ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံခြင်း

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံခြင်း
by -
မွန်သတင်းအေဂျင်စီ
၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြို့ရေးပါတီ USDP မှ ဦးအောင်ကြည်သိန်းအား မွန်သတင်းအေဂျင်စီသတင်းထောက် မိသြမွန်က မေးမြန်းခဲ့သည်။

မေး ။  ။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုကြောင့်မဲအပြတ်သတ် အနိုင်ရခဲ့ပါသလဲ?

ဖြေ ။  ။ မဲအပြတ်သတ် အနိုင်ရရှိသွားတာကတော့ ဒေသခံပြည်သူတွေ စေတနာထားပြီးတော့မှ သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ်လို့ ယူဆပြီးတော့ မဲအပြတ်သတ်ထည့်ပေးကြတာပေါ့၊ အဓိက  ကျေးရွာတွေကတော့ ရွာလွတ်၊ သက္ကော၊ ကညှော်၊ မုရစ်ကလေး နေရာတော်တော်များများတော့ မဲအပြတ်သတ်နိုင်ခဲ့တာပေါ့။

မေး ။  ။ မဲဆွယ်စည်းရုံးရေးတွေ ဘယ်လို လုပ်ခဲ့တာလဲ?

ဖြေ ။  ။ ကျနော်တို့ အဓိကကတော့ ပြည်သူလူထုကိုထိတွေ့တဲ့ မဲဆွယ်စည်းရုံးရေးပေါ့နော်၊ မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ပေးထားတဲ့အထဲမှာ ၅၅ ရက်တိတိ အချိန်ပြည့်တစ်နေကုန်ပေါ့၊ တစ်ချို့ရွာတွေကျတော့ ၃-၄ ခေါက် နေ့တိုင်းသွားပြီးတော့ ပြည်သူလူထုနဲ့တွေ့တယ်၊ သူတို့ တင်ပြတဲ့အရာတွေကို ဆွေးနွေးပေးတယ်၊ မဲဆွယ်စည်းရုံးတဲ့နေရာမှာလည်း ကိုယ်ရေးအကျဉ်းကိုရှင်းပြတယ်၊ နောက်ပြီးတော့ ကျနော်ဖြတ်သန်းလာခဲ့တဲ့ ဌာနဆိုင်ရာ အတွေ့အကြံုတွေကိုရှင်းပြတယ်၊ ပြီးတော့မှ မဲအနိုင်ရရင် ‘လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်အောင် လယ်သမားများအား ကူညီဆောင်ရွက်ပေးမယ်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဆောင်ရွက်ပေးမယ်’ ဆိုတဲ့ ကတိကဝတ်တွေပေးခဲ့တယ်။

မေး ။  ။ ဒီရွေးကောက်ပွဲကတိကဝတ်တွေကို ဘယ်တော့ အကောင်အထည်ဖော်သွားမှာလဲ?

ဖြေ ။  ။ အခုကစပြီတော့ အကောင်အထည်ဖော်နေပြီးပေါ့နော်၊ လယ်သမားတွေ လိုချင်တဲ့ မျိုးစပါးတွေကို မှာထားပြီးပြီး၊ တစ်ချို့ရေရှားတဲ့နေရာတွေကျတော့ အဝီစိတွင်း တူးပေးဖို့ အစီအစဉ်ရှိတယ်ပေါ့နော်၊ ဒါကတော့ ပါတီဘက်ကနေ လုပ်ပေးနိုင်တဲ့ အစီအစဉ်မှန်သမျှကို ကျနော်တို့ အကုန်လုပ်သွားပေးမယ်။

 မေး ။  ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးနောက် ဘယ်လိုအဆိုမျိုးကို လွှတ်တော်မှာ ပထမဦးဆုံး တင်သွင်းသွားဖို့ ရှိလဲ?

ဖြေ ။  ။  ဒီကနေ့ကစပြီးတော့ ကျနော် ဒေသခံတွေနဲ့ ထိတွေ့နေတယ်ပေါ့နော်၊ သူတို့ရဲ့လိုအပ်ချက်တွေ၊ အဆိုတင်သင့်တဲ့ဟာတွေကို သေသေချာချာလေ့လာပြီတော့မှ ဒေသနဲ့ ကိုက်ညီတဲ့အဆိုပေါ့နော်၊ အဓိကကတော့ ဥပဒေပြုရေးဆိုတဲ့နေရာမှာကျတော့ ကိုယ်ကနေပြီးတော့ သေသေချာချာ ထိထိမိမိဖြစ်ဖို့ တော်တော်လေးကို လုပ်ရအုံးမယ်၊ ကိုယ့်ဆီကလိုအပ်ချက်တွေ တောင်းတဲ့ဟာကျတော့ ဒေသခံတွေနဲ့ ထိတွေ့ပြီးတော့မှ တစ်ခုချင်းစီ လိုက်မှတ်ပြီတော့ တစ်ခုချင်းတစ်ခုချင်း အဆိုတင်သွင်းသွားမှာပေါ့။

မေး ။  ။  ဆရာ့အနေနဲ့ လွှတ်တော်မှာအဆိုတစ်ခု တင်သွင်းရင် အဓိကအလေးထားရမယ့်အရာက ဘာဖြစ်မလဲ?

ဖြေ ။  ။ ပြည်သူ့လွှတ်တော်ဆိုတာ ဒေသခံပြည်သူတွေ ရွေးချယ်မှ ကိုယ်စားလှယ်ဖြစ်လာတာပါ၊ အဓိကကတော့ ဒေသခံပြည်သူတွေရဲ့ အသံကိုနားထောင်ရမှာဖြစ်ပါတယ်၊ သူတို့တွေမှာ ကိုယ့်ထက်တော်တဲ့သူတွေ အများကြီးရှိပါတယ်၊ အများစုက လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီးဆိုရင် ကိုယ်တင်ချင်သလိုတင်ပုံစံမျိုးနဲ့ တင်မယ်ဆိုရင်တော့ ဒုက္ခရောက်တယ်ပေါ့နော်၊ ဒေသခံတွေရဲ့ သဘောထားဆန္ဒမမေးဘဲနဲ့ ဘာမှ အကောင်အထည်ဖော် ဆောင်ရွက်လို့ မရဘူး။

မေး ။  ။ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဘယ်လိုမျိုးပူးပေါင်းပြီး လုပ်ဆောင်သွားမှာလဲ?

ဖြေ ။  ။ ဒါကတော့ ပူးပေါင်းပြီး လုပ်ဆောင်ရမှာပဲ၊ ကိုယ့်ဒေသရဲ့လိုအပ်ချက်တွေကို တင်ပြဖို့ အချိတ်အဆက်မိနေမှရမယ်၊ ပြည်နယ်လွှတ်တော်မှာ ဆုံးဖြတ်လို့မရတဲ့အရေးကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရတယ်လေ၊ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ညီညွတ်မှုမရှိရင် ဘယ်တော့မှ ဒီကျွန်းကြီးမတိုးတက်ဘူး၊ ပူးပေါင်းလုပ်ဆောင်မှသာ ဒီကျွန်းကြီးတိုးတက်မယ်။

မေး ။  ။ ဘီလူးကျွန်းဒေသအတွက် ဘာတွေ လုပ်သွားဖို့ရှိလဲ?

ဖြေ ။  ။ လယ်သမားတော်တော်များများက စပါးစိုက်တာရှုံးများတယ်၊ ဒီအရာတွေကို အကျိုးအမြတ်ရှိအောင် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာ တစ်ခြားသက်ဆိုင်တဲ့ ဒေသတွေနဲ့ ဆောင်ရွက်နေတဲ့ပုံစံတွေပေါ့နော်၊ စပါးစိုက်ရင်းနဲ့ ဘာလုပ်လို့ရမလဲ၊ ရေနက်ကွင်းတစ်ချို့ကို ဘာလုပ်လို့ရမလဲ စသဖြင့်ပေါ့နော်၊ အဲဒါတွေကို အဓိကထားပြီးတော့ ဆောင်ရွက်သွားမှပေါ့၊ နည်းပညာပိုင်းဆိုင်ရာကျတော့ သက်ဆိုင်ရာ ဌာနတွေနဲ့ ချိတ်ပေးမှာပေါ့။

မေး ။  ။ ဘီလူးကျွန်းဒေသမှာ လယ်ဧကများစွာ နှစ်စဉ် ရေနစ်မြုပ်တာ ကြံုတွေ့နေတယ်ပေါ့နော်၊ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားဖို့ ရှိလဲ?

ဖြေ ။  ။ ဒီဘီလူးကျွန်းမှာ ချောင်းတော်တော်များများက တိမ်ကောတယ်ပေါ့နော်၊ ဒီအရာတွေကို အများကြီးလုပ်ရမယ်၊ အခုချိန်မှာကျတော့ အနိုင်ရပါတီမဟုတ်တဲ့အတွက်ကြောင့် ဆည်မြောင်းနဲ့ပတ်သက်ရင် သက်ဆိုင်ရာဆည်မြောင်းဌာနကို တင်ပြပြီးတော့မှ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမှာပေါ့၊ တချို့နေရာတွေကျတော့ အစိုးရဘက်က ကူညီဖို့ အခက်အခဲဖြစ်ရင်လည်း ကျနော်တို့ ပါတီဘက်က လုပ်ပေးနိုင်သလောက် ချောင်းတွေကို တူးပေးဖို့ အစီအစဉ်ရှိတယ်။

မေး ။  ။ နောက်ဆုံး ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်တာ ရှိလဲ?

ဖြေ ။  ။ ကျနော့အနေနဲ့ ဒေသခံပြည်သူတွေကို ကတိစကား ပေးထားတာရှိတယ်၊ အဲဒါကို အတတ်နိုင်ဆုံး လုပ်ပေးမှာပေါ့နော်၊ ကျနော်ဟာ ဒေသခံပြည်သူတွေရဲ့ ကိုယ်စားလှယ်ပါ၊ ဒေသခံပြည်သူတွေ ခိုင်းပါ၊ ကျနော့တတ်ထားတဲ့အတွေ့အကြံုနဲ့ ကတိစကားအတိုင်း တတ်နိုင်သလောက်ကြိုးစားပြီး ဆောင်ရွက်ပေးပါ့မယ်လို့ ကတိပေးပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် မွန်သတင်းအေဂျင်စီမှ ကျေးဇူးတင်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...