NCA နှင့် မွန်ပြည်သစ်ပါတီအကြပ်အတည်း

NCA နှင့် မွန်ပြည်သစ်ပါတီအကြပ်အတည်း
by -
ချစ်မင်းထွန်း/မွန်သတင်းအေဂျင်စီ
မွန်ပြည်သစ်ပါတီ NMSP သည် ၂၀၁၇ ခုနှစ်၊ဧပြီ ၂၃ ရက်မှ စတင်ကာ ဗဟိုကော်မတီ အစည်းအဝေး ၁/၂၀၁၇ ပထမ ၆ လပတ်ကို မွန်ပြည်နယ်၊ရေးချောင်းဖျားဒေသရှိ ဌာနချုပ်တွင် ကျင်းပလျက်ရှိပြီး NCA လက်မှတ်ထိုးရေး/မထိုး ရေး အပါအဝင် မျက်မှောက်နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ခြင်း***တို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ထိုအစည်းအဝေးသည် မွန်ပြည်သစ်ပါတီအတွက် အလွန်အရေးကြီးလှပြီး ဆုံးဖြတ်ချက် မမှားရေးနှင့် သုံးသပ် ချက်များ မလွဲချော်ရေးအပေါ်လည်း အလွန်ဂရုစိုက် ဆွေးနွေးကြရမည်ထင်သည်။အဘယ်ကြောင့်ဆိုသော် NCA လက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်ခြင်း သို့မဟုတ် မထိုးရန် ဆုံးဖြတ်လိုက်ခြင်းသည် ၎င်းတစ်ဖွဲ့တည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ပဲ မွန်လူမျိုး၊ အစိုးရ၊ တခြားသော လက်နက်ကိုင်အဖွဲ့များ၊ စသည့် မတူညီသော အစုအဖွဲ့ များဖြင့်ပါ သက်ဆိုင်နေခြင်းကြောင့် ဖြစ်သည်။

လက်ရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၏ အခြေအနေမှာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်ကဲ့သို့မဟုတ်ဘဲ ချဉ်းကပ်ပုံများ ပြောင်းလဲလာကာ လက်မှတ်မထိုးရသေးသည့် အဖွဲ့များ အကြားလည်း အားပြိုင်မှုများလည်းရှိလာခဲ့သည်။

“ဒီကနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက ရှုပ်ထွေးနေတဲ့ အချိန်ဖြစ်တယ်။ ဘာလဲဆိုတော့ မြောက်ပိုင်းမှာက တစ်မျိုး၊ ကျွန်တော်တို့ တပ်ပေါင်းစု UNFC ကလည်း တစ်မျိုးဖြစ်နေတယ်၊ ပြီးတော့ အစိုးရနှင့် စစ်တပ်ဖက်ကလည်း တစ်ယောက်တစ်မျိုးဆီဆိုတော့ ဒါတွေကို အဆင်ပြေအောင် မနည်းညှိနှိုင်းသွားရမည့် အခြေအနေပါ” ဟု NMSP ဥက္ကဌ နိုင်ထော်မွန်က၂၀၁၇ ခုနှစ်၊ဧပြီ ၂၃ ရက်မှာ စတင်ကျင်းပနေသည့် ဗဟိုကော်မတီ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

NCA စာချုပ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်အမျိုးသား အစည်းအရုံး-ကောင်စီ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့ DKBA၊ ပအိုဝ် အမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP စသည့် လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ထိုး ထားသည်။

သို့သော် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP/UWSA၊ အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ NDAA၊ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ-ကပ်ပလန် NSCN-K ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့MNDAA/MNTJP၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF၊ ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီANC၊ “ဝ”အမျိုးသားအဖွဲ့ WNO၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU စသည့် လက်နက်ကိုင် ၁၃ ဖွဲ့ လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည်။

ထို ၁၃ ဖွဲ့အနက် KIA၊ NMSP၊ KNPP၊ SSPP၊ WNO၊ LDU၊ ANC တို့မှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖြစ် ဖွဲ့စည်းကာ အစိုးရနှင့် NCA လက်မှတ်ထိုးနိုင်ရေး တွေ့ဆုံ ဆွေးနွေးလျက်ရှိ သော်လည်း UWSA၊ NDAA၊AA၊ TNLA၊ MNDAA၊ KIA၊ SSPP တို့ကမူ NCA မထိုးရန်၊ စာချုပ် အသစ်ဖော် ဆောင်ရန်၊ တရုတ်ပေါ်လစီ One Belt One Road ဖော်ဆောင်ရန် စသဖြင့် ထုတ်ပြန် ပြောကြားခဲ့ပြီးနောက် ဧပြီ ၁၉ ရက် ပန်ခမ်းအစည်းအဝေးမှတဆင့် ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေးကော်မတီကို ဖွဲ့စည်း ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဤသို့ NCA လမ်းကြောင်းအပေါ် လျောက်လှမ်းနေသော အခြေအနေတွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ အကြား မတူညီသော ချဉ်းကပ်မှုများ ရှိလာပြီး UNFC အဖွဲ့ဝင် KIA နှင့် SSPP မှာမူ မည်သည့်အဖွဲ့ဖြင့် လိုက်မည်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ခြင်းမရှိပဲ လမ်းကြောင်းနှစ်ခုပေါ်မှာ ခွထိုင်လျက်ရှိနေခြင်းကလည်း မွန်ပြည်သစ်ပါတီအတွက် အခက်တွေ့နေသည်။

“ KIA နဲ့ SSPP ကိစ္စက အခက်တွေ့နေတယ်။ဒီပြဿနာ မဖြေရှင်းနိုင်သေးတော့ NCA ကို သွားတဲ့အခါမှာ ဘယ်လိုမှ မပေါက်မြောက်နိုင်ဘူး။ဒါကို ဖြေရှင်းနိုင်မှ ဖြစ်မယ်။ မဟုတ်ရင် မလွယ်ဘူး NCA ကို သွားရမှာ” ဟု UNFC မှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

မွန်ပြည်သစ်ပါတီသည် NCA ကို လက်မှတ်ရေးထိုးချင်ပေမယ့် လက်မှတ်ထိုး၍ မဖြစ်နိုင်သေးသည့် အကြောင်း အရင်းများကလည်း ရှိနေသေးသည်ကို ယခု NCA အပေါ် ချဉ်းကပ်နေသော လက်မှတ်မထိုးရသေးသည့် အဖွဲ့ များ၏ အခြေအနေကို ကြည့်ခြင်းဖြင့် မြင်တွေ့နိုင်ပါသည်။

NCA ကို မွန်ပြည်သစ်ပါတီ လက်မှတ်ထိုးမည်ဆိုလျှင် အကျိုးခံစားခွင့်များအနေဖြင့် အမျိုးသားအဆင့်နိုင်ငံ ရေး ဆွေးနွေးပွဲများကို ဦးဆောင် ကျင်းပခွင့်ရမည်ဖြစ်သကဲ့သို့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မှာ ပါဝင်ခွင့်ရမည်ဖြစ်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်၍ လူထုနှင့်လည်း တရားဝင်ထိတွေ့ခွင့်ရမည်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများလည်း တရားဝင် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

အလားတူ နိုင်ငံရေးဆွေးနွေးမှုများကို ထည်းထည်းဝင်ဝင် ပါဝင်ခွင့်ရမည်ဖြစ်ကာ ဆုံးဖြတ်ချက် ချမှတ်ရမည့် အပိုင်းများကိုလည်း ဆောင်ရွက်ခွင့်ရမည်ဖြစ်ကာ လူထုလိုအပ်ချက်နှင့် ၎င်းတို့အဖွဲ့အစည်း လိုအပ်ချက်များအား တင်ပြတောင်းဆို ခွင့်ရရှိနိုင်မည့်အပြင် မတရားအသင်းအဖြစ်မှ အစိုးရက ပယ်ပျက်ပေး၍ နိုင်ငံအတွင်း တရား ဝင် လွတ်လွတ် လပ်လပ်သွားလာ လှုပ်ရှားခွင့်ရမည်ဖြစ်သည်။

သို့သော် လက်မှတ်ထိုးလိုက်မည်ဆိုလျှင် UNFC အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်လာနိုင်ပြီး မဟာမိတ် ဆက်ဆံရေးများလည်း ထိခိုက်သွားနိုင်ကာ နောက်ပူးပေါင်းဆောင်ရွက်မှု အပိုင်းများ အားနည်းသွားနိုင်သည့် အခြေအနေ တစ်ရပ်ဖြင့် ရင်ဆိုင်ကြံုတွေ့ နိုင်သည်။

အဆိုပါ အခြေအနေများကို မွန်ပြည်သစ်ပါတီ NMSP လက်ရှိ ရင်ဆိုင်ကျော်ဖြတ်နိုင်ရေး အတွက် အကောင်းဆုံး နည်းလမ်းတစ်ရပ်အား ရှာဖွေရန် လိုအပ်လာခဲ့ပေသည်။ အကယ်၍ မွန်ပြည်သစ်ပါတီ အနေဖြင့် အစိုးရဘက်က WNO၊ ANC၊ LDU တို့ကိုပါ NCA လက်မှတ်ထိုးခွင့်ရ မည်ဆိုလျှင် KNPP ဖြင့် ပူးပေါင်း ဆောင်ရွက်ပြီး လက်မှတ်ထိုးရေး လမ်းကြောင်းပေါ်သို့ တက်လာနိုင်ကာ အကျပ်အတည်း တချို ့အား ကျော်လွှား နိုင်မည်ဖြစ်သည်။

အစိုးရဘက်က WNO၊ ANC၊ LDU တို့အား ယခင် အစိုးရက ချမှတ်ခဲ့သော သဘောထားဖြစ်သည့် လက်မှတ် ထိုးခွင့်မပြုပဲ နိုင်ငံရေးဆွေးနွေးပွဲသို့ တိုက်ရိုက် တက်ခွင့်ပေးမည်ဆိုသော အခြေအနေဖြင့်သာ ဆက်သွားမည် ဆိုလျှင် မွန်ပြည်သစ်ပါတီ အနေဖြင့် NCA လက်မှတ်ထိုးရေး လမ်းကြောင်းပေါ်သို့ တက်ရောက်ရန် အခက်အခဲ ရှိပြီး ၎င်းအနေဖြင့်လည်း ထိုလမ်းကြောင်းကိုရွေးချယ်ရန် စဉ်းစားမည်ဟု မထင်မိပေ။

ထိုသို့ဆိုလျှင် KIA နှင့် SSPP ဘက်ကလည်း ၎င်းတို့ကို အပြစ်တင်မည် မဟုတ်ပဲ သူတို့အတွက်လည်း တခြား ဘက်သို့ လွတ်လွတ်လပ်လပ်သွားရောက်နိုင်မည်ဖြစ်ကာ အပြန်အလှန် နားလည်မှုဖြင့် NCA လမ်းကြောင်းကို မတူညီသည့် ပုံစံဖြင့် ချဉ်းကပ်ကြမည်ဖြစ်သည်။

KIA နှင့် SSPP တို့သည် NCA လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သေးသည့်အတွက်လည်း UWSA ဦးဆောင် မည့် ကော်မတီသို့ ပါဝင်ခဲ့ခြင်းဖြစ်ပြီး UNFC မှ တဖြေးဖြေးချင်း ရှောင်ပယ်လာခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် အလုံးစုံ ရှောင်ပယ်၍လည်း မဖြစ်သေးပေ၊ အဘယ်ကြောင့်ဆိုသော် NCA စတင် ဆောင်ရွက်လာကတည်းက ို ချဉ်းကပ်ခဲ့သော အဖွဲ့အစည်းဖြစ်ကာ မဟာမိတ်ဆက်ဆံရေး မပျက်ပြားရေးအတွက်လည်း ၎င်းတို့ ကိုယ်တိုင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် NCA အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာ ဖွေရန် လိုအပ်လာပြီး ပြတ်သားသော ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ရန်လိုအပ်လာသည်။ခေါင်းဆောင်လုပ် သူသည် ဆုံးဖြတ်ချက် ချမှတ်သည့်အခါ ပြတ်သားရန် လိုအပ်ပြီး တချို ့သော အရာများမှာ အရဲစွန့်ရန်လည်း လိုအပ်ပေသည်။

ဥပမာ- ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ငြိမ်းချမ်းရေးစတင် ဆောင်ရွက်ခဲ့ စဉ်ကာ အရဲစွန့်၍ ဆုံးဖြတ်ချက် ချမှတ်ပြီး လက်မှတ်ထိုးကာ ယနေ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်လျက်ရှိသော အခြေအနေကို မြင်တွေ့နိုင်သကဲ့သို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် အရဲစွန့်ခဲ့ရာမှာ ယနေ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေသော အခြေအနေများကိုလည်း လေ့လာကြည့် ခြင်းဖြင့် မြင်တွေ့နိုင်ပါသည်။

၂၀၁၇ ခုနှစ်၊ဧပြီ ၂၈ ရက်တွင် ထိုင်းနိုင်ငံ၌ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC မှ အလုပ်အဖွဲ့ DPN တို့ လက်မှတ်ထိုးနိုင်ရေး တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး ရလဒ်ကောင်းပါက မွန်ပြည်သစ်ပါတီနှင့်အတူ DPN ဖွဲ့ဝင် ရ ဖွဲ့အနက် အနည်းဆုံး ၅ ဖွဲ့NCA လမ်းကြောင်းပေါ်သို့ ပါဝင်လာနိုင်လိမ့်မယ်လို့ ရှုမြင်မိပါသည်။

(***မွန်သတင်းအေဂျင်စီ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏အမြင်သာ ဖြစ်ပါသည်)

Most read this week

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...