နေရာညှိမရသဖြင့် NLD နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံမည့်အစီအစဉ် ပျက်ခဲ့ရသည့်အပေါ် ကယားပြည်နယ်မှ အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ၏ အမြင်များ

နေရာညှိမရသဖြင့် NLD နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံမည့်အစီအစဉ် ပျက်ခဲ့ရသည့်အပေါ် ကယားပြည်နယ်မှ အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ၏ အမြင်များ
by -
နော်ဒွေးအယ်ခူ (KT)

တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ (ဇန်နဝါရီ ၁၂ရက်) ၌ စီစဉ်ခဲ့သော်လည်း နေရာညှိနှိုင်းမှုအဆင်မပြေသည့်အတွက် တွေ့ဆုံဆွေးနွေးမှုပျက်ခဲ့ရသည်။ တွေ့ဆုံဆွေးနွေးမှု ပျက်ပြယ်ရသည့်အပေါ်တွင် ဒေသခံတိုင်းရင်းသားပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် လေ့လောစောင့်ကြည့်သူတချို့၏ အမြင်သဘောထားကို မေးမြန်းထားသည်။

ဦးသဲရယ် (ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အတွင်းရေးမှူး)

“ကျွန်တော်တို့နဲ့လာတွေ့ဖို့ ဒီခရီးစဉ်ကိုဆောင်ရွက်တာမဟုတ်ဘူးလို့ မြင်တယ်။ သူတို့ပါတီကိစ္စနဲ့လာပြီးတော့ ကျွန်တော်တို့နဲ့တွေ့ဖို့စီစဉ်တာဖြစ်တယ်။ ဆိုတော့ အရင် သူတို့ခရီးစဉ်ကို စတင်ရေးဆွဲပြီးတော့မှ ဒေါက်တာဇော် မြင့်မောင်ပြောပုံအရဆိုရင် တိုင်းရင်းသားပါတီနဲ့တွေ့ဖို့အတွက်က ဦးစားပေးအဆင့်က လေးငါး လောက်မှာပဲရှိ တာပေါ့နော်။ကျွန်တော်တို့ကို ဦးစားပေးအဆင့် တစ်နေရာမှာမထားတဲ့အတွက် ဒါတွေလည်း ကျွန်တော်တို့တိုင်း ရင်းသားပါတီနဲ့တွေ့မယ်ဆိုတဲ့ဟာလည်း တကယ်ပဲ သူတို့တကယ်ရည်ရွယ်ချက် ရှိရှိနဲ့သွားတာလား။ ပါတီလုပ် ငန်းကိစ္စနဲ့ပဲလာပြီးတော့မှ အဲလို တစ်ခါတည်းတွေ့သွားမယ်ဆိုတဲ့ပုံစံံမျိုးပဲ လုပ်သွားတာလားဆိုတာ လည်း ကျွန်တော်တို့ဖက်က စဉ်းစားစရာဖြစ်တာပေါ့။ ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ဒီကိုလာတွေ့ဖို့မဟုတ်ဘူး ဆိုတာပဲ ကျွန်တော်တို့ပါတီဖက်ကနေ ယူဆတာပေါ့”

ကိုကျော်ထင်အောင် (လေ့လာစောင့်ကြည့်သူ)

“ဇန်နဝါရီ ၄ ရက်နေ့တုန်း မွန်ပြည်နယ်မှာ NLD နဲ့မတွေ့ဆုံဖြစ်တဲ့အခြေအနေအရ ကယားပြည်နယ်ဒီမို ကရက်တစ်ပါတီ KySDP ကလည်း NLDရုံးမှာဆိုရင် မတွေ့နိုင်ဘူးလို့ ပြောထားပြီးသားဖြစ်တယ်ပေါ့။ အဲလို ကြိုပြောထားတဲ့အခြေအနေမှာကို ဒါရအောင်လာတဲ့အတွက် တတိယနေရာများတွေ့မလားဆိုသော်လည်း လက်ရှိ ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့ တွေ့ဆုံတဲ့အဖွဲ့ဟာ ကယားပြည်နယ် NLD ရုံးကလွဲပြီး အခြားနေရာမှာမတွေ့ဘူး။ ဗဟိုဆုံးဖြတ်ချက်ပဲလို့ပြောဆိုခြင်းသည် သူတို့ထုတ်ပြန်ထားတဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေနဲ့တွေ့ဆုံပြီး သဘောထားတွေနားထောင်မယ်။ ဆွေးနွေးမယ်။ သဘောထားတွေရယူဆိုတာက ဟန်ပြသာဖြစ်ပြီးတော့မှ တကယ်တမ်းတွေ့ဆုံခြင်းမရှိဘဲနဲ့ သူတို့ ရဲ့ပါတီစည်းကမ်းချက်တွေကိုကိုဗစ်စည်းကမ်းအရ Q မဝင်ရဘဲနဲ့ လုပ်ဆောင်ခြင်းအတွက် တိုင်းရင်းသားပါတီ တွေကို ခုတုံးလုပ်ပြီးတော့ ပြည်နယ်တွေမှာ ပြည်နယ် NLD အဖွဲ့တွေ အနိုင်ရထားတဲ့ကိုယ်စားလှယ်တွေနဲ့ လှည့်လည်တွေ့ဆုံတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ပဲ ကျွန်တော်တို့အနေနဲ့သုံးသပ်တယ်။ အဲဒါကြောင့်မလို့ပဲ ကယားပြည်နယ်မှာဆိုရင်လည်း NLD ရုံးမှာ တံခါးပိတ်အစည်းအဝေးလုပ်ဆောင်ေနမှုသည် တကယ်တမ်းတိုင်း ရင်းသားပါတီတွေကိုတွေ့ဆုံဖို့ ခုတုံးလုပ်တာပဲဖြစ်ပြီးတော့ Q မဝင်ဘဲနဲ့ NLD ပါတီကိစ္စဆောင်ရွက်ဖို့အတွက် လာခြင်းသာဖြစ်တယ်လို့ပဲ သုံးသပ်ပါတယ်”

ခွန်းသောမတ်စ် (ကရင်နီပြည်လူငယ်များသမ္မဂ၊ တွဲဖက်အတွင်းရေးမှူး-၂)

“ဒီဟာက နဂိုကတည်းက ပြောထားတဲ့ကိစ္စတွေပေါ့လေ။ NLD ကလည်း လွန်သွားတယ်ပေါ့။ NLD ကိုယ်စားလှယ် ဖက်ကလွန်သွားတယ်။ အမှန်က တွေ့ဆုံဖို့ဆိုတဲ့သဘောက နှစ်ဦးနှစ်ဖက် ပြဿနာတစ်ခုခုကို ဘယ်လိုဖြေရှင်း ကြမလဲဆိုတာကို အဓိကတွေ့ဆုံညှိနှိုင်းကြမယ့်ဟာပေါ့။ ဒါပေမယ့် အခုက NLD ပါတီက ကိုယ်စားလှယ်တွေရဲ့သဘောထား NLD တစ်ခုလုံးရဲ့သဘောထားက အထက်စီးကနေပဲလာတာပေါ့။ ဆိုတော့ KySDP ကလည်း ဒီပြည်နယ်မှာ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတစ်ခုပဲလေ။ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တောင်မှ အဖြေကထွက်မှာ မဟုတ်ဘူး။ ဒါ ကျွန်တော်တို့ သမ္မဂအနေနဲ့သုံးသပ်ထားပြီးသား။ နောက်ပြီးတော့ အစောတလျင်မတွေ့ဖို့လည်း ထုတ်ထားပြီးသားပေါ့။ ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့အနေနဲ့က အစောကြီးကတည်းကသိထားတယ်ပေါ့။ အဖြေတစ်စုံတစ်ရာထွက်လာမှာမဟုတ်ဘူး။ NLD ရဲ့သဘောထားက ပြည်နယ် NLD ရုံးမှာသာမတွေ့ဘူးဆိုရင် အခြားဘယ်နေရာမှာမှ တွေ့လို့မရဘူးဆိုတာက အထက်က ညွှန်ကြားထားပြီးသားဆိုတော့ ဒီအပေါ်မှာတော့ NLD ရဲ့အလွန်ပဲပေါ့လေ။ NLD ရဲ့အမှားကြောင့်လို့ပဲသုံးသပ်ပါတယ်”

ခွန်းဘီထူး (ကယန်းအမျိုးသားပါတီဥက္ကဌ)

“NLD ပါတီက တိုင်းရင်းသားပါတီနဲ့တွေ့ဆုံမယ့်ကိစ္စအားလုံးက ကြိုတင်ပြင်ဆင်မှုသိပ်မရှိဘူးပေါ့နော်။ သတင်းတွေတော့ကြားနေတယ်။ လာမယ်ဆိုတာလည်းသိနေတယ်ပေါ့။ သို့သော် ညှိနှိုင်းဆောင်ရွက်မှုတွေ ကြိုတင်နေရာထိုင်ခင်းတွေနဲ့ပတ်သက်ပြီးတော့မှ ဒါမှမဟုတ် တွေ့ဆုံမယ့်အကြာင်းအရာနဲ့ပတ်သက်ပြီးတော့မှ အကြောင်းတာတွေက တော်တော်လေးကို အားနည်းတယ်လို့ပြောလို့ရမှာပေါ့နော်။ အဲဒါကြောင့်မလို့ပဲ နီးကပ်မှ NLD ရုံးမှာတွေ့မယ်ဆိုတဲ့ဟာဖြစ်လာတော့အခြေအနေအားလုံးကပျက်သွားတာ။ ဆိုလိုချင်တာက မတွေ့ဖြစ် လိုက်ရတဲ့ ရလဒ်ကိုဖြစ်စေတယ်ပေါ့နော်။ ဆွေးနွေးပွဲသဘောသဘာဝကလည်း ဒီလိုပါပဲ အရင် ကြိုတင်ညှိ နှိုင်းမှုတွေ ကြိုတင်အကြောင်းကြားမှုတွေက အရေးကြီးတယ်လေ။ အဲလို ဆက်သွယ်တည်ဆောက်မှသာလျှင် အောင်မြင်မှာပေါ့နော။ အဲဒါကြောင့်မလို့ပဲ ပျက်သွားတယ်လို့ပဲပြောရမှာပေါ့နော်။ အခုတော့ ရှမ်းပြည်နယ် ဖက်ဆက်သွားမယ်ဆိုတော့ ဘယ်လိုဆက်ဖြစ်မလဲတော့မပြောတတ်ဘူးပေါ့နော်။ အခြေအနေကတော့ လောဆယ်တော့ ကယားပြည်နယ်မှာ ကယားဒီမိုကရက်တစ်ပါတီနဲ့မတွေ့ဖြစ်တဲ့အကြောင်းရင်းက အဲဒါပဲလို့ ပြောလို့ရပါတယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...