ကိုဗစ်ထောက်ပံ့ကြေး အကန့်အသတ်ဖြင့်ပေးသည့်အတွက် မရရှိသူအများအပြားရှိနေဟုဆို

ကိုဗစ်ထောက်ပံ့ကြေး အကန့်အသတ်ဖြင့်ပေးသည့်အတွက် မရရှိသူအများအပြားရှိနေဟုဆို

 နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ ကြေးပေးအပ်ရာတွင် လူဦးရေအကန့်အသတ်ဖြင့်ပေးအပ်သည့်အတွက် ထောက်ပံ့ကြေးမရရှိသော အခြေခံလူတန်းစား အိမ်ထောင်စုအများအပြားရှိသည်ဟု ချင်းအရပ်ဖက်အဖွဲ့အစည်းများထံမှသိရသည်။

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Third Eye အဖွဲ့မှ ဆလိုင်းမာန်အွမ်က ၎င်းတို့ဒေသတွင် ထောက်ပံ့ကြေးများကို အကန့်အသတ်ဖြင့်ပေးအပ်သည့်အတွက် အဆင်မပြေနိုင်ကြောင်း ယခုလို ရှင်းပြသည်။

“ပြဿနာက ပြည်နယ်ကနေလူဦးရေ ဘယ်လောက်ပဲဆိုပြီးကန့်သတ်တဲ့အပေါ်မှာကျွန်တော်တို့စီမှာ ပြဿာနာရှိတာပေါ့၊ ဥပမာ ရပ်ကွက်တစ်ကွက်ရပ်ကိုဘယ်လောက်ပဲပေးရမယ်ဆိုပြီးမှ ကန့်သတ်တာမျိုး အဲ့ဒီမှာ မသန်စွမ်းလိုမျိုးရှိမယ်၊ သားသမီးကျောထောက်နောက်ခံမရှိတာမျိုးရှိမယ်။ နောက်ဝင်ငွေမရှိတဲ့ သက်ကြီးရွယ်အိုသူမျိုးတွေရှိမယ်။ ပင်စင် မရတဲ့ဟာပေါ့အဲ့လိုမျိုးရှိမယ်။ အဲ့လိုမျိုးလူတွေက အယောက် ၁၃၀-၁၄ဝလောက်ရှိနေတယ်ဗျာ၊အဲ့တာကိုအယောက် ၅၀၊၆၀ လောက်ပဲလက်ခံတယ်ဆိုတာမျိုးက သိပ်ပြီးတော့အဆင်မပြေဘူးပေါ့ဗျာ။” ဟု ဆလိုင်းမာန်အွမ်ကပြောသည်။

နိုင်ငံတော်အစိုးရသည် ကိုဗစ်ကာလအတွင်း စီးပွားရေးထိခိုက်မှုသက်သာစေရေးစီမံချက်ဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်လျက်ရှိရှိပြီး ယခုတစ်ကြိမ်သည် စတုတ္ထအကြိမ်မြောက် ပေးအပ်ခြင်းဖြစ်သည်။ ကိုဗစ်ထောက်ပံ့ကြေးများပေးအပ်ရာတွင် Stay at Home အဖြစ်သတ်မှတ်ထာသည့်ဒေသကို တစ်အိမ်ထောင်လျင် ကျပ်ငွေ ၄၀၀၀၀ နှုန်း၊ ကျန်ဒေသများကို ကျပ်ငွေ ၂၀၀၀၀ နှုန်းဖြင့် ပေးအပ်နေခြင်းဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းသူမှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားချက်အရ ချင်းပြည်နယ်တွင် ထောက်ပံ့ကြေးရရှိမည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၆၉၁၄ စုရှိသည့်အနက် နိုဝင်ဘာလ ၂၃ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၂၅၈၈၉ စုကို ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အိမ်ထောင်စု ပေါင်း ၁၀၂၅ စုအား ထောက်ပံ့ကြေးပေးအပ်ရန်ကျန်ရှိနေသေးသည်ဟု သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူတိုင်းခက်ခဲသည့်ကာလဖြစ်သဖြင့် အစိုးရမှ ထောက်ပံ့ပေးနိုင်ပါက စည်းကမ်း သတ်မှတ်ချက်မထားဘဲ လူတန်းစေ့ ထောက်ပံ့ပေးသင့်ကြောင်း ချင်းပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ASORCOM အဖွဲ့၏ ဒါရိုက်တာ ကိုမိုက်ကယ်ကပြောသည်။

“ကျနော်တို့နေတဲ့ ကျေးရွာမှာတော့ ရွာကသေးတော့ ရသင့်တဲ့သူတွေအကုန်ရကြတယ်၊ ဒါပေမယ့် တစ်ခြားကျေးရွာတွေ မှာ ရသင့်ရဲ့သားနဲ့မရတဲ့သူတွေရှိတယ်၊ ပြီးတော့ နိုင်ငံခြားမှာနေတဲ့ မိသားစုဝင်ရှိတဲ့သူတွေရယ်၊ ဝန်ထမ်းမိသားစုဝင်တွေ ဆိုရင် မပေးဘူးလို့ပြောတယ်၊ တစ်ကယ်က ကိုဗစ်ကာလမှာက အကုန်ခက်ခဲ့ကြတာပါ၊ နိုင်ငံခြားမှာနေတဲ့သူတွေလည်း အခက်အခဲရှိတာဘဲ၊ အစိုးရအနေနဲ့ တတ်နိုင်တယ်ဆိုရင်တော့ ထောက်ပံပေးတာတွေကို လူတိုင်းစေ့ ပေးသင့်တယ်လို့မြင်တယ်”ဟု ကိုမိုက်ကယ်မှပြောသည်။

အဆိုပါ ကိုဗစ်ထောက်ပံ့ကြေးပေးနိုင်ရေးအတွက် စာရင်းကောက်ရာတွင် အစိုးရအနေဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ အနီးကပ်မှ အကြောင်းကြားကာ ကောက်ခိုင်းသဖြင့် စာရင်းအားလုံးကောက်နိုင်ရန် အချိန်လုံလောက်မှုမရှိကြောင်း၊ ထောက်ပံ့ကြေးရရှိသင့်ပါလျက် စာရင်းတွင်မရှိသူအများအပြားရှိခဲ့သည်ဟု သိရသည်။

ထို့ကြောင်လည်း ကိုဗစ်ကာလငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြို့နယ်အတော်များ များတွင် ထောက်ပံ့ကြေးရရှိသင့်ပါလျက်နှင့် ထောက်ပံ့ကြေးမရရှိမှုကြောင့် မကျေနပ်၍ တိုင်းကြားမှုအမြောက်အများ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြမှုလည်းဖြစ်ပွားခဲ့သည်။

အဆိုပါကိုဗစ်ထောက်ပံ့ကြေးကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်ကြား မှုပေါင်း ၃၇၅၇၅ အထိရှိခဲ့ပြီး ယင်းအနက်ချင်းပြည်နယ်တွင် တိုင်ကြားစာ ၁ မှုသာရှိသည်ဟု ဝန်ကြီး ဦးမင်းသူမှ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်တွင် ကိုဗစ်ထောက်ပံ့ကြေးများပေးအပ်ရန် ရပ်/ကျေး/အုပ်စုမှတဆင့် တက်လာသည့်စာရင်းအတိုင်း ၂၆၉၁၄ အိမ်ထောင်စုအား စနစ်တကျပေးခြင်းဖြစ်သဖြင့် တစ်ပြည်နယ်လုံးရှိ အိမ်ထောင်စုပမာဏနှင့် တွက်ကြည့်ပါက ဖြစ်နိုင်ချေရှိ သည့်အရေအတွက်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းကပြောသည်။

“ကျွန်တော်တို့အခြေခံလူတန်းစား၊ လက်လုပ်လက်စား ဒီလိုလူမျိုးတွေကိုထောက်ပံ့ဖို့အတွက်ကို ကျွန်တော်တို့က စာရင်း ဇယားကောက်ပြီးတော့မှ ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့် စာရင်းဇယား နောက်ဆုံးကောက်တဲ့ အခါမှာ ၂၆၉၁၄ အိမ်ထောင်စုရှိပါတယ်၊ ခုနအိမ်ထောင်စုပေါင်း ကိုးသောင်းကျော်နဲ့ ပြန်တွက်မယ်ဆိုရင် သူက သုံးပုံတစ်ပုံနီးပါး၊ လေးပုံ တစ်ပုံကျော်ကျော်ရှိတယ်၊ ပြန်တွက်ကြည့်မယ်ဆိုရင် ဖြစ်နိုင်ချေရှိတဲ့ ကိန်းဂဏန်းပါပဲ၊ ဒါကအခြေခံကျတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ကောက်ပြီးတော့မှပေးတာ”ဟု ဦးတိုးဝင်းကပြောသည်။

ချင်းပြည်နယ်တွင် အိမ်ထောင်စုပေါင်း ၉၉၄၆၁ အိမ်ထောင်စုရှိသည့်အနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၆၉၁၄ စုကသာ ကိုဗစ်ထောက်ပံ့ကြေးရရှိနိုင်ကြမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ယခုထက်မကအမြောက်အများရှိနေနိုင်ပြီး အရေအတွက်ကန့်သတ်ချက်ကြောင့် အမှန်တကယ်ဒုက္ခရောက်နေပါလျက်နှင့် ချန်ထားခံရခြင်းမျိူးမရှိစေကြောင်း Third Eye အဖွဲ့မှ ဆလိုင်းမာန်အွမ်က ထောက်ပြထားသည်။

“အခြေခံလူတန်းစားတွေကိုရွေးချယ်တဲ့နေရာမှာ အမှန်တကယ်ကိုဒုက္ခရောက်နေတဲ့သူတွေကို စည်းကမ်းတကျ နဲ့ ကိုက်ညီတယ်ဆိုရင်လက်ခံပြီး ဘယ်နှစ်ယောက်ပဲလက်ခံမယ်၊ ဘယ်နှစ်ယောက်ပဲ စာရင်းတင်ရမလဲဆိုပြီး အထက်ကနေ အရေအတွက်လျှော့ချတာမျိုးမဟုတ်ပဲ အမှန်တကယ်နိုင်ငံတော်ကနေထောက်ပံ့ပေးဖို့လို အပ်နေတာလား၊ မလိုအပ်ဘူး လားဆိုပြီး စာရင်းဇယားတွေကိုအမှန်တကယ်အတည်ပြုပြီးတော့ ထောက်ပံ့ပေးသင့်တယ်၊ တကယ်ဒုက္ခရောက်နေတဲ့ သူတွေကိုလည်း အရေအတွက်အရ ချန်ထားတာမျိုးမဟုတ်ပဲနဲ့ အားလုံးကိုထိထိရောက်ရောက်နဲ့ပံ့ပိုးကူညီပေးတာ မျိုးတော့ဖြစ်စေချင်တယ်’’ ဟု ဆလိုင်းမာန်အွမ်ကပြောသည်။

November 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...