မြန်မာနိုင်ငံအနေဖြင့် အာဏာရှင်အုပ််ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည်မှာလည်း (၆) နှစ်တာကာလအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အခြားနိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီအသွင် ကူးပြောင်းမှုများကဲ့သို့ပင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုမှာလည်း ပွတ်တိုက်မှုများ ရှိမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဒီမိုကရေစီစနစ်ဟူသည်မှာလည်း နိုင်ငံများ၏သမိုင်း နောက်ခံအခြေအနေများ ပေါ်မူတည်၍ တည်ဆောက်ရသောစနစ်သာ ဖြစ်နေမည်သာ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဖယ်ဒရယ်ဒီမိုကရေစီအတွက် အဓိကစိန်ခေါ်နေသည့်အချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်ကို အထူးတလည်ပင် ပြောစရာလိုပါ။ သို့ရာတွင် ငြိမ်းချမ်းရေးနှင့်အတူ တည်ဆောက် ပြုပြင်နိုင်သောအချက်များကိုတော့ သတိပြုသင့်ရပေလိမ့်မည်။ ရှေ့အစိုးရများ၏ အားနည်းချက်၊ အားသာချက်များကို စနစ်တကျ ချဉ်းကပ်လေ့လာကာ ပြုပြင်တည်ဆောက်သွားဖို့သည်လည်း အရေးကြီးပါလိမ့်မည်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်မရှိဘဲ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ဆိုသည်မှာ အန္တရာယ်များလွန်းလှပေလိမ့်မည်။ ဒါကြောင့် ကောင်းမွန်သောစနစ် တည်ဆောက်နိုင်ရေးအတွက်လည်း ပြိုင်တူ အားထည့်သင့်ပေသည်။
အစိုးရစနစ်ကောင်းမွန်ပြီး ပွင့်လင်းမြင်သာမှလည်း တိုင်းရင်းသား ပြည်သူများအနေဖြင့် အစိုးရစနစ်ကို သဘောပေါက်နားလည် လက်ခံလာနိုင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။
အစိုးရစနစ် ပြုပြင်ပြောင်းလဲရေးဆိုသည်မှာလည်း ခေတ်အဆက်ဆက် အာဏာရှင်အုပ်ချုပ်ရေး ပုံစံနှင့်သာ အသားကျခဲ့သော နိုင်ငံများတွင် ပိုမိုခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ကြံုတွေ့ရလေ့ရှိသည်။ ခေါင်းဆောင်များနှင့်သာ ပြောင်း၍မရနိုင်ဘဲ အားလုံးပါဝင်ပြောင်းလဲနိုင်ရန် လိုအပ်လိမ့်မည်။ သို့ရာတွင် အစိုးရကိုယ်တိုင်က ဦးစွာပြုပြင်ပြောင်းလဲမှသာ ကျန်သူများက လိုက်ပါဆောင်ရွက်လာနိုင်ပေလိမ့်မည်။
ဖယ်ဒရယ်ပြည်ထောင်စုစနစ်တွင် အဓိကအရေးပါပြီး ပြုပြင်ပြောင်းလဲ တည်ဆောက်ရမည့်အပိုင်းမှာ ပြည်ထောင်စုထက် ဒေသအစိုးရဖွဲ့စည်း တည်ဆောက်အုပ်ချုပ်မှု ပုံစံများပင် ဖြစ်လိမ့်မည်။ အာဏာရှင်ပုံစံအုပ်ချုပ်မှုဖရိန်ကို ယူထားသော ဒေသအစိုးရများ၏စနစ်သည် ဖယ်ဒရယ်ပြည်ထောင်စုစနစ်အတွက် ကြီးမားသော အဟန့်အတားများ ဖြစ်နေလိမ့်မည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်၏ အခန်းကဏ္ဍနှင့် အပြန်အလှန် ထိန်းကြောင်းမှုရှိသော အစိုးရစနစ်သည် ဒီမိုကရေစီစနစ်၏ အသက်ပင်ဖြစ်ပါသည်။ ထိုအချက်ကို အလေးအနက် တန်ဖိုးထားတတ်မှလည်း ဒီမိုကရေစီစနစ်သည် ရေရှည်တည်တံ့ နိုင်ပေလိမ့်မည်။
လွန်ခဲ့သော ၅ နှစ်တာ ကာလကို လှည်ပြန်ကြည့်လျှင်လည်း ဗဟိုအစိုးရစနစ် ဖွဲ့စည်းတည်ဆောက်မှုတွင် ပြဿနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် အင်စတီကျုူးရှင်းများ အားကောင်းနေသောကြောင့် ဒီမိုကရေစီစနစ်ကို ဟန်ချက်ညီစွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်ကို တွေ့ရပေလိမ့်မည်။ သို့ရာတွင် ဒေသအစိုးရ အုပ်ချုပ်မှုစနစ်များတွင်မူ ဖွဲ့စည်းတည်ဆောက်မှု ပုံစံအမှားများကို မြင်တွေ့ကြရလိမ့်မည်။
အစိုးရအောက်ရောက်နေသော ဒေသလွှတ်တော်များ၏ ဖွဲ့စည်းတည်ဆောက် အုပ်ချုပ်မှုပုံကို ခွဲထုတ်ပြီးနောက်လည်း အဆင့်ဆင့်သော ဆောင်ရွက်ဖွယ်ရာများနှင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် စနစ်တကျ လေ့လာချဉ်းကပ်ရမည်ဖြစ်သည်။
ဒီမိုကရေစီဖယ်ဒရယ်စနစ်နှင့် ကိုက်ညီသော ဖွဲ့စည်းတည်ဆောက် အုပ်ချုပ်မှုများ ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် အဓိကအခြေခံဖြစ်သော အင်စတီကျုးရှင်းများ အားကောင်းရေးကိုလည်း တစ်ပြိုင်နက် ဆောင်ရွက်ရပေလိမ့်မည်။ ခိုင်မာအားကောင်းသော အင်စတီကျုးရှင်းများဖြင့်သာ ကောင်းမွန်သောအစိုးရစနစ်ကို တည်ဆောက်နိုင်မည် ဖြစ်သလို ကောင်းမွန်သောအစိုးရစနစ်သည်လည်း ငြိမ်းချမ်းရေးလမ်းကြောင်းကိုများစွာ အထောက်အကူပြုမည့် အချက်ပင်ဖြစ်ကြောင်း မီးမောင်းထိုးရေးသား တင်ပြအပ်ပေသည်။