ဘတ်ဂျက်ကြောင့် တည်ဆောက်မှုရပ်နားခဲ့ရသည့် မြောက်ဦးလေယာဉ်ကွင်း အစိုးရသစ်လက်ထက်မှာ အကောင်အထည်ဖော်နိုင်မလား

ဘတ်ဂျက်ကြောင့် တည်ဆောက်မှုရပ်နားခဲ့ရသည့် မြောက်ဦးလေယာဉ်ကွင်း အစိုးရသစ်လက်ထက်မှာ အကောင်အထည်ဖော်နိုင်မလား
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမရှိသေးခင်က ရခိုင်ပြည်သူတို့၏ ရှေ့ဟောင်းမြို့တော်တစ်ခုဖြစ်သော မြောက်ဦးမြို့တော်တွင် ယခုလိုမျိုး ပွင့်လင်းရာသီသို့ရောက်လာပြီဆိုသည်နှင့် ပြည်တွင်း/ပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် ကြက်ပျံမကျ စည်းကားနေသည့်မြင်ကွင်းများကို တွေ့မြင်ရမည်ဖြစ်ပေသည်။

သို့သော်လည်း ခရီးဝေးမှလာရောက်ကြမည့် ဘုရားဖူးဧသည့်တော်တို့သည် လမ်းခရီးအဆင်မပြေသဖြင့် မလာဖြစ်ကြသောဧည့်သည်များလည်း အများအပြားရှိနေပေလိမ့်မည်။

ထို့ကြောင့် အဆိုပါလမ်းခရီး အဆင်ပြေချော့မွေ့စေရန် မြောက်ဦးမြို့တော်တွင် လေယာဉ်ကွင်းတစ်ခုတည်ဆောက်ရန် မရှိမဖြစ် လိုအပ်လျက်ရှိပေ သည်။

မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံအပါအဝင် ရန်ကုန်၊ မန္တလေးမြို့များနှင့်ပါ တိုက်ရိုက်ချိတ်ဆက်ပျံသန်းပြီး ခရီးသွားလုပ်ငန်းကို တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် သမ္မတဦးသိန်းစိန်အစိုးရ၊ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းလက်ထက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် မြောက်ဦး လေယာဉ်ကွင်းကို စတင်တည်ဆောက်ခဲ့သည်။

မြောက်ဦးလေယာဉ်ကွင်းသည် မြောက်ဦးမြို့၏ အရှေ့ဖက် (၄ ဒသမ ၅) မိုင်ခန့်အကွာ ရှေ့ဟောင်းအမွေအနှစ်များလွတ်ကင်းသော နေရာတစ်ခုဖြစ်သည့် နန်းကျားကျေးရွာ၏အနောက်ဖက် မြေဧရိယာ (၆၅၀ ဒသမ ၈၀) ဧကတွင်တည်ရှိကြောင်း သိရသည်။

အဆိုပါလေယာဉ်ကွင်းကို ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၁၅-၂၀၁၆ နှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်သန်းပေါင်း ၂၀၀၀ နှင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ကျပ်သန်းပေါင်း ၂၀၀၀ စုစုပေါင်း ကျပ်သန်းပေါင်း ၄၀၀၀ တို့ဖြင့် ဆုထူးဇံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော်လည်း ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရဆီမှချပေးသော ရန်ပုံငွေမှာ အလွန်တရာနည်းပါးသည့်အတွက် မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများအား ဆက်လက်တည်ဆောက်ခြင်းမပြုလုပ်ဘဲ တစ်ဝက်တစ်ပျက်ဖြင့် ရပ်ဆိုင်းထားလိုက်ရကြောင်းနှင့် မြောက်ဦးလေယာဉ်ကွင်း စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၅ ဒသမ ၆၁ ဘီလီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရပ်တန့်နေသော မြောက်ဦးလေယာဉ်ကွင်းအား ဆက်လက်ပြီး အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမ) နေ့တွင် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အဆိုတစ်ရပ်တင်းသွင်းခဲ့သည်။

၎င်းက ရပ်ဆိုင်းနေသော မြောက်ဦးလေယာဉ်ကွင်းအား ပြည်ထောင်စုဘဏ္ဍာက မည်သည့်ရန်ပုံငွေနှင့်မဆို ဆောင်ရွက်သင့်ကြောင်းကို ရခိုင်ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကိုတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိဘဲ အောင်မြင်ခဲ့သည်။

ထိုသို့အဆိုတင်သွင်းခဲ့သော်လည်း ပြည်ထောင်စုအစိုးရအနေဖြင့် အကောင်အထည်ဖော်မှုမရှိဘဲ၊ ယခုရွေးကောက်ပွဲတွင်လည်း NLD သာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့ခွင့်ထပ်မံရရှိခဲ့ခြင်းကြောင့် မြောက်ဦးလေယာဉ်ကွင်း အကောင်အထည်ဖော်မည်လားဆိုသည်မှာ မရေရာပေ။

သို့သော်လည်း ရခိုင်ပြည်သူများလိုလားနေပြီး ခရီးသွားများအတွက် အကျိုးရှိမည်ဆိုပါက အသစ်ပြန်ဖွဲ့စည်းမည့် အစိုးရသစ်အနေဖြင့် မဖြစ်မနေအကောင်အထည်ဖော်ရမည့် တာဝန်ကလည်းရှိနေပြန်သည်။

ထိုအခြေအနေနှင့်ပတ်သက်၍ အဆိုတင်သွင်းခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ကျွန်တော်တို့ကတော့ ဒေသခံပြည်သူတို့ရဲ့ တောင်းဆိုချက်အရ ဒီမြောက်ဦးလေယာဉ်ကွင်းသစ်ကို ပြည်ထောင်စုဘဏ္ဍာရံပုံငွေနှင့် ပြည်ထောင်စုအစိုးရကတစ်ဆင့်နေပြီး လုပ်သင့်တယ်။ ရခိုင်ပြည်နယ် ဘတ်ဂျက်ကလည်း အင်မတန်မှ နည်းပါးတယ်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ ဒီဟာကို အကောင်အထည်ဖော်သင့်တယ်။ အခုထိ အစိုးရဘက်ကလည်း တစ်စုံတစ်ရာလုပ်တာတွေ မတွေ့ရသေးဘူး။ လုပ်ဖို့အတွက် စီမံကိန်းတွေချပြီး လွှတ်တော်ကိုတင်သွင်းတာတွေလည်း မရှိသေးဘူး။ တက်လာမည့် အစိုးရအသစ်အနေနဲ့တော့ အကောင်အထည်ဖော်မှာလား။ မဖော်ဘူးလားဆိုတာကို မှန်းလို့မရသေးဘူး” ဟုပြောသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်အဆက်ဆက် ထီးနန်းစိုက်ခဲ့သော မြို့တော်တစ်ခုဖြစ်သလို့ ဘုရား၊ ပုထိုး၊ စေတီများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော နယ်မြေတစ်ခုဖြစ်သောကြောင့် မြောက်ဦးမြို့တော်ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများ (ယူနစ်စကို) ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဒေသတစ်ခုအဖြစ် သတ်မှတ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော မြောက်ဦးမြို့တော်သည် ရခိုင်လူမျိုးတို့၏ နှလုံးသားမြို့တော်တစ်ခုဖြစ်သလို ကမ္ဘာ့နိုင်ငံအများအပြားက ခရီးသွားဧည့်သည်များ စိတ်ဝင်စားသော နေရာတစ်ခုလည်းဖြစ်ပေသည်။

ပုဂံသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များသွားရသည်မှာ အဆင်ပြေချောမွေ့လှသလို့ မြောက်ဦးမြို့သို့ ခရီးသွားဧည့်သည်များ သွားရေး၊ လာရေး အဆင်ပြေချောမွေ့စေရန်အတွက်လည်း ရခိုင်ပြည်သူများက ဆန္ဒပြင်းပြလျက်ရှိသည်။

အစိုးရသစ်ကိုလည်း ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကသာ ဖွဲ့စည်းမည်ဖြစ်သဖြင့် မြောက်ဦးလေယာဉ်ကွင်း ပြီးမြောက်ရေးအတွက် လုံးဝမျှော်လင့်ချက်မရှိကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

ဒေါ်ခင်သန်းက “မျှော်မှန်းချက်ကတော့ လုံးဝမရှိပါဘူး။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်လာဖို့၊ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာဖို့အတွက် အရင်တုန်းကစီမံချက်နဲ့ စနစ်တကျလုပ်ခဲ့တာရှိခဲ့ဖူးတယ်။ နောက်ပိုင်းကျတော့ ပြည်ထောင်စုဘတ်ဂျက်နဲ့လုပ်တာဆိုတော့ ပြည်ထောင်စုဘတ်ဂျက်က မချပေးဘူး။ အရင်တုန်းက NLD အစိုးရ၊ ခုလည်း NLD အစိုးရဆိုတော့ အရင်တုန်းက လက်မခံဘူးဆိုရင် ခုလည်းလက်ခံမှာမဟုတ်ဘူးလေ” ဟု ပြောသည်။

သို့သော်လည်း ယခုလို ကိုဗစ်ကာလတွင် ခရီးသွားလာမှုများ အကန့်အသတ်ဖြင့်သာရှိနေသဖြင့် လတ်တလောအခြေအနေအရ မြောက်ဦးလေ ယာဉ်ကွင်းတည်ဆောက်ရေးထက် ကျန်းမာရေးလိုအပ်ချက်ကိုဖြည့်ဆည်းရန် အလေးထားသင့်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ထို့ပြင် မြောက်ဦးလေယာဉ်ကွင်းပြီးမြောက်ရေး နည်းပညာအရစိန်ခေါ်မှုများရှိနေပြီး လုပ်ငန်းလိုအပ်ချက်အရလည်း ကျယ်ပြန့်မှုများရှိနေသဖြင့် အဆိုပါကိစ္စအား ပြည်ထောင်စုအစိုးရကသာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ ကပြောသည်။

ဦးအောင်ကျော်ဇံက “ဒီဟာက နည်းပညာလည်း မြင့်မားတယ်။လုပ်ရမယ့် လုပ်ငန်းတွေလည်း ကျယ်ပြန့်တဲ့ အခါ ကျတော့ ပြည်ထောင်စု အစိုးရကိုပဲလုပ်ဖို့ ပြောလိုက်တာ။ ပြည်ထောင်စုအစိုးရကလည်းပဲ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရင်းနှီးမြှုပ်နှံလုပ်မယ့်သူတွေကို  လိုက်ရှာရတဲ့ အနေအထားဖြစ်တယ်။ကျွန်တော်တို့ကေတာ့ ပြည်ထောင်စုအစိုးကိုပဲ နည်းပညာပိုင်းအရသော်လည်းကောင်း၊ ဘတ်ဂျက်လိုအပ်ချက်တွေလည်း မြင့်မားတဲ့အတွက် ပြည်ထောင်စုအစိုးရကိုပဲ လုပ်ဖို့အတွက် တင်ပြထားတာဖြစ်တယ်” ဟု ပြောသည်။

အကယ်၍မြောက်ဦးလေယာဉ်ကွင်းကို ပြီးစီးအောင် တည်ဆောက်နိုင်မည့်ဆိုပါက ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည့်အပြင် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားဝင်ငွေတိုးပွားရေး၊ ရခိုင်လူမျိုးတို့၏ ဗိသုကာပညာအဆောက်အဦ၊ စာပေယာဉ်ကျေးမှုများကိုလည်း နိုင်ငံခြားဧည်သည်များအနေဖြင့် များစွာသုတေသနပြုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...