ပြန်လည်ဖွဲ့စည်းမည့်အစိုးရအပေါ် မျှော်လင့်ချက်များနှင့်ပတ်သက်၍ စစ်ရှောင်စခန်းများမှ ပြည်သူများ၏အသံများ

ပြန်လည်ဖွဲ့စည်းမည့်အစိုးရအပေါ် မျှော်လင့်ချက်များနှင့်ပတ်သက်၍ စစ်ရှောင်စခန်းများမှ ပြည်သူများ၏အသံများ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်တွင် အစိုးရထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်းပေါင်း ၈ဝ ကျော်ရှိပြီးလူဦးရေအားဖြင့် လေးသောင်းကျော်ခန့်ရှိကာ အဆိုပါစစ်ရှောင်စခန်းမှ လူဦးရေနှစ်သောင်းကျော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အနိုင်ရ NLD ပါတီမှ ပြန်လည်ဖွဲ့စည်းမည့်အစိုးရအပေါ် မျှော်လင့်ချက်များနှင့်ပတ်သက်၍ စစ်ရှောင်စခန်းများမှ ပြည်သူများ၏အသံများကို ဖော်ပြလိုက်ရပါသည်။

ဦးတူးအောင် (ဂျန်မိုင်ကောင်စစ်ရှောင်စခန်း)

“နေရပ်ပြန်တာတော့ ပြန်ချင်တယ်။ ဒါပေမယ့် နေရပ်ပြန်ပြီးဘာလုပ်စားရမလဲ။ အဲဒါတွေစိတ်ညစ်တွေရှိတယ်။ အရင်လို တောင်ယာတွေလယ်တွေ လုပ်စားလို့ရကောင်းရတော့မယ်၊မိုင်းတွေနေရာတစ်ကာမှာရှိနိုင်တယ်။ ဒီမိုင်းတွေကိုအားလုံးတော့ ရှင်းပေးနိုင်မယ်လို့ မမျှော်လင့်ဘူး။အဲကြောင့် စစ်ရှောင်တွေနေရပ်ပြန်တဲ့ချိန်ကျရင် နောက်ထပ်တက်လာမယ့် အစိုးရအနေနဲ့အလုပ်အကိုင်တွေ ဖန်တီးပေးစေချင်တယ်။ အရင်းအနှီးတွေ၊ မတင် ငွေတွေထောက်ပံ့ပေးစေချင်တယ်။"

ဦးဘရန်ရှောင် (တြီနီတီစစ်ရှောင်စခန်း)

“ပြည်သူတွေကို မလိုအပ်ဘဲစစ်ဆေးတာမျိုး၊ပြည်သူတစ်ယောက်အနေနဲ့လွတ်လပ်စွာ ထုတ်ပြောပိုင်ခွင့်ရှိတယ်။ အဲဒီလိုမျိုးတွေမှာ ဟိုလိုဒီလိုဆိုပြီး မလိုအပ်ဘဲ စစ်ဆေးတာမျိုးတွေမလုပ်တဲ့ အစိုးရမျိုးလိုချင်တယ်။ လွန်ခဲ့တဲ့အတွေ့အကြုံအရ ကျွန်တော်တို့စစ်ရှောင်အရေးလုပ်တဲ့ လူငယ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တရားစီရင်တာမျိုး၊ နောက်ပြီး စစ်ရှောင် ကိုးနှစ်ပြည့်လုပ်တဲ့ချိန်မှာ အရေးယူတဲ့ဟာမျိုးတွေပေါ့။လူ့အခွင့်ရေးအပြည့်အဝရှိတယ်ဆိုပြီး သာ ပြောနေတာ။တစ်ဖက်မှာတော့ လက်တွေ့လုပ်ဆောင်တဲ့အပိုင်းမှာ မရှိဘူးလို့မြင်ရတယ်။ အဲကြောင့် လာမဲ့အစိုးရအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေပေးဖို့ပြောချင်ပါတယ်”

ဒေါ်ထုလွမ် (ဂျန်မိုင်ကောင်စစ်ရှောင်စခန်း)

“အသားအရောင်မခွဲဘဲ၊ ဘာသာအသင်းအဖွဲ့မခွဲတဲ့ အစိုးရမျိုး၊ ဥပမာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆိုရင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးရဲ့ဝန်ကြီးချုပ်ဖြစ်တယ်။ မြစ်ကြီးနားလိုနေရာမျိုးမှာဘဲ အားသာနေတာမျိုးမဟုတ်ဘဲနဲ့ မြို့ကြီးပြကြီးတွေမှာဘဲ လုပ်ဆောင်တာမျိုးမဟုတ်ဘဲ၊ကျေးရွာ၊ တောင်ပေါ်အားလုံး တန်းတူညီမျှလုပ်ဆောင်ပေးတတ်တဲ့ အစိုးရမျိုးလိုချင်တယ်။ ပြီးတော့ ကိုယ့်ပြည်သူတွေရဲ့ အရေးပေါ်အခြေနေကို အရေးပေးတတ်တဲ့အစိုးရမျိုး ခေါင်းဆောင်မျိုးလိုချင်တယ်”

ဦးဖေါင်ဂွန်တူးရှန် (ဇီးလွန်စစ်ရှောင်စခန်း)

“ခုကျနော်တို့ပြန်မယ့် နေရပ်ပြန်အရေးကိစ္စမှာလည်း ငြိမ်းချမ်းရေးကအရမ်းကိုလိုအပ်နေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဦးဆောင်လုပ်ပြီး တစ်ကယ်ဘဲ ငြိမ်းချမ်းစွာနေနိုင်အောင် ဦးဆောင်ပေးနိုင်တဲ့ အစိုးရမျိုးလိုချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့မှာ နေရပ်ပြန်ရင်လည်း ဘာမှမရှိတော့ဘူး။ အစစအရာရာအစိုးရကပဲ ဦးဆောင်ပြီးလုပ်ပေးရမှာကြောင့်မို့ ကျွန်တော်တို့ကို ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် အဓိကဖော်ဆောင်ပေးပါလို့ ပြောချင်တယ်”

ဦးခေါင်ဇေ (ခတ်ချိုစစ်ရှောင်စခန်း)

“နေရပ်ပြန်ရဖို့ဆိုတာ ကျွန်တော်တို့အိမ်မက်ဖြစ်ပါတယ်။ ဒါပေမယ့် မငြိမ်းချမ်းရင်တော့ ကျွန်တော်တို့ ခုလိုပြန်ပြီးထွက်ပြေးလာရမှာဘဲ အဲကြောင့် အဓိကငြိမ်းချမ်းချင်တယ်။ ပြီးတော့ ပြည်နယ်အစိုးရအနေဖြင့်လည်း စစ်ရှောင်တွေ နေရပ်ပြန်တဲ့နေရာမှာ လိုအပ်တဲ့အထောက်အပံ့တွေအားလုံးကို လုပ်ဆောင်ပေးစေချင်တယ်”

လက်ရှိတွင်အစိုးရအနေဖြင့် ကချင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ရှောင်စခန်းများ ရုတ်သိမ်းရေးအစီအစဉ်များနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...