နှင်းနှင်း — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းအောင်စိုးသည် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ ဖမ်းဆီးခံရသည်မှာ နိုဝင်ဘာလ၂၉ ရက်နေ့က ၄ လ ပြည့်ခဲ့ပြီဖြစ်ကာ မိသားစုဝင်များအနေဖြင့် အလွန်စိုးရိမ်ပူပန်နေကြပြီး အမြန်းဆုံးပြန်လွတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကတောင်းဆိုလိုက်သည်။
KACC ပြောရေးဆိုခွင့်ရှိသူ မနန်းဝေက “ကျမတို့ ၂၉ ရက်နေ့တုန်းက ၄ လပြည့်သွားတာပေါ့နော်အချိန်အရမ်းကြာပြီ စစ်ဖက်နဲ့ မသက်ဆိုင်တဲ့ သာမာန်အရပ်သားအပြစ်မဲ့ပြည်သူဖြစ်တဲ့အတွက် အမြန်းဆုံးပြန်လွတ်ပေးဖို့ တော်တော်လေး အချိန်တန်နေပြီဖြစ်တဲ့အပြင် မိသားစုဝင်တွေလည်း အရမ်းစိတ်ပူနေပြီးဖြစ်တဲ့အတွက် AA အနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေးစေချင်တယ်” ဟုပြောသည်။
ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သော ဇူလို်င်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကျန် (၃) ဦးမှာလွတ်မြောက်လာပြီးဖြစ်သော်လည်းဆလိုင်းအောင်စိုး မှာမှု ယနေ့အချိန်ထိလွတ်မြောက်လာခြင်း မရှိသေးခြင်း ဖြစ်သည်။
ဆလိုင်းအောင်စိုး၏ ကျန်းမာရေးအခြေအနေများသိရှိနိုင်ရန်အတွက် ဖခင်နှင့် ညီဖြစ်သူမှာ လွန်ခဲ့သော (၄) ရက်ခန့်တွင်သွားရောက်စုံစမ်းခဲ့သော်လည်း လမ်းတစ်ဝက်ထိသာသွားခွင့်ရခဲ့ကြောင်း ယောက်ဖတော်စပ်သူ ကိုရမ်းနှင်းကပြောသည်။
“သူ့အဖေနှင့်ညီတစ်ယောက်နဲ့သွားပြီးတော့ လမ်းတစ်ဝက်ထိပဲသွားတယ်၊ သွားစုံစမ်းကြည့်တော့ အဲ့နေရာကို ကိုယ်တိုင်သွားလို့မရဘူး ဖမ်းထားတဲ့နေရာက ဘယ်နေရာလဲဆိုတာမသိဘူး၊ အရင်က ဖမ်းထားခဲ့တဲ့နေရာ အဲ့ရွာအထိကို နယ်ကဥက္ကဌတွေက မသွားခိုင်းဘူး၊ AA ကမလာနဲ့လို့ ပြောထားတာလားမသိဘူး၊ သွားလို့လည်းမရဘူး၊ စကားကိုတော့ လူကနေတဆင့်ဆင့်ပြန်ပြောခိုင်းတာပေါ့ တိကျမှန်ကန်တဲ့သတင်းကမရသေးဘူး၊ တခြားဘာမှထူးခြားတာမျိုးမရှိသေးဘူး။ အရင်ကလည်း ကျန်းကျန်းမာမာနဲ့နေပါတယ်၊ ပြန်လွတ်လာပါတယ်လို့ပြောတာလည်းခါတိုင်းလည်းကြားနေရတော့ သိပ်လည်းမယုံနိုင်တော့ဘူး၊ တခုခုများဖြစ်နေပြီလားသူ့အသက်တောင်ရှိသေးရဲ့လား သူက အဆုတ်ရောဂါနည်းနည်းရှိတော့ စိုးရိမ်နေရတယ်” ဟု ယောက်ဖတော်စပ်သူ ကိုရမ်းနှင်းကပြောသည်။
KACC ၏စာရင်းအရ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်မှလက်ရှိအချိန််ထိ ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် အရပ်သားအားလုံးပေါင်း ၁၀၅ ဦးထိရှိခဲ့ပြီး ၈၄ ဦးမှာပြန်လည်လွတ်မြောက်လာပြီးဖြစ်ကာ လက်ရှိတွင် လွတ်မြောက်ခြင်းမရှိသေးသူ ၂၂ ဦးရှိကြောင်းသိရသည်။