ဆလိုင်းထောင်း — မြန်မာနိုင်ငံတွင် စစ်တပ်က သုံးကြိမ် နိုင်ငံအာဏာကို သိမ်းယူပြီးပြီ။ ပထမဆုံးအကြိမ် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကြောင့် ချင်းခေါင်းဆောင်များက လက်နက်ကိုင်ပြီး တော်လှန်ခဲ့ကြသည်။ သို့သော် ကြာရှည်မခံခဲ့ ပေ။
ဒုတိယအကြိမ်အာဏာသိမ်းသည့် ၁၉၈၈ တွင် ချင်းကျောင်းသားများက လက်နက်ကိုင်လမ်းစဉ်ကို ထပ်မံ ရွေးခဲ့သည့်။ ယခု တတိယ အကြိမ် အာဏာပြန်သိမ်းရာမှာ ချင်းလူငယ် အပါအဝင် မြန်မာနိုင်ငံက လူငယ် ခပ်များများ လက်နက်ကိုင်လိုစိတ် ထပ်မံ ပြင်းပြလာသည်။
အဆိုပါ လက်နက်ကိုင်လိုသော ချင်းလူငယ်များသည် တည်ရှိနှင့်ပြီးဖြစ်သော CNF လက်နက်ကိုင်တပ်ဖွဲ့သို့ အားလုံးပါဝင်နိုင်မလား။ သို့တည်းမဟုတ် သီးခြား လက်နက်ကိုင်အဖွဲ့ ထွက်ရှိလေမလား။ ချင်းစည်းလုံးညီညွတ် ရေးအတွက် အထူးလိုအပ်ချိန်မှာ မည်ကဲ့သို့ အကောင်းဆုံးဆောင်ရွက်သင့်သနည်း။
၁၉၆၂ အာဏာသိမ်းမှုနှင့် ချင်းတော်လှန်ရေး
ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းသည့်အတွက် ထိုစဉ်က ချင်းပါတီ(CNO) အတွင်းရေးမှူး ပူးဟရန်နောလ်၊ ဒု-ဗိုလ်မှုးကြီး ဆွန်ခိုပေါင်နှင့် ပူးဆွန်ကျင်လျန်တို့က ၁၉၆၄ ဝန်းကျင်တွင် Anti-Communist Freedom Organization ကို ဖွဲ့စည်း၍ မီဇိုရမ်းပြည်နယ် နယ်စပ်သို့ တောခို လက်နက်ကိုင်ခဲ့ကြသည်။ ချင်းပြည်နယ်ရှိ ရဲစခန်းတစ်ချို့နှင့် မြို့သိမ်းတိုက်ပွဲတစ်ချို့ ဆင်နွဲနိုင်ခဲ့သော်လည်း အိန္ဒိယတပ်က ခေါင်းဆောင်များ ကို ဖမ်းဆီးပြီး နေဝင်းအစိုးရထံ အပ်နှံခဲ့မှုကြောင့် သူတို့၏ ချင်းပြည်နယ်အစိုးရ ကြေညာရေး အစီအစဉ်နှင့် အမျိုးသားလွတ်မြောက်ရေးအိပ်မက်လည်း ပျက်သုန်သွားခဲ့သည်။
ထို့နောက် လွှတ်တော်အမတ် ပူးမန်းတလိန်းနှင့် ဝီလျံစလျန်ဇမ်းတို့က ထိုင်းနယ်စပ်မှာ ၁၉၇၀ ဝန်းကျင်တွင် Chin Democracy Party ကို ဖွဲ့စည်း၍ Chin Defense Army ကို လက်နက်အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းခဲ့သေးသည်။ သို့သော် ချင်းပြည်သို့ အခြေချရန် ရှမ်း၊ ကချင်နှင့် နာဂတောင်တန်းတို့ကို ခြေကျင်ဖြင့် ကျော်ဖြတ်ပြီး တစ်နှစ်နီးပါးကြာ ချီတက်ခဲ့ရာမှာ ချင်းပြည်နယ်၊ စီးယင်းနယ် (လေသာတောင်)အရောက်တွင် နေဝင်းအစိုးရ တပ်ဖွဲ့၏ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုကြောင့် အားလုံးနီးပါး သေဆုံးခဲ့ရာ ချင်းလက်နက်ကိုင် တော်လှန်ရေးအိပ်မက်လည်း ဒုတိယအကြိမ် ပျက်သုန်းခဲ့ရပြန်သည်။
၁၉၈၈ အာဏာသိမ်းမှုနှင့် တစ်ကျော့ပြန် ချင်းတော်လှန်ရေး
အားလုံးသိရှိသည့်အတိုင်း ၈၈ အရေးခင်းနှင့်အတူ ဗိုလ်ချုပ်ကြီး စောမောင်က ဒုတိယအကြိမ် အာဏာ ပြန်သိမ်းသည့်အတွက် အရေးခင်းတွင် ပါဝင်ကြသော ချင်းတက္ကသိုလ်ကျောင်းသားများ ဉီးဆောင်ပြီး ချင်းအမျိုးသားတော်လှန်ရေး(CNF/A)ကို တစ်ကြော့ပြန် ဆင်နွေးခဲ့ရပြန်ပါသည်။ လမ်းပေါ်ထွက်အနုနည်းဖြင့် နိုင်ငံရေးလုပ်လို့ မရသည့်အတွက် ကျောင်းသားလူငယ်များက လက်နက်ကိုင်လမ်းစဉ်ကို မလွဲမရှောင်သာ ရင်နာစွာဖြင့် ရွေးချယ်ကြခြင်းဖြစ်ပါသည်။
ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက လက်ခံမှုမရိသည့် အတွက် Mara People Party (MPP)တစ်ချို့က အိန္ဒိယနယ်စပ်မှာ လက်နက်ကိုင်စွဲထားခဲ့သော်လည်း နောက်ပိုင်းတွင် ပျေက်ကွယ်သွားပါသည်။ အလားတူ Zomi National Congress (ZNC)ပါတီ လွှတ်တော်အမတ် ပူးထန်လျန်ပေါင်က အိန္ဒိယနယ်စပ်သို့ ZRO/A လက်နက်ကိုင်အဖွဲ့ကို ဉီးဆောင်ရာ ယနေ့အထိဖြစ်သည်။ ZRO/A သည် နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏ နယ်စပ်လုံခြုံရေးတပ်(BGF)သဖွယ်ဖြစ်ပြီး ယနေ့ဆိုလျှင် အင်အားတောင့်တင်းသည်။
၂၀၂၁ခုနှစ် အာဏာသိမ်းမှုနှင့် ချင်းတော်လှန်ရေး
မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကို ချင်းပြည်နယ် မြို့နယ်သီးသီးနှင့် ချင်းပြည်နယ်ပြင်ပ ခပ်များများတွင် ဉီးဆောင်လာသည့် ချင်းလူငယ်များသည် ယခုအချိန်တွင် လမ်းပေါ်အနုနည်း လှုပ်ရှားမှု ပိတ်ပြင်ခံရမှုကြောင့် အလွဲမရှောင်သာ တောခိုလာကြပါသည်။ တောခိုလိုကြပါသည်။
ယခုတစ်ကြိမ် အာဏာသိမ်းမှုသည် ၁၉၆၂ နှင့် ၁၉၈၈ နှင့် အတူဘဲ ရှိရင်းစွဲ ချင်းလက်နက်ကိုင် တပ်ဖွဲ့ CNF ရှိနေပြီ ဖြစ်သည့်အတွက် ချင်းလူငယ်ခပ်များများသည် ထိုအဖွဲ့သို့ ဝင်ရောက်နေကြသည်ကို တွေ့ရသည်။ သို့သော် တစ်ချို့လူငယ်အုပ်စုများမှာမူ အကြောင်းကြောင်းကြောင့် ရှိရင်းစွဲ ချင်းလက်နက်ကိုင်အဖွဲ့တွင် ဝင်ရောက်ရန် တွန့်ဆုတ်နေကြသေးသည်ကိုလည်း တွေ့ရသည်။ ဝမ်းနည်းစွာဖြင့် တစ်ချို့လူငယ်များက သီးခြား လက်နက်ကိုင် တစ်ဖွဲ့အသစ်ဖြင့် ရပ်တည်လိုစိတ်ပြင် ရှိကြသည်ကို သိရှိရသည်။
အစဉ်အလာတစ်ခုလို ဖြစ်လာသော စစ်အာဏာသိမ်းတိုင်း လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖွဲ့စည်းလိုစိတ် ပေါ်ပေါက်တတ်သည်မှာ နားလည်လို့ရပါသည်။ သို့သော် ယနေ့တွင် ချင်းအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ရှိနေပြီ ဖြစ်သည်က တစ်ကြောင်း၊ ချင်းစည်းလုံးညီညွတ်ရေး အတွက် အမြင့်ဆုံး ကြိုးပမ်းဆောင်ရွက်နေလျက်ရှိသည့် အချိန်ဖြစ်သည်က တစ်ကြောင်း၊ ချင်း ၃ ပါတီပြင်လျှင် ပြည်သူလူထု၏ တောင်းဆိုမှုနှင့်အညီ တစ်ပါတီအဖြစ် ပူးပေါင်းပြီးဖြစ်သည်ကတစ်ကြောင်း၊ ချင်းအမည်ခံ နောက်ထပ် လက်နက်ကိုင်တပ်အဖွဲ့ အသစ် ထွက်ပေါ်လာခြင်းမရှိဘဲ အားကောင်းမောင်းသန်ဖြစ်သည့် ချင်းလက်နက်ကိုင်တစ်ဖွဲ့ တစ်ခုတည်းရှိရေးကို အစဉ်အမြဲ ဉီးထိပ်ထားကြစေလိုပါသည်။
ထိုအတွက် CNF အဖွဲ့ကို ပြုပြင်ပြောင်းလဲမှုလုပ်ရန် အကြံပေးစာ ပို့ကြသည်များကိုလည်း တွေ့ရှိရသည်။ အဘက်ဘက်မှ အဖွဲ့ခေါင်းဆောင်များ ညှိနိုင်းကြသည်ဟုလည်း သိရှိရပါသည်။ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုတည်းရှိရေးကို စိတ်ရှည်ရှည်ဖြင့် မရမက ဆက်လက် ညှိနှိုင်းပြီး ထိန်းသိမ်းနိုင်ကြ စေလိုပါသည်။
ညီနောင်တိုင်းရင်းသား ကရင်၊ ရှင်း၊ ရခိုင်၊ ကချင်၊ ပအိုစ့်၊ နာဂ စသည်တို့မှာ လူမျိုးလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုထက်မက ကွဲသွားလို့ မည်ကဲ့သို့ အချင်းချင်း ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်ကို ခါးသီးသော သင်ခန်းစာ အမြောက်အများ တွေ့ရှိရပြီးဖြစ်ပါသည်။ လူမျိုးတစ်ခုအတွင်း လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုထက်မက ရှိလာလျှင် အချင်းချင်း တိုက်ခိုက်နိုင်ခြေ ၉၉ ရာခိုင်နှုန်း ရှိပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ နှစ်ဘက်အဖွဲ့များက ပုဂိုလ်ရေး၊ အဖွဲ့အစည်းရေး၊ မြို့နယ်ဒေသအစွဲနှင့် နိုင်ငံရေးအယူဝါဒ ကွဲလွဲမှုကို ဘေးချိုတ် ထားပြီး ချင်းတစ်မျိုးသားလုံးအကျိုးစီးပွားကို ရှေ့တန်းတင်လျက် သဘောထားကြီးကြီးနှင့် အပြန်အလှန် နားလည်မှုရှိရှိဖြင့် လူမျိုးတစ်မျိုး လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုတည်းရှိရေးမူကို ဆက်လက် ထိန်းသိမ်း အကောင်ထည်ဖော်ပေးကြပါဟု ေမတ္တာရပ်ခံအပ်ပါသည်။