ကေအဲန်ယူ ဒုဥက္ကဌဟောင်း ပဒို နော်စီဖိုးရာစိန်၏ စကားလက်ဆောင်

ကေအဲန်ယူ ဒုဥက္ကဌဟောင်း ပဒို နော်စီဖိုးရာစိန်၏ စကားလက်ဆောင်
by -
ကေအိုင်စီ
“ကျမတို့ လုပ်ဖော်ကိုင်ဖက်တွေကို အားပေးလိုက်တာက စိတ်ပျက်ဖို့ မလိုပါဘူး” (၁၆) မြောက်  ကေအဲန်ယူ ကွန်ဂရက်အတွင် ကျင်းပသည့် ရွေးကောက်ပွဲအပြီးတွင် ဗဟို ကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတွင် ပြန်လည်ရွေးချယ်ခြင်းမခံတော့သည့် ၀ါရင့် ကေအဲန်ယူ၏ အမြင့်ဆုံးအမျိုးသမီးခေါင်းဆောင် ကေအဲန်ယူ ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ ကရင်ပြည်သူလူထုနှင့် အသစ်တက်လာသည့် ကေအဲန်ယူ ခေါင်းဆောင်များအတွက် စကားလက်ဆောင်အချို့ ကို ဖော်ပြလိုက်ပါတယ်။

၁၆ ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှာ ခေါင်းဆောင်သစ်တွေကို ရွေးချယ်တယ်။ အထူးသဖြင့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးချုပ်၊  တွဲဘက်အတွင်ရေးမှူး ၁နှင့် ၂တွေကို အသစ်ရွေးချယ်ခဲ့တယ်။ အမြဲတမ်းဗဟိုကော်မတီဝင် အသစ်ရွေးချယ်လိုက်တယ်။ လူဟောင်းတွေ ဖြစ်ကြတဲ့ ၁၅ကြိမ်မြောက် ကွန်ဂရက်မှာ အရွေးကောက်ခံခဲ့ရတဲ့ ဒုဥက္ကဌ၊ တွဲဘက် အတွင်းရေးမှူး ၁၊ ၂တွေကတော့ ရွေးချယ်တာ မခံရပါဘူး။ အဲသလိုပဲ အမြဲတမ်းကော်မတီဝင်ထဲမှာလည်း ကျမတို့က ရွေးချယ်ခြင်းမခံရဘူး။ ကျမတို့ကို မရွေးချယ်ပေမယ့် ကျမတို့ သဘောထားကတော့ ကျမတို့ အမျိုးသားရေး အလုပ်ဖြစ်တဲ့အတွက် ကျမတို့ကို ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ ကျမတို့ အမျိုးသားရေးအလုပ်ကတော့ နေရာတိုင်းမှာ ရှိပါတယ်။ အဲဒါကြောင့် ဘယ်အလုပ်ပဲ ဖြစ်ဖြစ် ကျမတို့ လုပ်နိုင်ပါတယ်။ ကျမတို့ အမျိုးသားရေးအတွက် လုပ်နိုင်ပါတယ်။ ဒါကြောင့် ဘာအခက်အခဲမှ မဖြစ်စေဘူးပေါ့နော်။

အခြေအနေအချို့  အထူးသဖြင့် အချို့သော အပြင်လူအချို့ က ကျမတို့ကို ခေါင်းမာတဲ့သူတွေ ဖြစ်ကြတယ်လို့ယူဆကြတယ်။ အနေအထားကတော့ ကျမတို့က ခေါင်းမာတဲ့လူအနေအထားမှာ ရှိတဲ့အတွက်ကြောင့် ဒီတစ်ကြိမ်မှာတော့ ကျမတို့ကို အမြဲတမ်း ဗဟိုကော်မတီဝင်ထဲမှာ ရွေးချယ်တာ မခံရဘူး။ သို့သော်လည်း ကျမတို့ ထင်တာကလေ အချို့သော နေရာတော်တော်များများက ပြည်သူလူထုတွေက ဒီရွေးကောက်ပွဲ အဖြေထွက်လာတဲ့အခါမှာ ကျမတို့ ပါ၀င်စေချင်တာ ရှိကြပါတယ်။ တော်တော် မျှော်လင့်ရှာကြပါတယ်။ အချို့သော ခေါင်းဆောင်တွေက ဒီရွေးကောက်ပွဲမှာ မပါ၀င်လာတဲ့အတွက် အချို့ လူတွေက စိတ်တွေပျက်ကြတယ်ဆိုတာ ကျမတို့ ကြားသိနေရပါတယ်။ သို့သော်လည်း ကျမတို့ ပြည်သူလူထုပဲ ဖြစ်ဖြစ်၊ ပြည်တွင်း၊ ပြည်ပမှာ ရှိကြတဲ့ ကျမတို့ လုပ်ဖော်ကိုင်ဖက်တွေကို အားပေးလိုတာက စိတ်ပျက်ဖို့ မလိုပါဘူး။ ကျမတို့ လုပ်နိုင်တဲ့ အမျိုးသားရေးအလုပ်ဆိုတာ အများကြီးရှိပါတယ်။ အမြဲတမ်းကော်မတီဝင်ထဲမှာ ဖြစ်စေ၊ ဗဟို အလုပ်အမှုဆောင်ထဲမှာ ကျမတို့ အရွေးမခံရပေမယ့် အမျိုးသားရေးအတွက် ကျမတို့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ ကျမတို့ လက်တွဲကြပြီးပူးပေါင်း လုပ်ဆောင်ကြမယ်။

နောက်တစ်ခု ပေးသိချင်တာက အချို့သော အထင်မှားတာ ရှိပါတယ်။ ကျမတို့က ခေါင်းမာတယ်။ ငြိမ်းချမ်းရေးကို မလိုလားဘူး။ ဒါက မမှန်ပါဘူး။ ကျမတို့က ရွေးကောက်ခံတာဖြစ်စေ၊ မရွေးကောက်ခံရတာ ဖြစ်စေ ကျမတို့ ငြိမ်းချမ်းရေး ချစ်မြတ်နိုးတဲ့လူတွေဖြစ်တယ်။ ကျမတို့ ပြည်သူတွေ ဖိနှိပ်မှု ဘဝက အမှန်တကယ် လွတ်မြောက်ချင်တယ်။ ကျမတို့ ပြည်သူတွေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရစေချင်ပါတယ်။ ကျမတို့ ပြည်သူတွေ စစ်အာဏာရှင် ဖိနှိပ်မှု ဘဝက အမှန်တကယ် လွတ်မြောက်ဖို့အတွက်က ကျမတို့ရဲ့ မျှော်မှန်းချက်ပါပဲ။ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အခုလုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို ကျမတို့က အားပေးတယ်။ ပြီတော့ အခု တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာဖို့ ကျမတို့ မျှော်လင့်တယ်။ အထူးသဖြင့် နိုင်ငံရေး မျှော်မှန်းချက်ကို ရရှိဖို့အတွက်က  ကျမတို့ စိတ်အားထက်သန် တယ်။ ကျမတို့ အမှန်တကယ် ကြိုးစားပမ်းစား လုပ်ခဲ့ပါတယ်။ ပြီးတော့ ကျမတို့ မျှော်မှန်းချက်နဲ့ မျှော်လင့်ချက်ပန်းတိုင်ရောက်ဖို့အတွက် ကျမတို့ စိုးရိမ်တာရှိပါတယ်။ ရန်သူရဲ့ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေ လမ်းကြောင်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတယ်။ ဒါကြောင့် အခုကျမတို့ သွားနေတဲ့ လမ်းကြောင်းက ကျမတို့စိုးရိမ်တယ်။ ရန်သူရဲ့ လှည့်ကွက်ထဲမှာ မျှောမနေဖို့ဖြစ်စေ၊ သွေးဆောင်ဖျားယောင်းမှုအောက်မှာ ကျမတို့ပါမသွားဖို့ ဖြစ်စေ ဒါတွေကို ကျမတို့ အများစုက စိုးရိမ်မှုတွေ ရှိကြပါတယ်။ သို့သော်လည်း ကျမတို့ ပြောချင်တာက ကျမတို့ အမှန်တကယ် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြတဲ့ သူတွေဖြစ်ကြပါတယ်။ စည်းလုံးညီညွတ်မှုကို လိုလားတဲ့အတွက် ကျမတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့  ကြိုးစားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၄ နှစ်အတွင်း၊ ရှစ်နှစ်အတွင်းမှာ တည်တောက်နေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုက ကျမတို့ မျှော်မှန်းချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒါက အခု အခြေအနေနဲ့ အချိန်အခါပဲဖြစ်ပါတယ်။

အထူးသဖြင့် အခု ရွေးကောက်ခံရတဲ့ ခေါင်းဆောင်သစ်တွေကို သူတို့ကို  ဆန္ဒပြု ဆုတောင်းပေးပါတယ်။ လေးနှစ်သက်တမ်းမှာ သွားဖို့ ဒီကွန်ဂရက်မှာ အမျိုးသားရေးတာဝန်ပေးခြင်းခံရတဲ့အတွက် လုပ်ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲတွေကတော့ ရှိကြမယ်ဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့ဆက်သွားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စေ၊ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့ ဖြစ်စေ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေကို အားပေးချင်တယ်။ ကျမတို့ သွားခဲ့တဲ့ လမ်းကြောင်းက တိုင်းရင်းသားလူမျိုးစုတွေနဲ့သွားခဲ့တယ်။ ကျမတို့တွေ အခြားတိုင်းရင်းသားတွေနဲ့ နည်းတူ အတူတကွ ဖိနှိပ်ခြင်းခံခဲ့ရတယ်။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ အခက်အခဲ၊ နိုင်ငံရေးအခက်အခဲတွေဟာ  ကျမတို့ ကရင်တိုင်းရင်းသားတွေလည်း အတူတကွ ဖိနှိပ်ခံရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ရှေ့ဆက် အတူ သွားဖို့အတွက် ကျမတို့ လမ်းကြောင်းရှာကြမယ်။ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ကျမတို့ တိုင်းရင်းသားတွေ အတူတကွ ရရှိဖို့အတွက် ခေါင်းဆောင်တွေကို အားပေးချင်တယ်။ ပြီးတော့ ကျမအားပေးချင်တာက ဘယ်လိုပဲဖြစ်ပါစေ ၁၆ကြိမ်မြောက် ကွန်ဂရက်က ချမှတ်ထားတဲ့၊ ကေအဲန်ယူချမှတ်ထားတဲ့ အခြေခံလမ်းစဉ်တွေဖြစ်စေ တစ်ဆင့်ချင်းတစ်ချင်း အတူသွားကြပြီးတော့ ပြည်သူတွေအတွက် အတူတကွ သွားကြမယ်။ ပြည်တွင်း၊ ပြည်ပ ဆက်စပ်မှုများလာဖို့အတွက် ကျမတို့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် အတိုင်းသွားမယ်ဆိုရင် ကျမတို့ လိုလားတဲ့ အတိုင်း ဖြစ်လာမှာဖြစ်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...