“၂ဝ၁၅ အခင်းအကျင်းတုန်းကလို မဟုတ်ပဲနဲ့ ပုံစံတစ်မျိုးမျိုးပြောင်းလဲလာရင်တော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေက ဝန်ကြီးချုပ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်”

“၂ဝ၁၅ အခင်းအကျင်းတုန်းကလို မဟုတ်ပဲနဲ့ ပုံစံတစ်မျိုးမျိုးပြောင်းလဲလာရင်တော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေက ဝန်ကြီးချုပ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်”
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှနှင့်အင်တာဗျူး

ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့်အနိုင်ရရှိထားသည့် လက်ရှိအာဏာရပါတီ NLDက ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားများ ပိုမိုပူးပေါင်းပါဝင်လုပ်ဆောင်ရန် ဖိတ်ခေါ်ထားသည်။ ထို့သို့ ဖိတ်ခေါ်ထားသဖြင့် တိုင်းရင်းသားများပါတီများကို တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့များတွင် ထိပ် ပိုင်းခေါင်းဆောင်နေရာများကို ပေးမည်လားဟူ၍ မေးခွန်းများရှိလာသည်။ သို့သော်လည်း ထိုသို့ နေရာပေးပါက တိုင်းရင်းသားပါတီများအနေဖြင့် သဘောတူလက်ခံရန်ရှိမရှိနှင့် တကယ်၍ ပေးအပ်လာမည်ဖြစ်ဆိုပါက မည်သို့ ပြင်ဆင်ထားသလဲဆိုသည်များနှင့်ပတ်သက်၍ သုံးသပ်နိုင်စေရန် ပြည်နယ်တွင် နေရာအများဆုံးအနိုင်ရရှိခဲ့သော ဒေသခံပါတီတစ်ခုသည့် ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှအား ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။

မေး- ရခိုင်ပြည်နယ်မှာ ANP ပါတီက အများဆုံးအနိုင်ရရှိထားပါတယ်။ လာမယ့် အစိုးရသက်တမ်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ရေးနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌရဲ့ အမြင်လေးကို သိချင်ပါတယ်။

ဖြေ- လောလောဆယ် ပြောမယ်ဆိုရင် ဒီရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေဘယ်လို ပုံစံဖြစ်လာမလဲ ဆိုတဲ့အပေါ်မှာ နည်းနည်းမူတည်မယ်ထင်တယ်။ ဘာဖြစ်လို့ဆိုရင် အခုလက်ရှိ အာဏာရ ပါတီဖြစ်တဲ့ NLD ပါတီကလည်း တိုင်းရင်းသားပါတီတွေကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းထားတဲ့စာတွေ၊ အသိပေးတဲ့စာမျိုးတွေလည်း လိုင်းပေါ်မှာ တင်ထားတာတွေလည်း တွေ့တယ်။ အဲဒါကြောင့် အခုလက်ရှိ ကိုယ်စားလှယ် အများဆုံးအနိုင်ရသွားတဲ့ လက်ရှိ အာဏာရ NLD ပါတီရဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေအပေါ်မှာ ချမှတ်ထားတဲ့ သဘောထားအပေါ်မှာ အဓိကတည်မယ်။ လက်ရှိအခြေအနေမှာ NLD ရဲ့ တိုင်းရင်းသားပါတီတွေ အပေါ် သဘောထားက ပြောင်းလဲ လာတဲ့ ပုံစံတစ်ခုကိုတော့ တွေ့ရတယ်။ NLD ပါတီ အနေနဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ထိတွေ့ ဆက်ဆံမူတွေ အားနည်းခဲ့တဲ့ အခြေအနေတွေရှိခဲ့တယ်။ ဒီဟာကို NLD ကနေ ပြန်ပြီးသုံးသပ်တဲ့ အခြေအနေမျိုးရှိတဲ့ အတွက်ကြောင့်မို့ လက်ရှိဒီရွေးကောက်ပွဲအလွန်မှာ မြန်မာနိုင်ငံရေး အခင်းအကျင်းက တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိလာနိုင်တယ်လို့သုံးသပ်လို့ရတယ်။ အရင်တုန်းက ၂ဝ၁၅ အခင်းအကျင်းတုန်းကလို မဟုတ်ပဲနဲ့ ပုံစံ တစ်မျိုးမျိုးပြောင်းလဲလာရင်တော့ ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေက ဝန်ကြီးချုပ် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဘယ်သူဖြစ်လာနိုင်မလဲ၊ ဘယ်ပါတီကလူကို ခန့်မလဲ ဆိုတာကတော့ NLD က ထိပ်ပိုင်း ခေါင်းဆောင်တွေဘဲ သိပါလိမ့်မယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်တုန်းကလို  သမ္မတကနေပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်ကို သူတို့ပါတီက လူကိုဘဲ ရွေးချယ်ခန့်မယ်ဆိုရင်လည်း ခန့်နိုင်တယ်။ အဲသလို ခန့်ရင်တော့ အခုလက်ရှိ ပုံစံအတိုင်းပဲ ဖြစ်ကောင်း ဖြစ်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ပြောလိုတယ်။

မေး- ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးအနိုင်ရရှိထားတဲ့ ANP အနေနဲ့ကော ဝန်ကြီးချုပ်နေရာကို မျှော်မှန်းထားတာရှိပါသလား။ တောင်းဆိုသွားဖို့ကောရှိပါသလား။

ဖြေ- ကျွန်တော်တို့ကတော့ အခုလာမယ့် နိုင်ငံရေး အခင်းအကျင်း၊ လွှတ်တော်အခင်းအကျင်းနဲ့ အနိုင်ရရှိသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နိုင်ငံရေးပေါ်လစီ အပြောင်းအလဲကို လေ့လာ သုံးသပ်နေဆဲ ဖြစ်တယ်။ NLD အစိုးရရဲ့ ပြောခွင့်ရသူတွေက အမျိုးသားညီညွတ်ရေးအစိုးရလိုမျိုး  National Unity Government မျိုးထုတ်ဖော်ပြောဆိုလာတာတွေရှိတယ်။  National Unity Government ကို ဘယ်လိုပုံစံဖွဲ့မယ်ဆိုတဲ့ ပုံစံမျိုးက အသေးစိတ်ကတော့ ထွက်မလာသေးဘူး။ ဒီတော့ လောလောဆယ် ပြောဖို့ နည်းနည်း စောနေသေးတယ်။ NLD တာဝန်ရှိသူတွေက ANP အပေါ် ဘယ်လို သဘောထားတယ်ဆိုတာလည်း တိတိကျကျ မသိရသေးဘူး။ သူတိုရဲ့ သဘောထားကိုလည်း တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုးလည်း မရှိသေးဘူး။ ပြောဆိုဆွေးနွေးလာမှ ဒီအပေါ်မှာ မူတည်ပြီး အဲဒါကိုကျွန်တော်တို့ ဒီအခင်းအကျင်းမျိုးမှာ ဘယ်လိုပါဝင်ရမယ်။ ဘယ်လိုအခင်းအကျင်းမျိုးမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် မူတည်ပြီးမှ အဲဒါကို ကျွန်တော်တို့ သေသေချာချာ ပြန်ပြောနိုင်မယ်။ အဲဒါကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီရွေးကောက်ပွဲအလွန် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ ပေါ်မှာသာ မူတည်နေသေးတယ်။

မေး- ရခိုင်ပြည်သူတွေအများစုက ရခိုင်ပါတီကို မဲပေးကြတယ်။ ဒီအပေါ်မှာရော မဲဆန္ဒရှင်တွေအပေါ် ဘာများပြောချင်ပါလဲ။

ဖြေ- ကျွန်တော်တို့ပါတီက မြန်မာနိုင်ငံက စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု၊ ကိုယ့်ကြမ္မာကိုယ်တိုင်ဖန်တီးခွင့် ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ ဒီပါတီနိုင်ငံရေးကို ကျွန်တော်တို့ လုပ်ကိုင်နေတာဖြစ်တယ်။ ရခိုင်ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ ပါတီကို မဲပေးလိုက်တဲ့ ပြည်သူတွေအနေနဲ့ ဒီနိုင်ငံရေး ဖြစ်စဉ်ကြီးမှာ  ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့နိုင်ငံမှာ အမျိုးသားတန်းတူ ညီညွှတ်ရေး ရရှိအောင် အခွင့်အရေး ရရှိအောင်အတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခင်းအကျင်းမှာလည်း လိုက်ပါပြီး၊ ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ပေးကြပါလို့ ကျွန်တော်အဲဒီလိုပြောချင်ပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...