“ကိုဗစ်အရေး ဆောင်ရွက်တဲ့နေရာမှာ အစိုးရက အားထည့်သင့်သလောက်မထည့်ဘူး’’

“ကိုဗစ်အရေး ဆောင်ရွက်တဲ့နေရာမှာ အစိုးရက အားထည့်သင့်သလောက်မထည့်ဘူး’’

Zomi Covid-19 Respond Committee ဥက္ကဌ Ko Lian Tuang နှင့်အင်တာဗျူး

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားလာတဲ့အချိန်ကစပြီး ချင်းပြည်နယ်မှာ တီးတိန်မြို့နယ်က ၎င်းရောဂါကူးစက်ခံရမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်ပါတယ်။ လက်ရှိမှာလည်း တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅၄ ဦး ဆေးဝါးကုသမှုယူနေကြဆဲဖြစ်သလို တီးတိန်မြို့နယ်ထဲက အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ တွီးထန်ကျေးရွာဟာလည်း ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှုမြင့်တက်နေတာကြောင့် Lockdown ချထားရတဲ့ အနေအထားမှာရှိနေပါတယ်။ ထိုအခြေအနေမျိုးတွင် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲကြုံရလဲ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုက ဘယ်လိုရှိလဲ စတဲ့အကြောင်းအရာပတ်သက်ပြီး ကိုဗစ်-၁၉ ထောက်ပံ့ရေးလုပ်ငန်းတွေ ထည်ထည်ဝင်ဝင်ဆောင်ရွက်နေတဲ့ Zomi Covid-19 Respond Committee ဥက္ကဌ Ko Lian Tuang ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - အခု အစ်ကိုတို့ ကိုဗစ်- ၁၉ ထောက်ပံ့ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့အပိုင်းကို အရင်ဆုံးသိချင်ပါတယ်။

Ko Lian Tuang - နှစ်ပိုင်းခွဲချင်ပါတယ်။ တစ်ပိုင်းတော့ ကိုဗစ်စဖြစ်ဖြစ်ချင်းတော့ ကျွန်တော်တို့ကလေးမြို့က ချင်းပြည်နယ်အတွက် တထောက်နားတဲ့နေရာဖြစ်တဲ့အခါကျတာ့ ချင်းပြည်နယ်ရဲ့လိုရာ၊ လိုအပ်သလိုအသုံးခံဖို့ ကလေးမြို့မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကို စုပြီး ကျွန်တော်တို့ စုစည်းထားတယ်၊ လုပ်လည်းလုပ်တယ်၊ ကလေးမြို့မှာ ဖြစ်နေတဲ့အဖြစ်အပျက်ကိုလည်း ကျွန်တော်တို့ ကလေးမြို့မှာရှိတဲ့ လူမှုရေးအသင်းတွေပြီးတော့ ကျန်းမာရေး၊ DC၊ ထွေအုပ်တွေ အားလုံးပေါင်းပြီးေတာ့ ဒီမှာလည်းလုပ်တယ်။ တဖက်မှာလည်း ချင်းပြည်နယ်ရဲ့ လိုအပ် ချက်တွေကိုလည်း တဖက်တလမ်းကနေ တတ်နိုင်သလောက်လုပ်တယ်။ အထူးသဖြင့် ကျွန်တော်တို့က ဒီမှာရှိတဲ့အခါကြတော့ ချင်းပြည်နယ်က စိတ်ထဲမှာ အဓိကရှိပြီးတော့ ကြိုးစားကြတာပေါ့နော်။ အဲ့တာ ကျွန်တော်တို့ စဖြစ်ဖြစ်ခြင်းက အဲ့လိုဖြစ်တယ်။ အခုနောက်ပိုင်းကျတော့ ကိုဗစ်ကလည်း အမြဲတမ်း အရှိန်ရလာတဲ့အခါကြတော့ ကလေးမြို့တခွင်လုပ်မယ်၊ တီးတိန်၊ ကျီးခါး၊ တွန်ဇံ၊ အထူးသဖြင့် ချင်းပြည်နယ်မြောက်ပိုင်းကနေဝင်လာတဲ့ အိန္ဒိယဖက်ကလာတဲ့ တံခါးပေါက်ကြီးကို လုံခြုံဖို့အတွက်ကိုအထူးသြဖင့်ကြိုး စားပြီးတော့လုပ်နေတယ်။

မေး - အစ်ကိုတို့အနေနဲ့ ကိုဗစ်ဖြစ်တဲ့နေရာတွေကိုလည်း သွားပြီးတော့ ကူညီပေးတာတွေလည်း လုပ်နေတယ်ဆိုတော့၊ အစိုးရရဲ့ကူညီထောက်ပံ့ပေးမှုအေပါ်မှာ အစ်ကိုတို့အနေနဲ့ ကျေနပ်အားရမှုရှိရဲ့လား။ သူတို့ရဲ့လုပ်ဆောင်ပေးမှုတွေကို ဘယ်လိုမြင်လဲ။

Ko Lian Tuang - ကျွန်တော်တည့်တည့်ပဲပြောမယ်ဆိုရင် အစိုးရရဲ့လုပ်ဆောင်မှုက ဖြစ်သင့်သလောက်က လုံးဝ မဖြစ်ခဲ့ဘူး။ အစိုးရမှာလည်းလုပ်စရာအများကြီးကိစ္စရှိနေပေမယ့်လို့ တကယ့်ကပ်ဘေး၊ အားလုံးနဲ့ဆိုင်တဲ့ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ကိစ္စ ကပ်ဘေးကို သူတို့က အားထည့်သင့်သလောက် မထည့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဥပမာတစ်ခုပြောမယ်ဆိုရင် မနေ့တနေ့က သိပ်မကြာသေးခင်ကကိစ္စ တွီးထန်ကိစ္စဆိုရင် Lockdown နှစ်ပတ်၊ နှစ်ပတ်လုံးလုံး တရားဝင်ပိတ်ထားတယ်။ ဒါပေမယ့် အစိုးရဖက်က ထောက်ပံ့ထားတာမရှိဘူး၊ ဆန်အိတ် (၁၀၀)၊ အိမ်ခြေ ၅၀၀ ကျော် ၆၀၀ လောက်ရှိတဲ့ရွာကို နှစ်ပတ်စာအတွက် ဆန်အိတ် ၁၀၀ ပေးတယ်။ တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် လုံးဝမဖြစ်သင့်တဲ့ကိစ္စ၊ သူ့ရဲ့အခက်အခဲနဲ့ဆိုရင် ဒီအတိုင်းထားလိုက်တယ်ဆိုရင် ငတ်သေရုံပဲရှိမယ် အဲ့လိုမျိုးဟာလေးတွေ။

အစိုးရဖက်က နယ်မြေခံဝန်ကြီးတွေကလည်း တခေါက်လောက်ကြည့်တယ်၊ ပိုက်ဆံ ၁၀ သိန်းပေးတယ် ပိုက်ဆံပေးတာတော့ကောင်းပါတယ်။ ပိုက်ဆံပေးတာထက် သူတို့ရဲ့လုပ်ပိုင်ခွင့်နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရရဲ့ဘတ်ဂျက်ထဲကနေ များများပေးပါ၊ သူတို့ကိုပိုက်ဆံပေးတာလည်း အလှူထည့်တာ ကောင်းပါတယ်။ ဒါပေမယ့် အလှူထည့်တာထက် ဆေးဝါးနဲ့စားနပ်ရိက္ခာ၊ ပြီးတော့ အစိုးရမှာလည်း အရေးပေါ်ရန်ပုံငွေဆိုတာရှိတာပဲ အဲ့တာကိုသုံးလိုက်ပြီးတော့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးရင် အရမ်းကောင်းမှာပဲလို့ ကျွန်တော်မြင်တယ်။ ပြီးကျတော့ လုပ်ရကိုင်ရတဲ့အနေအထားမှာ ခက်ခဲတာဘာရှိသေးလည်းဆိုရင် အမိန့်ပေးတဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ရွာရဲ့အခြေအနေအလိုက် လိုအပ်ချက်တင်ပြတဲ့နေရာမှာ မြို့နယ်မှာလည်း ဆုံးဖြတ်လို့မရဘူး။ ပြည်နယ်မှာလည်း ဆုံးဖြတ်လို့မရဘူး။ နေပြည်တော်မှ ဗဟိုမှ ဆိုတဲ့အနေအထားကြတော့ လုံးဝ ဒေသနဲ့ လုံးဝမအပ်စပ်ဘူးပေါ့။

ဥပမာထပ်ပြောမယ်ဆိုရင် Case -1 စဖြစ်တဲ့ ကပ်တဲလ်ရွာ Lockdown ချထားတဲ့ကိစ္စမှာဆိုရင်လည်း ဟိုဖက်ကအခြေအနေအရ ဖြေလျှော့လို့ရနေပြီ ဖြေလည်းဖြေချင်နေပြီ ကျန်းမာရေးရှုထောင့်အရ ဖြေလို့ရပြီး ဒါပေမယ့် အဲ့တာကြီးက မြို့နယ်တက်တယ်၊ ခရိုင်တက်တယ် ပြည်နယ်တက်တယ်၊ ပြည်နယ်ကနေလည်း ဖြေလို့မရသေးဘူး နေပြည်တော်ဆိုတော့ ၁ ပတ်လောက်ကြာသွားတာပေါ့နော်၊ စာရွက်စာတမ်းက ၁ ပတ်လောက်ကြာပေမယ်လို့ အောက်ခြေမှာကျတော့ ဗိုက်ဟောင်းလောင်းလောင်းကြီးနဲ့ ဖြတ်သန်းရတဲ့ တစ်ပတ်ပေါ့နော်၊ အဲ့လိုမျိုးမရှိအောင်တော့ တချို့ဆုံးဖြတ်ရတဲ့အပိုင်းကို အောက်ခြေရဲ့အခြေအနေအရ ဆုံးဖြတ်လို့ရအောင် လျှော့ပေးနိုင်တယ်ဆိုရင် အရမ်းကောင်းမယ်။

မေး - အခုလက်ရှိမှာဆိုရင် တီးတိန်မြို့ကလည်း ကူးစက်နှုန်းများနေတယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်ဖြစ်၊ လူငယ်တွေ၊ Volunteer တွေက Stay At Home လုပ်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ ပြီးတော့ မြို့နယ်တွေကလည်း စာတွေတင်ပြထားပေမယ့် အခုအချိန်ထိ မလုပ်သေးတဲ့ကိစ္စအပေါ်မှာ အစ်ကို့အနေနဲ့ ဘယ်လိုမြင်လဲ။

Ko Lian Tuang - အောက်ခြေကအထူးသဖြင့် မြို့နယ်ဖြစ်ဖြစ်၊ ကျေးရွာဖြစ်ဖြစ် သူတို့ရဲ့သဘောထား တင်ပြထားတဲ့ဟာကို ကြန့်ကြာနေတယ်ဆိုရင် ကူးစက်မှုက တောက်လျှောက်ဒွန်တွဲနေတဲ့အချိန်ဆိုတော့ ဒီဖက်က နောက်ကျတယ်ဆိုရင် ဗိုင်းရပ်စ်ပြန့်နှုန်းက တောက်လျှောက်တက်လာတာ။ ကျွန်တော်တို့ကြားထားတာက ပြီးခဲ့တဲ့ သုံး/လေးရက်တုန်းက Stay at Home လုပ်ဖို့ တင်ထားတယ်လို့ကြားတယ်။ ဒါပေမယ့် မကျဘူး၊ သိတဲ့အတိုင်းပဲ တောက်လျှောက်တက်သွားတာပေါ့နော်။ အဲ့တာကတော့ မြန်လေကောင်းလေလို့မြင်တယ်။ ဒါပေမယ့် အဲ့လိုမျိုး မြန်လေကောင်းမဖြစ်နိုင်လို့ သူ့အခြေအနေ၊ အကြောင်းတရားတခုခုကြောင့် အုပ်ချုပ်ရေးပိုင်းက မဖြစ်သေးဘူးဆိုရင်လည်း Stay at Home မလုပ်ပဲနဲ့ ရောဂါထိန်းချုပ်တဲ့အပိုင်းတို့၊ ကားဂိတ်တို့၊ ပြီးတော့ မြို့ထဲမှာ ဒီကိုဗစ်နဲ့ပတ်သက်တဲ့အပိုင်းတို့၊ ပညာပေးအပိုင်းတို့ လုပ်လို့ရတဲ့အရာအများကြီးရှိတယ်။ အဲ့အပိုင်းမှာ အားထည့်ပြီးတော့လုပ်စေချင်တယ်။

မေး - နောက်တခုက တီးတိန်မှာ ကိုဗစ်လူနာလည်းများလာတယ်။ သေဆုံးတဲ့သူတွေလည်းရှိတယ်။ ဆေးရုံဖက်မှာလည်း ပစ္စည်းမလုံလောက်တာတွေလည်းရှိတယ်လို့ သိရတယ်။ ဒီအပိုင်းမှာရော ဘယ်လိုအခြေအနေရှိလဲ။

Ko Lian Tuang - အခုတလော ကျွန်တော်တို့ကြုံနေရတဲ့ အတွေ့အကြုံအရဆိုရင်တော့ အခု ကျန်းမာရေးရှုထောင့်အရ ဥပမာတစ်ခုပြောရမယ်ဆိုရင်တော့ တွီးထန်ရွာဆိုရင် လွန်ခဲ့တဲ့တပတ်လောက်က Positive အယောက် ၂၀ လောက်ကို ထိန်းသိမ်းထားတာ၊ သူက တိုက်နယ်ဆေးရုံပဲရှိတယ်။ တိုက်နယ်ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းထက်တောင်ပိုများတဲ့ Positive လူနာတွေကိုထိန်းသိမ်းထားတဲ့ အနေအထားဆိုတော့ ဒီကိစ္စကို ဖြစ်သင့်သလား။ မဖြစ်သင့်ဘူးလား အစိုးရကပြန်ပြီးတော့ မြန်မြန်သုံးသပ်သင့်တယ်။ လိုအပ်တဲ့ ကျန်းမာရေးပစ္စည်းတွေ။ ဆရာဝန်တွေ တစ်ပြည်နယ်လုံးမှာ တစ်နိုင်ငံလုံးမှာ ဒီတစ်ခုကို ဦးစားပေးပါလို့ ကျွန်တော်တို့မပြောလိုပါဘူး။ ဒါပေမယ့် ဝန်နဲ့အားနဲ့က လုံးဝမမျှတဲ့ အနေအထားပေါ့နော်။ တိုက်နယ်ဆေးရုံတစ်ရုံမှာ Positive ၂၀ ကျော်ကို ထိန်းသိမ်းတယ်ဆိုတာ တော်တော်လေး အခြေအနေမကောင်းဘူးပေါ့။

ပြီးတော့ တီးတိန်ဆေးရုံမှာ Positive ကလည်း ၅၀ ပတ်ဝန်းကျင်ရှိနေပြီ ကုသထားတာ။ သူတို့ရဲ့လိုအပ်ချက်က အများကြီးပဲ။ မီးမလုံလောက်တာ၊ ပြီးတော့ သူတို့ကိုထားမယ့် သီးသန့်လူနာဆောင်ထားဖို့မရှိဘူး။ အဲ့ဒီအတွက်ကို ဖန်တီးပေးနိုင်ရင်တော့ အရမ်းကောင်းတယ်။ အစိုးရကိုယ်နှိုက်က အဲ့ဒီအပိုင်းကို အသေးစိတ်လုပ်ပေးမှ ပိုအဆင်ပြေလိမ့်မယ်။ အရင်တုန်းကတော့ ပြည်သူတွေကနိုင်သရွေ့ပါဝင်ခဲ့ပြီး ပံ့ပိုးခဲ့ကြတယ်။ အခုကျတော့ ပြည်သူတွေလည်းပန်းနေပြီ။ အလှူရှင်တွေလည်း ပန်းနေပြီ။ အဲ့ဒါလေးကို အစိုးရက ဒေသခံဆရာဝန်နဲ့ နီးနီးကပ်ကပ်ပိုပြီးတော့ ချိတ်ဆက်ပြီးတော့ ဖြည့်ပေးဖို့လိုတယ်လို့မြင်တယ်။

မေး - ကိုဗစ်ကိစ္စနဲ့ပက်သက်ပြီးတော့ တခြားဖြည့်စွက်ပြောချင်တာများရှိရင် ပြောနိုင်ပါတယ်။

Ko Lian Tuang - အစိုးရက ကိုဗစ်နဲ့ပတ်သက်တဲ့ ဥပဒေတွေထုတ်တဲ့နေရာမှာ တိတိကျကျလုပ်ဖို့လိုပါတယ်။ ဝင်ထွက်သွားလာတဲ့အပိုင်းမှာ ပိတ်တယ်ဆိုရင်လည်း ပိတ်ထားဖို့ ဖွင့်တယ်ဆိုရင်လည်း စနစ်တကျဖွင့်ထားဖို့ပေါ့နော်။ အဲ့တာလေးတရား ဥပဒေစိုးမိုးရေးဖက်ကို အားမထည့်ဘူးဆိုရင် ပိတ်ရင်လည်း မပိတ်တပိတ်။ ဖွင့်ရင်လည်း မဖွင့်တဖွင့်ဖြစ်တဲ့အခါကြတော့ ပြည်သူတွေက ပိတ်သလား၊ ဖွင့်သလားဆိုတာ ဘာမှနားမလည်နိုင်တော့ဘူးဖြစ်သွားတယ်။ ပိတ်ရင်လည်း သေချာပိတ်ပေး ဖွင့်ရင်လည်း သေချာဖွင့်ပေး ဒါလေးတွေကိုလည်း အစိုးရတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက အတတ်နိုင်ဆုံးထိန်းပြီးတော့ လုပ်ပေးဖို့ဆန္ဒရှိပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...