တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောလယ်ဒို့နှင့် မေးမြန်းချက်

တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောလယ်ဒို့နှင့် မေးမြန်းချက်

“ကမ်းနံဘေးမှာနေပြီး ပြည်သူတွေကို နှောင့်ယှက်ပစ်ခတ်တာတွေလုပ်တာက လက်ခံလို့ မရတဲ့ အ ပေါ်မှာ ကျနော်တို့လည်း တတ်နိုင်ဘက်က တွန်းလှန်တိုက် ထုတ်ရမှာဖြစ်ပါတယ်။”

ယနေ့ (ဧပြီ ၂၇ ရက်) နံနက်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သော် လဲ ထာ(မဲ့စန်လက်)တပ်စခန်းကို KNLA တပ်မဟာ ၅မှ တက်ရောက်သိမ်းယူခဲ့မှု အခြေအနေနှင့် ပတ်သက်ပြီး (KNLA)တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒို့အား ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ မနက်တုန်းက စစ်ကောင်စီရဲ့ သော်လဲထာ တပ်စခန်းတက်သိမ်းတဲ့အခြေအနေနဲ့ပတ်သက် ပြီးတော့ ပြောပြပေးပါ။

ဖြစ်စဉ်ကတော့ အမှန်ပဲပေါ့နော် ။ စခန်းကိုလည်း တက်သိမ်းလို့ရတယ်လို့ ပြောလို့ရတယ်။ နယ်မြေရှင်းလင်းမှုတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ နယ်မြေရှင်း လင်းမှုတွေ အကုန်လုပ်ဆောင်ပြီးမှသာ အစီရင်ခံစာက ထွက်လာမှာဖြစ်ပါတယ်။ အဲဒီအချိန်ကျမှ စခန်းတက်သိမ်းပြီး ရန်သူရဲ့ ကျဆုံးတဲ့အခြေအနေ ၊ဖမ်းမိတဲ့အခြေအနေ၊ ထွက်ပြေးလွတ်မြောက်တဲ့အခြေအနေတွေကို သတင်းအတိအကျ သိရှိရမှာဖြစ်ပါတယ်။

မေး။ ။ အခုလို စစ်ကောင်စီတပ်စခန်းကို KNLA က တက်သိမ်းလိုက်တဲ့အတွက် စစ်ကောင်စီဘက်က စစ်လေယာဉ်နဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြောပြပါအုံး။

ဒီလိုစခန်းတက်သိမ်းယူတဲ့အခြေအနေအပေါ် အရင်က အခြေအနေလို ထပ်ဖြစ်ပေါ် လာနိုင်တဲ့အတွက် ကျနော်တို့ အားလုံး သတိဝိရိယရှိထားဖို့ကတော့ ကျနော်တို့ အသိပေး ထားတာရှိပါတယ်။ အခုအထဲက လာတဲ့သတင်းအရ သူတို့ဂျက်လေယာဉ်တွေ ပျံဝဲလာတာတွေရှိလာတယ်လို့ အဲလို သတိပေး ပြောဆိုလာတာတော့ရှိပါတယ်။

မေး ။ ။  ကေအဲန်ယူ တပ်မဟာ ၅က စစ်ကောင်စီတပ်စခန်းကို တက်သိမ်းယူမှုနဲ့ပတ်သက်ပြီး မတူညီတဲ့ ဝေဖန်သုံးသပ်မှုတွေရှိတဲ့အပေါ်မှာ ဘာပြောချင်လဲ။

ဒီအပေါ်မှာတော့ ကျနော့်တစ်ယောက်အနေနဲ့ ရှင်းပြချင်တာက ဒီနေရာ၊ ဒီနယ်မြေက ကျနော်တို့ ဌာနေ မွေးရပ်မြေဖြစ်ပါတယ်။ သူများနယ်မြေထဲကို သွားပြီးလုပ်တာမဟုတ်ပါဘူး။ အဲဒါကြောင့် ကျနော်တို့ နယ်မြေထဲမှာ ကိုယ့်ကိုယ်ကို ကာကွယ်ပြီး လှုပ်ရှားတဲ့အနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို ရရှိဖို့အတွက်ကတော့ သူတို့ (စစ်ကောင်စီတပ်)တွေ ကျနော် တို့နယ် မြေထဲမှာ လာနေလို့ မသင့်တော်တဲ့အတွက်ကြောင့် ကျနော်တို့ ပြန်သွားခိုင်းတယ်။ မပြန်ဘူး။ မပြန်တဲ့ အပေါ်မှာ ကျနော်တို့ လုပ်ဆောင်နိုင်တဲ့အပိုင်းမှာ လုပ်ဆောင်တယ်။ မောင်းထုတ်ရမှာဖြစ်ပါတယ်။ ကျနော်တို့ ကောင်းကောင်း မွန်မွန်ပြောတာကို သူတို့မပြန်ဘူး။ ကျနော်တို့ လုပ်ဆောင်နိုင်တဲ့အပိုင်းမှာ ကျနော်တို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြည်သူလူထုတွေကို ကျနော်အဲလိုပဲ ရှင်းပြချင်ပါတယ်။

အခုဆိုလည်းပဲ စစ်ကောင်စီက အတင်းအဓမ္မအာဏာသိမ်းပြီးနောက် တိုင်းသူပြည်သားတွေလည်း ဒီမိုကရေစီရရှိရေး တောင်းဆိုတာဖြစ်ဖြစ်၊ ဖမ်းဆီးထားတဲ့ခေါင်း ဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာဖြစ်ဖြစ်။ ဒါကို ပြန်မလွတ်ပေးတဲ့အပြင် လက်နက်မဲ့ ပြည်သူတွေ ဖိနှိပ်အနိုင်ကျင့်မှုတွေ၊ ပစ်သတ်မှုတွေလုပ်ဆောင်တဲ့အတွက် ထိခိုက်သေကြေမှု တွေရှိနေတယ်။ အဲဒီအပြင် ပစ်သတ် လို့မသေဘဲ ဒဏ်ရာရရှိတဲ့သူတွေကို ဖမ်းဆီးပြီး ချုပ်နှောင်တယ်။ အမျိုးမျိုးသော ညှင်းပမ်းနှိပ် စက်မှုတွေလုပ်တဲ့အတွက် ကျနော်တို့လည်းပဲ CDM လုပ်နေတဲ့ ပြည်သူ လူထုတွေကို အားပေး ထောက်ခံတဲ့အနေနဲ့ ကျနော်တို့လည်းပဲ တတ်နိုင်တဲ့ဘက်က လုပ်ဆောင်တာဖြစ်တယ်ဆိုတာ ပြည်သူလူထုနဲ့ အလွှာအသီးသီးက ဝေဖန်သုံးသပ်သူတွေကို အသိပေးရှင်းလင်းချင်ပါတယ်။

မေး။ ။ အခုပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အရပ်သားစစ်လှေတွေကို ပစ်ခတ်ခံရမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောလို့ရလား။

ဒါက ဆက်စပ်မှုတစ်ခုဖြစ်ပါတယ်။ အမှန်က ပစ်ခတ်တိုက်မှုဆိုတာ ကျနော်တို့ စစ်သား အချင်းချင်း ပစ်ခတ်ခိုက်တာပဲရှိပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်အရ သွားလာ လှုပ်ရှားမှုတွေကိုတော့ နှစ်ဦးနှစ်ဖက်က လက်ခံရမှာဖြစ်ပါတယ်။ အခုက စစ်သားအချင်းချင်း ပစ်ခတ်မှုအပေါ်မှာ အရပ်သားပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှု၊ ဖွံ့ဖြိုးမှုတွေအားလုံးကို အနှောင့် အယှက်ပေး လာတယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စရပ်ပါ။ အခုဆိုလည်းပဲ သူတို့တွေ ကမ်းနံဘေးမှာနေပြီး ပြည်သူတွေကို နှောင့်ယှက်ပစ်ခတ်တာတွေ လုပ်တာက လက်ခံလို့ မရတဲ့အပေါ်မှာ ဒါကို ကျနော်တို့လည်း တတ်နိုင်ဘက်က တွန်းလှန်တိုက် ထုတ်ရမှာဖြစ်ပါတယ်။ အရပ်သား ပြည်သူ တွေရဲ့စက်လှေကို ပစ်ခတ်တဲ့အပြင် ထိုင်းတပ်မတော်ရဲ့ စက်လှေကိုပါ ပစ်ခတ်တယ်။

မေး ။ ။ အခု ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ တဖန်ပြန်လည်ဖြစ်ပွားနေတဲ့အပေါ်မှာ ဘာ ပြောချင်လဲ။

ဒါက ကျနော့်တစ်ယောက်ထဲ အမြင်သဘောထားပါ။ ကျနော့်အနေနဲ့ လူမှန်းသိတတ်စ အရွယ်ကတည်းက ဗမာစစ်တပ်တွေရဲ့ရန်ကြောင့် တစ်ချိန်လုံးထွက်ပြေးတိမ်း ရှောင်ခဲ့ရတယ်။ ကျနော်တော်လှန်ရေးထဲဝင်ပြီး ဒီဗမာစစ်တပ်ကို ဆက်လက်ရင်ဆိုင်နေရတုန်းပဲ။ အဲဒါကြောင့် ကျနော်လူမှန်းသိတတ်စအရွယ်ကတည်းကနေ အခုချိန်ထိ ဒီစစ်တပ်က ကျနော်တို့အတွက် ကောင်းကျိုးတစ်ကြိမ်တစ်ခါမှ လုပ်ပေးတာမရှိဘူး။ သူတို့ဒဏ်ကြောင့် တိုင်းပြည် ဆင်းရဲရတယ်။ တိုင်းသူပြည်သားတွေလည်း သူတို့ကြောင့် အခက်အခဲအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံ့အာဏာကိုလည်း အကြိမ်ကြိမ် အဓမ္မသိမ်းယူတယ်။ အခုလည်း ထပ်သိမ်းပြန်တယ်။

အရင်က ကျနော်တို့က သူပုန်သောင်းကျန်းသူအနေနဲ့ပဲ အများက မြင်ကြတယ်။ ဒါပေမယ့် ယနေ့အချိန်မှာ ဒီစစ်အာဏာရှင်က တိုင်းပြည်ကို အုပ်ချုပ်တာ နည်းမှန်လမ်းမှန်မဟုတ်ပါဘူး။ ကျနော်တို့ တော်လှန်ရေးက ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် အမှန်တကယ်လှုပ်ရှားနေတဲ့ သူတွေဖြစ် တယ်ဆိုတာ အများက  ပြန်မြင်လာတယ်။ အခုဆို တိုင်းသူပြည်သားတွေလည်း ကျနော်တို့ အဖွဲ့အစည်းရဲ့ အခြေအနေကို နားလည်လာတဲ့အပေါ်မှာ ဒီစစ်အာဏာရှင်စနစ် အဆုံးသတ် ရေးအတွက် ကျနော်တို့တွေ ပြည်သူလူထုနဲ့အတူ ပူးပေါင်းလုပ်ဆောင် သွားရမှာဖြစ်ပါတယ်။ ဖက်ဒ ရယ်ပြည်ထောင်စုကို လက်ခံတဲ့ အစိုးရကို ပြန်လည်ရွေး ကောက်တင်မြောက်ပြီး ပြည်နယ် တိုင်းမှာ တန်းတူရည်တူရှိပြီး နားလည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိဖို့က အရေးကြီးတဲ့အတွက်ကြောင့် တိုင်းသူပြည်သားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ ပြောချင်ပါတယ်။

မေး။။ အခုမြို့ပြတွေမှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကိုလည်း ဘာပြောချင်လဲ။

မြို့ပြထဲမှာနေတဲ့ ပြည်သူပဲဖြစ်ဖြစ်၊ တောတောင်တွေထဲမှာ နေတဲ့ ပြည်သူတွေဖြစ်ဖြစ် ကျနော် တို့က ပြည်သူလူထုတွေနဲ့အတူ တသားထဲ ရပ်တည်ပါတယ်။ ကျနော်တို့ လုပ်ဆောင်နိုင်တဲ့ အပိုင်းမှာ ကျနော်တို့လုပ်ဆောင်သွားမယ်ဆိုတာ သူတို့ကို အားပေးလိုပါတယ်။ သူတို့အနေနဲ့ လည်း အားငယ်ဖို့မလိုပါဘူး။ မားမားမတ်မတ်ရပ်တည်ပါ။ ဘာလက်နက်မှမရှိတဲ့ ပြည်သူ တွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာခံရတယ်။ ကိုယ်အင်္ဂါ ဆုံးရှုံးသွားတာတွေရှိတယ်။ သူတို့တွေသွေး မြေကျခဲ့တာ အလဟသမဟုတ်ပါဘူး။ စစ်အာဏာရှင် ဖြုတ်ကျရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေးအတွက်၊ အစိုးရအုပ်ချုပ်ရေး ယန္တရား အစီအစဉ်တကျ ပြန်လည်ဖြစ်လာဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒါကို စစ်အာဏာရှင် စနစ်အဆုံး သတ်တဲ့အထိ ကျနော်တို့တွေ ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

Most read this week

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...