“စာယဉ်က အစိုးရအဖွဲ့ လက်အောက်ခံ အဖွဲ့အစည်းမဟုတ်ဘူး” - ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးနှင့် တွေ ့ဆုံခြင်း

“စာယဉ်က အစိုးရအဖွဲ့ လက်အောက်ခံ အဖွဲ့အစည်းမဟုတ်ဘူး” - ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးနှင့် တွေ ့ဆုံခြင်း
by -
ကေအိုင်စီ
ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီးတဦးအနေဖြင့် အစိုးရသက်တမ်းတစ်နှစ်အတွင်း ကရင့်ရေးရာ လုပ်ဆာင်ချက်များ နှင့် ပတ်သက်၍သော်လည်းကောင်း၊ တိုင်းဒေသကြီးကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ပြန်လည် ဖွဲ့စည်းပြီး ဥက္ကဌ တာဝန် ထမ်းဆောင်မည့် အခြေအနေများအပေါ် ၎င်းတိုင်းဒေသကြီး၏ ကရင့်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးနှင့် ကေအိုင် စီ သတင်းအယ်ဒီတာ စောထွန်းလင်း တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး ။   ။ ပထမဆုံးအနေနဲ့ ဝန်ကြီးရဲ့ တစ်နှစ်တာ ကရင့်ရေးရာ လုပ်ဆောင်ချက်တွေကို အနှစ်ချုပ် ပြောပြပေးပါ။ ကြံုတွေ့ ခဲ့တဲ့ အခက်အခဲတွေကိုလည်း ပြောပြပေးပါ။

ဖြေ။    ။ ပြီးခဲ့တဲ့နှစ် ဧပြီ တစ်ရက်နေ့ကနေစပြီးတော့ ယနေ့အချိန်ထိ ကျမ လုပ်ဆောင်ခဲ့တဲ့အရာတွေမှာ နံပါတ် ၁ က ပထမဦး ဆုံး ရန်ကုန်တိုင်းထဲမှာ ကရင်စာ စသင်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ မြို့နယ် ၈မြို့နယ်ကိုပဲ သင်ကြားနိုင်ခဲ့တယ်။ ၈မြို့နယ်ထဲက ကျောင်းအားလုံးတော့ မဟုတ်ဘူး။ ကျောင်းတစ်ချို့တစ်ဝက်ကိုပဲ သင်ကြားနိုင်ခဲ့တယ်။ သင်ကြားမဲ့ ဆရာ၊ ဆရာမ မလုံလောက် တာလည်း ပါတယ်။ ဥပမာ တွံ့တေးမြို့နယ်ဆို ၂၈ကျောင်းပဲ သင်ကြားနိုင်ခဲ့တယ်။ ဒီလာမဲ့နှစ်မှာ ၄၂ကျောင်းအထိ တိုးလာမယ် သင်ကြားမဲ့ကလေးတွေကလည်း တစ်သောင်းကျော်သွားပြီး။ သင်မဲ့ ဆရာ၊ ဆရာမတွေကိုလည်း မွမ်းမံသင်တန်းပေးထားတာ ၄၀၈ဦးရှိပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ်မှာ ကရင်စာ စသင်ကြားနိုင်ဖို ့ စီမံဆောင်ရွက်ပေးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

စာပေသင်ကြားရေး စီမံဆောင်ရွက်ပြီးတာနဲ့ ကျမတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တစ်တိုင်းလုံးမှာ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တယ်။ ဘတ်ဂျက်(အသုံးစရိတ်)ကို တိုင်းဒေသကြီးအစိုးရဆီမှာ တရားဝင် တင်တောင်းနိုင်ခဲ့တယ်။ အထူးသ ဖြင့် တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ ရန်ကုန်အရှေ့ခြမ်း အကုန်လုံးကျင်းပနိုင်ခဲ့တယ်။ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနဲ့ တွံတေး လေးမြို့နယ်ပူးပေါင်းပြီးတော့ ကျင်းပတယ်။ မှော်ဘီ၊ ထန်းတပင်က တစ်မြို့နယ်ချင်းစီ ကျင်းပနိုင်ခဲ့တယ်။ ရန်ကုန်အရှေ့ပိုင်းမှာ သာကေတမြို့နယ်မှာ ကျင်းပနိုင်ခဲ့တယ်။ မြောက်ဥက္ကလာ၊ အင်းစိန်၊ အလုံမှာ ကျင်းပနိုင်ခဲ့တယ်။ စသဖြင့် တစ်တိုင်းလုံးအနေနဲ့ စည်စည်ကားကားဖြစ်အောင် ကျင်းပနိုင်ခဲ့တယ်။

ပ့ံပိုးပေးမှုအနေနဲ့က ငွေရေးကြေးရေး ပံ့ပိုးမှုအပြင်ကို စာယဉ်အဖွဲ့တွေကို ဘာမှချုပ်နှောင်ခြင်းမရှိဘဲနဲ ့စိတ်တိုင်းကျ ပေးဖွဲ့ခဲ့တယ်။ ပေးဖွဲ့လိုက်တဲ့ စာယဉ်အဖွဲ့တွေကို ဘတ်ဂျက်ချပေးပြီးတော့ ဒီစာယဉ်အဖွဲ့တွေသည် နှစ်သစ်ကူးကို ဦးဆောင် ကျင်းပနိုင်ခြင်းရှိမရှိ စောင့်ကြည့်လေ့လာခဲ့တယ်။ တချို့မြို့နယ်တွေက လုပ်ဆောင်နိုင်စွမ်းရှိသလို တချို့မြို့နယ်တွေက လုပ် ဆောင်နိုင်စွမ်း နည်းနေသေးတာကိုလည်း တွေ့ရတယ်။ လူကြီးလူငယ် ပေါင်းစပ်မှုအား တအားနည်းသွားတဲ့ မြို့နယ်တွေကို လည်း တွေ့ရှိရတယ်။ ဒါက အရည်အသွေးတွေကို စမ်းသပ်ကြည့်လိုက်တဲ့ သဘောပဲ။ ပူးပေါင်းပြီးတော့လုပ်တဲ့အခါ ပူးပေါင်းပြီး မလုပ်ဆောင်နိုင်တော့တဲ့ လူမျိုးတွေထွက်လာသလို၊ လုံးဝကို ဦးဆောင်မှုပေးနိုင်တဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေ ထွက်လာတာကို လည်း တွေ့ရတယ်။

မေး။    ။ နှစ်သစ်ကူးနဲ ့ စာယဉ်တွေကို အစိုးရ ဘတ်ဂျက်ချထားပေးတာ တွေ့ရတယ်။ ရေရှည်အတွက်ရော ဘယ်လိုစဉ်းစားလုပ် ဆောင်နေလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ။    ။ ဒီနှစ်သစ်ကူးပွဲတော်ကျင်းပဖို ့အတွက် ဘတ်ဂျက်ကို ထောက်ပံ့ပေးရုံ တစ်ခုတည်း မဟုတ်တော့ဘဲနဲ့ စာပေယဉ်ကျေးမှု တွေကို ထောက်ပံ့ပေးတဲ့ ငွေကြေးထဲက အစိတ်အပိုင်းတစ်ခု ၁၀ရာခိုင်နှုန်း၊ ၁၅ရာခိုင်နှုန်းလောက် ငွေကြေးထောက်ပံ့မှုတစ်ခု ကို စာပေယဉ်ကျေးမှုပိုင် ပစ္စည်းတစ်ခုအနေနဲ့ ကျန်ခဲ့အောင် စီစဉ်ပေးခဲ့တယ်။ ဥပမာ - တောင်ပိုင်းခရိုင်မှာ နှစ်သစ်ကူးပွဲတော် ဆိုရင် ငွေသားအနေနဲ့ သိန်း ၂၅၀ ထောက်ပံ့ပေးရုံမကဘဲနဲ ့ ဖားစည်တစ်လုံး နောက်ပြီး ထိုင်ခုံအလုံး တစ်ထောင်ကို တောင် ပိုင်းခရိုင် နှစ်သစ်ကူးကော်မတီရဲ့ အပိုင်ပစ္စည်းအဖြစ် ဝယ်နိုင်အောင် ကြိုးပမ်းပေးခဲ့တယ်။

ဘာဖြစ်လို့လည်းဆိုရင် ကျမတို့ ကရင်တိုင်းရင်းသားများသည် အမြဲတမ်းနိုင်ငံတော်ရဲ့ ဘတ်ဂျက်၊ သူတပါးရဲ့ ဘတ် ဂျက်ကို မျှော်မှန်းနေတာမျိုးမဟုတ်ဘဲနဲ ့ကိုယ့်အားကိုယ်ကိုးပြီးတော့ ကိုယ့်ယဉ်ကျေးမှုကို ဖော်ထုတ်နိုင်တဲ့လူမျိုးတစ်မျိုး ပုံစံမျိုး ကို သွားချင်တယ်။ ဘယ်လူမျိုးကိုမှ မမှီခိုဘဲနဲ ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့ စာယဉ်အဖွဲ့တွေ ဖြစ်စေချင်တယ်။ ဒါကြောင့် စာယဉ်အဖွဲ့တိုင်းမှာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ရှိသင့်တယ်။

ဥပမာ - ပွဲတော်ကျင်းပဖို ့ မိုက်တွေ၊ စပီကာတွေ၊ မီးစက်တွေ၊ ဒီပစ္စည်းတွေကို သယ်ယူပို ့ဆောင်ဖို့အတွက် ထရပ်ကား တွေ ပြီးလို့ရှိရင် ဒီအခမ်းအနားတွေကျင်းပဖို့အတွက် အထွေထွေ လိုအပ်တဲ့ပစ္စည်းတွေ စသဖြင့် ဒီလိုပစ္စည်းတွေက စာပေယဉ် ကျေးမှုအဖွဲ့တိုင်းမှာ မရှိမဖြစ်ပစ္စည်းတွေအဖြစ် လာမဲ့ လေးနှစ်အတွင်းမှာ ဖြည့်ဆည်းသွားမှာဖြစ်တဲ့အတွက် ဒီပြီးခဲ့တဲ့ ကနဦး အစကနေပြီးတော့ မြို့နယ် တော်တော်များများကို စပြီး မိုက်နဲ ့စပီကာနဲ ့မီးစက်ကို ဝယ်ပေးပြီးဖြစ်ပါတယ်။ အဲ့တော့ ပိုက်ဆံတစ် ခုကို ပေးလိုက်ရင် ဒီအတိုင်း သုံးလိုက်တာကို မလိုအပ်ဘူး။ အဖတ်တင်မဲ့ ပစ္စည်းတစ်ခုခုကို မြို့နယ်၊ စာပေယဉ်ကျေးမှုပိုင်း ပစ္စည်းတစ်ခုခုအနေနဲ ့ဝယ်ပြီးတော့ ထားခဲ့ပေးတယ်။ ဥပမာ ထိုင်ခုံတွေဆိုရင် ကျမတို ့ ကရင်တိုင်းရင်းသားတွေမှာ သာရေး၊ နာရေးရှိလာရင် ပြင်ပမှာ သွားငှားလို့ရှိရင် ခုံတစ်လုံးကို ၂၀၀ကျပ်ပေးရတယ်ဆိုရင်၊ စာယဉ်အဖွဲ့က ၁၀၀ နဲ ့ငှားမယ်၊ စာယဉ် လည်း ဝင်ငွေရှိလာမှာဖြစ်သလို ကျမတို့ ကရင်တိုင်းရင်းသားတွေလည်း စျေးနှုန်းချိုသာစွာနဲ့ ကိုယ့်စာယဉ်အဖွဲ့ကနေ ငှားနိုင်မှာ ဖြစ်ပါတယ်။ ဒါသည် ကိုယ့်လူမျိုးအချင်းချင်းပဲ ပြန်လည်အကျိုးပြုနိုင်မဲ့ စီးပွားရေးပုံစံတစ်ခုကို တည်ထောင်ပေးခြင်းပဲ ဖြစ်ပါ တယ်။

ဒီလိုရလာတဲ့ ဝင်ငွေသည် နှစ်ကုန်လို့ရှိရင် စာပေယဉ်ကျေးမှုကော်မတီတွေရဲ့ သွားစရိတ်လာစရိတ်တွေကို ဒီဝင်ငွေထဲ က ပြန်သုံးစေချင်တယ်။ ဆိုတဲ့အခါကျတော့ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို အမြဲတမ်း မှီခိုနေရတာ မဟုတ်ဘဲနဲ့ စာယဉ်အဖွဲ့တွေမှာ ကရင်တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အရာမှန်သမျှဟာ စာပေယဉ်ကျေးမှုအဖွဲ့တွေမှာ ပိုင်နေရမယ်။ မြို့နယ်တိုင်းမှာ ရှိကိုရှိ နေရမယ်ဆိုတာကို လာမဲ့ ငါးနှစ်အတွင်းမှာ အပြီးအပြတ် အကောင်အထည်ဖော်နိုင်အောင် ပြီးခဲ့တဲ့ တစ်နှစ်ထဲက စတင် အကောင်အထည်ဖော်နေခြင်း ဖြစ်တယ်။

အဲ့တော့ ထန်းတပင်မှာ ကျမ ဖားစည်တစ်လုံး ဝယ်ပေးခဲ့တယ်။ ထန်းတပင်နဲ ့ တိုက်ကြီးမြို့့နယ်အတွက် အသံပိုင်းအတွက် စပီ ကာတွေရယ်၊ မိုက်တွေရယ်၊ မီးစက်တွေရယ် ဝယ်ပေးခဲ့တယ်။ ဒါသည် ဆိုင်ရာ ယဉ်ကျေးမှုအပိုင်ပစ္စည်းတွေ ဖြစ်သွားမှာ ဖြစ်ပါ တယ်။

မေး ။   ။ ရန်ကုန်တိုင်းအတွင်းမှာ အလွှာစုံ ကရင်တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ ဝန်ကြီးက မျက်နှာသစ်တစ်ဦးလိုလည်း ဖြစ်နေတော့ သူတို့ကို ဘယ်လိုစည်းရုံးလုပ်ဆောင်နိုင်ခဲ့သလဲ။ အခက်အခဲတွေကိုလည်း ပြောပြပါဦး။

ဖြေ။    ။ ကျမ တော်တော်လေး အခက်အခဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမ ဒီဒေသခံလည်း မဟုတ်တဲ့အတွက် ကြောင့်မို့လို့ ဒီက ကရင်အသိုင်းအဝိုင်းနဲ့ ကျမမှာ အသိမိတ်ဆွေ မရှိပါဘူး။ သို့သော်ငြားလည်း ရွေးကောက်ပွဲကို ဝင်လာက တည်းက ကရင်လူမျိုးတွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေးမယ်ဆိုတဲ ့ ရည်ရွယ်ချက်တစ်ခုပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျမသည် လူအများကြီးနဲ ့ပေါင်းလို့ရပါတယ်။ ကျမသည် ဒီကရင်တိုင်းရင်းသားတွေဘက်က ဘာမျှော်လင့်ချက်မှ မရှိဘူး။ ကျမ ကပဲ လုပ်ပေးဖို ့စိတ်ဆန္ဒရှိတဲ့အတွက်ကြောင့် အခြားသောပါတီက ကရင်တိုင်းရင်းသားပဲဖြစ်ဖြစ် လာတဲ့နောက်ခံအကြောင်းကို မကြည့်ပါဘူး။ သူသည် ကရင်တိုင်းရင်းသား မှန်ရင်ပြီးပါပြီး။ အဲ့ဒါကြောင့် အားလုံးနဲ့ ပြောဆိုဆက်ဆံရတာ လွယ်ကူလာတယ်။ ကျမရဲ့ စေတနာအမှန်ကိုလည်း ဒေသခံက သိလာတယ်။ သိလာတဲ့အတွက်ကြောင့်  ဒီတစ်နှစ်အတွင်းမှာ အခက်အခဲမျိုးစုံ တွေ့ သော်ငြားလည်းပဲ နောက််ဆုံးတော့ ကျမကို လက်ခံနိုင်တဲ့ အခြေအနေတစ်ခုအထိ ရောက်လာပါပြီး။

မေး ။   ။ အခု လတ်တလောမှာပဲ ဝန်ကြီးက တိုင်းစာယဉ် ဥက္ကဌနေရာ ပြန်ယူလိုက်တဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါဦး။ ပြီးတော့ တိုင်းစာယဉ်ရဲ့ ရှေ့လုပ်ငန်းစဉ်ကိုလည်း ဥက္ကဌတစ်ဦးအနေနဲ ့ရှင်းပြပေးပါ။

ဖြေ။    ။ တိုင်းစာယဉ် ဥက္ကဌအဖြစ် ရယူတဲ့နေရာမှာ အကုန်လုံးကို ကျမ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ မေးပါတယ်။ အရင် မြို့ နယ်အလိုက် စာယဉ်တွေကို စိတ်တိုင်းကျ ပေးရွေးချယ်စေခဲ့တယ်။ မူတစ်ခုတော့ ပေးလိုက်တယ်၊ တကယ်လုပ်နိုင်တဲ့သူ ဖြစ်ရ မယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ် အလုပ်လုပ်ရတော့မှာဖြစ်လို ့ ဥက္ကဌ ရာထူးယူထားပြီးတော့ ကျန်းမာရေးအရသော် လည်းကောင်း၊ တကယ်လို့ ဘာမှမလုပ်နိုင်ဘူးဆိုရင် အတွေ့အကြံုအများကြီးရှိသော်လည်းပဲ နာယကအနေနဲ့ထား၊ တကယ် လုပ်နိုင်သူနဲ့ပဲ ရှေ့ဆက်လုပ်ချင်တယ်။

မြို့နယ်အလိုက် ဖွဲ့ပြီးတဲ့ စာရင်းတွေ ကျမကို လာပေးကြပါတယ်။ စာရင်းတွေမှာ နှစ်သစ်ကူးတုန်းက တက်တက်ကြွကြွ လုပ်ခဲ့တဲ့သူ တော်တော်များများပါတာကို တွေ့ရှိရပါတယ်။ မြို့နယ်အသီးသီးကို ကျမ အစည်းအဝေး ခေါ်တယ်။ ပြီးတော့ ခရိုင် ဥက္ကဌနဲ့ အတွင်းရေးမှူးကို ရွေးချယ်တယ်။ အားလုံးရှေ့မှာပဲ မတ်တတ်ရပ်ပြီးတော့ မြို့နယ်တစ်ဖွဲ့ချင်းစီကို မိတ်ဆက်ပါတယ်။ ကန့်ကွက်ရန်မရှိမေးပြီး ခရိုင်အဆင့် ထပ်ဖွဲ့တယ်။ ဘယ်သူကို တာဝန်ပေးမလဲဆိုတာကို အဆိုပြုခိုင်းပါတယ်။ ကျမက အဆိုမပြု ပါဘူး။ တက်ရောက်လာတဲ့သူတွေကပဲ အဆိုပြု ရွေးချယ်တာပါ။

ခရိုင်အဆင့်ပြီးတော့ တိုင်းဥက္ကဌကို ရွေးချယ်ဖို ့ဖြစ်လာတယ်။ ကျမ လမ်းနှစ်သွယ် ချပြပါတယ်။ နံပါတ်တစ်က ဒီခရိုင် ဥက္ကဌတွေထဲကမှ တိုင်းဥက္ကဌတစ်ယောက်ကို ရွေးမလား၊ ဒါမှမဟုတ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး တာဝန်ကို ယူထားတဲ့ သူကပဲ စာပေယဉ်ကျေးမှု ဥက္ကဌအဖြစ် လုပ်ဆောင်စေချင်လာဆိုတာကို ပြောပါတယ်။ တကယ်လို့ ရေးရာဝန်ကြီးကပဲ ဥက္ကဌ လုပ်မယ်။ ဒီငါးနှစ်ပြီးသွားရင် နောက်ထပ် ၅နှစ် ဝန်ကြီးတစ်ယောက် ထပ်တက်မယ်ဆိုရင် ကျမက နာယက ရာထူးကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမူနဲ ့သွားမလား။ ပွင့်ပွင့်လင်းလင်း မေးပါတယ်။ မေးတဲ့အခါမှာ အကုန်လုံး ထပြောပါတယ်။ စာယဉ် ဥက္ကဌကို ဝန်ကြီးပဲ ဦးဆောင်သင့်ပါတယ် ဆိုပြီးတော့ အဆိုပြုကြလို ့ကျမက စာယဉ်ဥက္ကဌကို တာဝန်ယူရပါတယ်။

တာဝန်ယူလိုက်တဲ့နေရာမှာလည်း ကျမ ရှင်းပြပါတယ်။ အရင် စာပေယဉ်ကျေးမှုအဖွဲ့တွေလို ကိုယ့်ရှိတဲ့ ပိုက်ဆံလေးနဲ့ လုပ်နေရတဲ့ အဖွဲ့အစည်း မဟုတ်တော့ဘူး။ ဖွဲ့စည်းပုံဇယားကို ကက်ဘိနက်(အစိုးရအဖွဲ့)မှာ အတည်ပြုပြီးတော့ ဒါသည် ကျမနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှာ အတည်ပြုပြီးတော့ စာပေယဉ်ကျေးမှုဌာနနဲ့ အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဌာန ရှိမယ်။ ရှေ့ဆက်ပြီးတော့ လက်တွဲလုပ်ဆောင်သွားရတော့မှာ ဖြစ်တယ်။ အစိုးရနဲ ့လက်တွဲပြီးတော့ တရားဝင် လုပ် သွားရမဲ့အဖွဲ့ ဖြစ်လာမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ငွေရေးကြေးရေးကဏ္ဍကအစ မြို့နယ်အလိုက် စာယဉ်တွေကို ဘဏ်စာရင်း ဖွင့်ခိုင်းထားပါတယ်။ နိုင်ငံတော်က ပံ့ပိုးမှုမှန်သမျှကို ဘဏ်စာရင်းထဲကို ငွေသွင်းပြီး စနစ်တကျ သုံးစွဲတာတွေ လုပ်သွားမယ်။

စာယဉ်အဖွဲ့က မှတ်ပုံတင်ရရှိရေး လုပ်ဆောင်တော့မှာပဲဖြစ်ဖြစ်၊ နောက်လာမဲ့သင်တန်းတွေပဲဖြစ်ဖြစ်၊ ရိုးရာပွဲတွေပဲဖြစ် ဖြစ် ဦးဆောင်ပြီးတော့ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဦးဆောင်ပြီးလုပ်တဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ မြို့နယ်၊ အုပ်ချုပ် ရေးမှူးတွေ၊ မြို့နယ် ပညာရေးမှူးတွေ ချိတ်ဆက်လုပ်သွားရမှာဖြစ်တယ်။ အရင် အနေအထားနဲ ့မတူတော့ဘူးဆိုတာ အကုန်လုံး ကို ရှင်းပြတယ်။ ဒါကြောင့်မို့လို့ အစိုးရတစ်ရပ်မှာ တာဝန်ယူနေတဲ့သူတစ်ယောက်က စာယဉ်မှာ ဥက္ကဌ ဖြစ်ရတယ်ဆိုတဲ့ အဓိက အကျိုးကျေးဇူးကို ရှင်းပြတဲ့အခါ အကုန်လုံးလည်း လက်ခံသဘောပေါက်သွားပါတယ်။ ဥပမာ မှတ်ပုံတင်ကိစ္စ စာယဉ်က စာ ထုတ်လိုက်ရင် ဆိုင်ရာ မြို့နယ် လဝကနဲ့ စာယဉ်က ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ရမှာ။

အဲ့တော့ ကျမတို ့ကရင်တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့သည် ဂုဏ်ရှိလာတယ်။ ပါဝါရှိလာတယ်။ အဖွဲ ့ဖွဲ့ထားပြီး တော့ ဒီလူက ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ လုပ်ပိုင်ခွင့်ရှိအောင်လည်း မဖန်တီးထားသေးဘူးဆိုရင် ဒါသည် အလကားအဖွဲ့အစည်း ဖြစ်သွားမယ်။ ဘယ်သူမှ မရိုသေတဲ့ အဖွဲ့အစည်း ဖြစ်သွားမယ်။ အခုက ဒီလိုပုံစံမဟုတ်ပါဘူး။ ဝန်ကြီးတစ်ပါးကိုယ်တိုင်က ဦးဆောင်တဲ့ စာပေယဉ်ကျေးမှု အဖွဲ့အစည်းတခု ဖြစ်ပါတယ် ဆိုတဲ့အခါကျတော့ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ဝန်ကြီးတစ်ပါးက ဦးဆောင်တဲ့ စာပေယဉ်ကျေးမှုအဖွဲ့ကြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်မယ်။ မီးမရဘူး။ ရေမရဘူး ဆိုတာကို စာယဉ်အဖွဲ့ကနေ စာရင်းတင်ခိုင်းပြီး သက်ဆိုင်ရာ မြို့နယ်ထဲက စာယဉ်အဖွဲ့သည် အဆင့်တစ်ခုကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေက မလေးမစားလုပ်လို ့မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စာယဉ် ဥက္ကဌအ ဖြစ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ကျမရှိနေလို့ပဲ ဖြစ်ပါတယ်။

မေး ။   ။ အခု စာယဉ်တွေကို လူမှုအဖွဲ့အစည်းအနေနဲ့ပဲ အများက မြင်တယ်။ အခုဝန်ကြီးက ပြောပြသလိုမျိုး အစိုးရလုပ်ရမဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း စာယဉ်တွေက လုပ်မယ်ဆိုတော့ စာယဉ်က အစိုးရ လက်အောက်ခံ အဖွဲ့အစည်း ပုံစံမျိုးလား။

ဖြေ။    ။ စာယဉ်က အစိုးရလက်အောက်ခံ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ (Independent) လွတ်လပ်တဲ့ အဖွဲ့အစည်းပဲ။ တချို့မလုပ်နိုင်တော့ဘူးဆိုရင် ထွက်သွား။ အစိုးရလက်အောက်ခံ အဖွဲ့အစည်းဆိုရင် လစာပေးရမှာပေါ့။ အားလုံးက Volunteer ပါ။ ကိုယ့်လူမျိုးအတွက် လုပ်ချင်လို့ စာရင်းလာပေးကြတာပါ။ တစ်ယောက်ကိုမှ လစာပေးထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ စာယဉ်သည် အစိုးရလက်အောက်ခံ မဟုတ်ဘူး။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားမှာပါ။ အစိုးရ လက်အောက်ခံဆို လစာ၊ စရိတ်တခုခု ပေးရတော့မှာပါ။ ကျမခိုင်းတဲ့အတိုင်း အကုန်လုံးလုပ်ရတော့မှာပါ။ အခု Bottom up ပါ။ အပေါ်ကနေ ဘာအမိန့်မှပေးတာ မဟုတ်ဘူး။ အောက်ခြေက တောင်းဆိုတာကို ဖြည့်ဆည်းပေးရန်အတွက် ကျမနေနဲ ့အော်ဒါ ဆိုတဲ့ စာထွက်တာပါ။ ဥပမာ - ဒေသတခုသွားရင် လမ်းလုံးဝ မကောင်းဘူး။ လျှပ်စစ်မီး အရမ်း ရချင်တယ်၊ ဒေသက စာယဉ်အ ဖွဲ့က ကျမကို တောင်းဆိုလာရင် ကျမတို့ရဲ့ စာယဉ်အဖွဲ ့ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာနတွေကို လုပ်ပေးဖို့ အမိန့်စာ ထုတ်ပေးလိုက်မှာ ဖြစ်ပါတယ်။

မေး။    ။ အခု ဘဏ္ဍာနှစ်မှာ ဘယ်အပိုင်းတွေမှာ ဘယ်လောက်သုံးပြီး ဘာတွေလုပ်ဆောင်သွားဖို ့ရှိပါသလဲ။

ဖြေ။    ။ လက်ရှိ ဘဏ္ဍာနှစ်မှာ ကရင်စာသင်ဆရာဆရာမတွေကို မွမ်းမံ သင်တန်းပေးနိုင်အောင် ကြိုးပမ်းသွားမယ်။ နောက်ပြီး တော့ နှစ်သစ်ကူးပွဲတော်ကို ဒီလိုမျိုးပဲ မြို့နယ်တိုင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် ပံ့ပိုးကူညီပေးသွားမယ်။ ရန် ကုန်တိုင်းမှာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ငါးထပ်ကြီးဘုရားမှာ ကျင်းပတာရှိပေမဲ့ နယ်စပ်မှာလို ခမ်းခမ်းနားနားကြီး လုပ်တာမျိုး မရှိ သေးဘူး။ လာမဲ့နှစ်မှာတော့ ခမ်းခမ်းနားနား ကျင်းပနိုင်ဖို့အတွက် စာပေ ယဉ်ကျေးမှုအဖွဲ့တွေကို ကျမ ပံ့ပိုးပေးသွားမယ်။

နောက်တစ်ခုက ယဉ်ကျေးမှုအပိုင်းပေါ့။ ဒုံးအက၊ ဝါးညှပ် အက စသဖြင့် ဒီဘက်မှာ ကလေ့ ကထ မရှိတဲ့ဟာတွေကို ဖားအံ ဘက်က ဆရာတွေခေါ်ပြီး သင်တန်းပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ စာယဉ်အဖွဲ့တွေကို ကူညီပံ့ပိုးပေးနေတဲ့ လူငယ်တွေကို ရွေးချယ်ပြီးတော့ တခြားတိုင်းရင်းသားတွေ နေထိုင်တဲ့ ပြည်နယ်တွေကို လေ့လာရေးခရီးစဉ် လွှတ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ နောက် အလိုအပ်ဆုံးနဲ့  အရေးကြီးဆုံးကိစ္စက ဘာလဲဆိုရင် ကျမတို့ ကရင်တိုင်းရင်းသားတိုင်း အသက် ၁၈နှစ်ပြည့်ပြီးတော့ မှတ်ပုံတင်မရတဲ့ ကိစ္စဖြစ်ပါတယ်။ စာယဉ်တွေနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်လူမျိုးအမှန် မှတ်ပုံတင်ရအောင် ကျေးရွာအထိဆင်းပြီး လုပ်ဆောင်ပေးသွားမယ်။

နောက် ကရင်လူမျိုးတွေရဲ့သမိုင်းကို ပြုစုဖို့အတွက် ကော်မတီတစ်ခုဖွဲ့ဖို ့ကြိုးစားနေပြီးဖြစ်တယ်။ ကရင့်သမိုင်းလို့ ပြော တဲ့အခါမှာ နိုင်ငံရေးသမိုင်းတစ်ခုတည်း မဟုတ်ဘဲနဲ ့ စာပေ၊ ယဉ်ကျေးမှု သမိုင်းပါ ပါတဲ့ နိုင်ငံတကာကပါ မှီငြမ်းလို့ရတဲ့ သမိုင်း စာစောင်တစ်ခု ပေါ်ထွက်လာအောင် စတင် အကောင်အထည်ဖော်နေပြီး ဖြစ်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...