့လိုတယ်။ ဒါက တစ်ဦးတစ်ယောက်ထဲဆိုပေမဲ့ သူက ဥက္ကဌဖြစ်တဲ့အတွက် ဒါဟာ တစ်ဦးထဲအမြင်လို့ မြင်ကြမှာမဟုတ်ဘူး။ ဒီလိုမျိုးကလည်း ကေအဲန်ယူတစ်ခုထဲကိုပဲ ထိခိုက်တာမျိုးမဟုတ်ဘဲ ကရင်တမျိုးသားလုံးကို ထိခိုက်စေတာပဲ။ ကျမတို့ KPSN အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လမ်းဆုံးပြီးဆိုပြီး ထုတ်ပြန်ထားခဲ့ပြီးပြီ။ တိုက်ပွဲတွေ ဆက်ရှိနေသလို ထွက်ပြေးတိမ်းရှောင်နေရတာတွေ လာပြီးစစ်ဆင်ရေးလုပ်တာတွေ ရှိနေသေးတာတွေ့ရမယ်။ နောက်ပြီး နယ်မြေချဲ့ထွင်မှုတွေလည်း လုပ်လာတာကို တွေ့ရမယ်။  သေနတ်နဲ့လာပစ်မှ အသက်သေတာမဟုတ်ဘူး။ စိတ်မလုံခြုံမှုပေးတာကလည်း သေအောင်သတ်တာနဲ့မထူးဘူး။ ဒါကြောင့် လမ်းဆုံးပြီးလို့ ကျမတို့ပြောခဲ့တာ။ ဒါပေမဲ့ တချို့ခေါင်းဆောင်တွေပြောတာက စာချုပ်ဆိုတာက မသေနိုင်ဘူး။

ဒါပေမဲ့ လက်ရှိအခြေအနေအရ ဒီစာချုပ်က အလုပ်မဖြစ်တော့ဘူး။ ကိုယ့်ယုံကြည်ချက်အပေါ်မူတည်ပြီး စာချုပ်က အသက်ရှိသေးတယ်ထင်ရင် အသက်ရှိသေးတာပဲ။ ဒါက တစ်ဦးတစ်ယောက်ထဲရဲ့ ထင်မြင်ယူဆချက်အပေါ်မှာပဲ မူတည်တာ။ ပြန်ကြည့်မယ်ဆိုရင် အခု ကိုယ့်ပြည်သူတွေက ပြေးလွှားနေရတယ်။ ကေအဲန်ယူမှာ ခရိုင်၊ တပ်မဟာ (၇) ခုရှိတယ်။ ဘယ်တပ်မဟာခရိုင်ကို လာထိထိ ကိုယ့်ပြည်သူကို ထိတာပဲ။ ကိုယ့်ရဲ့  ရပ်တည်လုပ်ဆောင်မှုက ကိုယ့်ပြည်သူတွေအတွက်လား စစ်အာဏာရှင်စနစ်အောက်မှာပဲ သွားတော့မှာလား။ ဒါမှမဟုတ် ကိုယ့်လူမျိုး ကျွန်ဘဝမျိုးကနေ လွှတ်မြောက်အောင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတာမျိုး တန်းတူရည်တူရှိတာမျိုးဖြစ်အောင် လုပ်မှာလား။ ဒါကို ပြန်သုံးသပ်ဖို့လိုလိမ့်မယ်။ အားလုံးရဲ့ ဘုံရန်သူလို သဘောထားနေကြတဲ့ အစုအဖွဲ့နဲ့ လက်တွဲလုပ်ချင်တယ်ဆိုရင်လည်း တော်လှန်ရေးလုပ်စရာမှမလိုတော့တာ။  အရင်ခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ မူတွေအတိုင်း လုပ်စရာမှမလိုတော့တာ။ ဖိနှိပ်မှုရှိလို့ ကရင်လက်နက်ကိုင်တော်လှန်မှုက ဖြစ်တည်လာတာပဲလေ။ အရင် ၁၉၄၇ ခုနှစ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတည်းက ကိုယ့်လူမျိုးတွေက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြတာပဲ။ အဲ့ဒါကို စစ်အာဏာရှင်တွေက နှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ဖြစ်လာတာပဲ။ ကိုယ့်ပြည်သူအတွက် သူတို့နဲ့ ပေါင်းလုပ်ချင်သပဆိုရင် ဒီလို ဦးဆောင်မှုနေရာမျိုးမှာ မနေလည်းရပါတယ်။

အမည်မဖော်လိုသူ အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး

ကေအဲန်ယူဥက္ကဌရဲ့ ဒီထုတ်ပြန်စာက သူ့တစ်ဦးထဲရဲ့ သဘောထားပဲဖြစ်ပြီး အစည်းအရုံးတစ်ခုလုံးရဲ့ သဘောထားမဟုတ်ဘူးလို့တော့ မြင်တယ်။ ဘာဖြစ်လဲဆိုတော့ ဥက္ကဌကြီးက သူကိုယ်တိုင်ဦးဆောင်ပြီး ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ခဲ့တာကြောင့် ဒီဖြစ်စဉ်တစ်ခုလုံး ပျက်စီးသွားတာမျိုး မလိုလားတာလည်းဖြစ်မှာပေါ့။ တစ်ဖက်မှာပြန်ကြည့်ရင် NCA က ပျက်သွားတာကြာပြီ။ ၂၀၀၈ ဖွဲ့စည်းပုံတောင် ပျက်ပြီးဆိုကတည်းက NCA ဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေပဲ ပေါ်ပေါက်လာတာလေ။ ဘယ်သူပျက်အောင်လုပ်လဲဆိုရင် အခုအခြေအနေအရ စစ်ကောင်စီက ပျက်အောင်လုပ်နေတာပဲ။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ စစ်အာဏာရှင်ကို တွန်းလှန်တော်လှန်ဖို့ စိတ်ဓါတ်မရှိတော့ဘူးဆိုရင်လည်း နေရာတော့ ဖယ်ပေးသင့်တာပေါ့။ အခုအချိန်မှာ စစ်ကောင်စီက ကိုယ့်ပြည်သူတွေကိုသတ်တာ ပြီးတော့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်နေတာကို တော်လှန်ရေးခေါင်းဆောင်တစ်ဦးက ဒီလိုပြောဆိုလာတဲ့အပေါ် တစ်မျိုးသားလုံးအတွက် အင်မတန်မှ အရှက်ရစေပါတယ်။ ဒါကြောင့် ဒါက သူ့တစ်ယောက်ထဲအမြင်ပဲဖြစ်ပြီးတော့ အစည်းအရုံးတစ်ခုလုံးရဲ့ အမြင်သဘောထား တစ်မျိုးသားလုံးကို ကိုယ်စားပြုတာမဟုတ်ဘူးဆိုတာကို သိစေချင်တယ်။

Most read this week

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...