“၂၀၂၀ မှာ မဲနိုင်ရင် ခံစစ်ကနေ တိုက်စစ်ကိုပြောင်းမယ်။ ဝေဖန်စရာရှိရင် ဝေဖန်မယ်။ လွှတ်တော်မှာလည်း ပြင်းထန်လာမယ်။ ဒီ ၂၀၂၀ မှာ တိုက်စစ်ဆင်မယ်လို့ ကျွန်တော်ကတိပေးရဲပါတယ်”

“၂၀၂၀ မှာ မဲနိုင်ရင် ခံစစ်ကနေ တိုက်စစ်ကိုပြောင်းမယ်။ ဝေဖန်စရာရှိရင် ဝေဖန်မယ်။ လွှတ်တော်မှာလည်း ပြင်းထန်လာမယ်။ ဒီ ၂၀၂၀ မှာ တိုက်စစ်ဆင်မယ်လို့ ကျွန်တော်ကတိပေးရဲပါတယ်”
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

NLD ပါတီမှ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးနှင့်အင်တာဗျူး

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်ရှိ ညောင်ရွှေမြို့နယ်သည် ပြည်တွင်း/ပြည်ပခရီးသွားများကို အဓိကစွဲဆောင်နိုင်သည့် အင်းလေးကန်တည်ရှိရာ မြို့နယ်တစ်ခုဖြစ်သည်။ ၎င်းမြို့နယ်တွင် လူဦးရေ တစ်သိန်းခုနစ်သောင်းကျော်ရှိသည့်အနက် အင်းလူမျိုး တစ်သိန်းကျော်နေထိုင်သည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်မှုပုံစံအမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း ထို့မြို့နယ်တွင် အင်းသားအများစု ကျူကျော်များအဖြစ် ရောက်ရှိနေမှုများ၊ လူမှုဘဝနိမ့်ကျနေမှုများဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ထို့ကြောင့် ယင်းအခြေအနေများနှင့်ပတ်သက်၍ ၎င်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမြို့နယ်၌ပင် ပြည်သူ့လွှတ်တော်နေရာအား ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ ဦးနေမျိုးအား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

မေး ။    ။ ပထမဆုံး သိချင်တာက ရွေးကောက်ပွဲကို ဘာကြောင့် ထပ်ဝင်ပြိုင်ဖြစ်တာလဲ။

ဖြေ ။    ။ အင်းလေးဒေသအတွက် လုပ်ဆောင်စရာတွေ အများကြီးကျန်သေးတယ်။ ၂၀၁၅ တုန်းက ပေးခဲ့တဲ့ ကတိက ဝတ်တွေလဲကျန်သေးတယ်။ဒါတွေကို ကျွန်တော်တို့တာဝန်ကျေပြွန်အောင် ဆက်လက် ဝင်ပြိုင်ရခြင်းဖြစ်တယ်။

မေး ။    ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ငါးနှစ်တာအတွေ့အကြုံအရ ဒေသတွင်းမှာ ပြည်သူတွေရဲ့လိုအပ်ချက်က အဓိကဘာ ဖြစ်မလဲ။

ဖြေ ။    ။ ရုပ်အားဖြင့်ကတော့ ကျောင်းတွေ၊ လမ်းတွေ၊ မီးတွေ ဒါ အဓိကရုပ်ပစ္စည်း လိုအပ်ချက်တွေပေါ့။ စိတ်ဓါတ်ရေးရာ အရဆိုရင် ကျွန်တော်တို့ အင်းသူအင်းသား တွေဟာ ကမာ္ဘကျော်တယ်။ အင်းလေး ရေပြင်ကို အသုံးပြုပြီးတော့ သွားလာလှုပ်ရှားရတယ်။ ဒါပေမဲ့ တစ်ခြားမြို့တွေမှာ မရှိတဲ့ ဌာနတွေကြောင့် ဥပမာ ဘေးမဲ့လိုမျိုးပေါ့။ကျွန်တော်တို့ အင်းသူအင်းသား တွေဟာမြေဂရမ် ရှိပေမဲ့၊ရေ ဂရမ် မရှိဘူး ။ မြေစာရင်း ရှိပေမဲ့ ရေစာရင်းမရှိတော့  ကျွန်တော်တို့ အင်းသူအင်းသား တွေဟာ ခုထက်ထိ ပုံစံ ၇ မရတာတွေ၊ ကျူးကျော် ဘ၀ ရောက်နေရတာတွေ ကျွန်တော်တို့ မဖြေရှင်း နိုင်သေးဘူး ။ ဒါတွေကို ဆက်လက် ဆောင်ရွက်ဖို့ ကြိုးစားသွား ပါမယ် ။

မေး ။    ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ငါးနှစ်တာ ကာလအတွင်း မြို့နယ်အတွက် ဘာတွေ ကို ဆောင်ရွက်ပြီးစီးခဲ့လဲ။

ဖြေ ။    ။ ရုပ်ပစ္စည်းအရဆိုရင်တော့ အင်းပတ်လမ်းတွေ စံကားတောင်ပိုင်းအထိ မီးလင်းသွားတာတွေ၊ အင်းပတ်လမ်းတစ်ခုလုံးမှာ ရှိတဲ့ သစ်သား တံတား တစ်ခုမှ မကျန် ရှိစေရေး၊ ကွန်ကရစ်တံတားဖြစ်ရေးတွေ ညောင်ရွှေဟော် နန်း အရေး သမိုးင်းအဖြောက်ခံ ထားရတဲ့ စဝ်ရွှေသိုက်သမိုင်း ကိစ္စတွေ ကိုယ့်ခြေကိုယ့်လက် နဲ့လုပ်နိုင်သွားတယ်ပေါ့ ။ စိတ်ဓါတ်ရေးရာ အရလဲ ကျွန်တော်တို့ အင်းသူအင်းသား တွေဟာရိုးသားစွာ ဘာသာတ ရား ကိုင်းရှိုင်းတဲ့လူမျိုးတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ပြနိုင်ခဲ့တယ်။ ဖောင်တော်ဦး ဘုရားပွဲတော်ကြီးတွေကို  နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို ခေါ်ပြီးတော့ပြနိုင်သလို အင်းသားအမျိုးသားနေ့ဆိုပြီးတော့လည်း ကျွန်တော်တို့ ၁၀ ကြိမ်အထိလုပ်နိုင် သွားပြီ။ ဒါလေးတွေက တကယ့် အောင်မြင်မှုပါ ။

မေး ။    ။ ပြီးခဲ့တဲ့ ငါးနှစ်တာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့  ဖြတ်သန်းခဲ့တဲ့ ကာလမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေက ဘာဖြစ်မလဲ။

ဖြေ ။    ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့အ လုပ်က ပြည်သူနဲ့ဌာန ဆိုင်ရာ ကြား ဌာနဆိုင်ရာနဲ့ အစိုးရကြားပေါင်းကူးပေးတဲ့ ကိုယ်စားလှယ်ဖြစ်တယ် ။ ပြည်သူ ကနေတိုက်ရိုက်အစိုးရကို တင်လိုက်ရင် အုပ်ချုပ်ရေးအာဏာကို ကျော်တယ်လို့ ဖြစ်လာမှာ ကြားထံမှာ ဌာနဆိုင်ရာ ဆိုတာရှိတယ် ။ အခုကျွန်တော် ကြုံတွေ့နေရတဲ့ အခက်ခဲဆုံး ကတော့ ဌာနဆိုင်ရာတွေရဲ့ခေါက်ရိုးကျိုးမှု ညွှန်မှူး ညွှန်ချုပ်တွေ ရဲ့အရင်အ ကျင့် တိုင်းရှိနေဆဲ အစိုးရဘယ်လောက်ကောင်းကောင်း ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်တွေဘယ်လောက် ကောင်းကောင်း ဌာနဆိုင်ရာတွေ ရဲ့ကြိုးနီစနစ် ကြီးကမပြင်သေးဘူး ။ ဒါတွေကို ကျွန်တော်တို့ ၂၀၂၀ ရွေး ကောက်ပွဲနိုင်သွားရင် ပြုပြင် သွားမှာပါ ။

မေး ။    ။ လွှတ်တော် ကိုယ်စားလှယ်သက်တမ်းတစ် လျှောက်လုံးမှာ ကျေနပ်အားရဆုံး လုပ်ဆောင်မှု ရှိခဲ့လား။

ဖြေ ။    ။ ကျွန်တော်က နိုင်ငံရေးသမား မဖြစ်ချင်ဘူး ကျောင်းဆရာပဲဖြစ်ချင်ခဲ့ တာ ။ ကျောင်းဆရာလုပ်နေရင်း အလုပ်ပြုတ်ထောင်ကျလို့သာ နိုင်ငံရေးသမားဖြစ်လာရတာ လေ ။ ဒီညောင်ရွှေမှာပဲ ကျွန်တော် ပရဟိတဂေဟာ ဖွင့်ထားပါတယ်။ ဒီကလေးတွေနဲ့ အတူစား အတူအိပ် တယ် ။ ဒီကလေးတွေကို အနာဂတ်ခေါင်းဆောင်တွေ အဖြစ် ပြုစု ပျိုးထောင်ခဲ့တယ် ။ ကျွန်တော် ပရဟိတဂေဟာက ကလေးတွေကို ကျောင်းစာအပြင် ကွန်ပျူတာ ၊ အင်္ဂလိပ်စကားပြောသင်တန်း သိုင်းပညာကအစ ကျွန်တော်တို့ အကုန် တတ်အောင်သင်ပေးထားတယ် ။ လက်မှုလုပ်ငန်းတွေ အစသင်ပေးတယ် ကလေးတွေ ကိုပဲအားကိုးပြီးတော့ ပညာတတ်တဲ့ ဦးနှောက်ဖွံ့ဖြိုးတဲ့ ကလေးတွေအဖြစ် ပြူစု ပျိုးထောင်ပေးရတာ ကျွန်တော်ကျေနပ်အားရမှု အရှိဆုံးပဲ ။

မေး ။    ။ အခုရွေးကောက်ပွဲမှာ ဆက်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ဒေသတွင်း ပြည်သူလူထုတွေအတွက် အဓိက ဘာတွေ လုပ်ဆောင်ပေးသွားမလဲ ။

ဖြေ ။    ။ ရုပ်ပစ္စည်းပိုင်းဆိုင်ရာ လမ်း၊ တံတား ၊ ကျောင်းကြတော့ ပြီးခဲ့တဲ့ လွှတ် တော် သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော် ဘတ်ဂျက်နဲ့ အကြားအလတ် မကျန် အောင် အကုန်တောင်းထားတယ် ။ လွှတ်တော် ကတိတွေကိုလဲ အကုန်တောင်း ထားတယ် ။ တကယ်လို့များကျွန်တော် ရှုံးသွားခဲ့တယ်ဆိုရင်တောင် နောင်တက် လာမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် လွှတ်တော်မှာ ဒီကတိကဝတ်တွေ ဆက်လက်ဆောင် ရွက်သွားရင် တော်တော်လေးအဆင်ပြေမှာ ပါ ။ တကယ်လို့ ကျွန်တော်နိုင်ခဲ့ရင်လဲ အဲ့ဒီကတိကဝတ်တွေ အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ ။

မေး ။    ။ အရင်က ရခဲ့တဲ့ အတွေ့အကြုံတွေအပေါ် ပိုကောင်းအောင် ဘာတွေ များထပ်ပြီး ဆောင်ရွက် သွားဖို့ရှိလဲ။

ဖြေ ။    ။ ပြည်သူသာလျှင်အဓိက၊ ပြည်သူတွေ တက်တက်ကြွကြွနဲ့ တစ်ခြား မြို့ ရွာ တိုင်းဒေသတွေနဲ့ ယှဉ်ပြိုင်ပြီးတော့ လုပ်သွားနိုင်တဲ့ အမှိုက်ရှင်းတဲ့ ကိစ္စဆိုရင် တစ်ခြား မြို့တွေကတောင်လာလေ့လာရတဲ့ အမှိုက်သိမ်းစနစ်ပါ။ နောက်ပြီးအင်းလေးကန်ကြီးကို ဒီထက် ပို သဘာ၀ပတ်ဝန်းကျင်ထိန်းတဲ့ နေရာ တောင်တောင်သဘာ၀ ပတ်ဝန်းကျင် သစ်ပင်တွေ ပြန်လည်စိမ်းလန်းလာ စေချင်တယ်။လာမယ့် သားသမီးမြေးမြစ်တွေကို အင်းလေးကန် ကြီးခမ်းခြောက်တာကို ကျွန်တော်တို့ အမွေ မပေးချင်ဘူး ။ ပြည်သူတွေပါတဲ့ ဒီ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း မှုတွေကို အတူလက်တွဲလုပ်ချင်တယ်။

မေး ။    ။ လာမယ့်ရွေကောက်ပွဲမှာအနိုင်ရရှိဖို့ မိမိကိုယ်ကိုယ် ဘယ်လောက် ယုံကြည်မှုရှိသလဲ။

ဖြေ ။    ။ ကျွန်တော်ကတော့ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရမှာပဲ အခုမှစစိုက်တဲ့လူကတော့ ရိတ်သိမ်းဖို့အကြာကြီးစောင့်ရမှာပဲ ကျွန်တော်တို့ဟာ ဘ၀ကြီးနဲ့ယှဉ်ပြီး ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးခဲ့တယ် နိုင်မယ်လို့လဲ ယုံကြည်တယ်။ ဆက်လက်ပြီးတော့ ပြည်သူတွေက ကျွန်တော်တို့ကို တာဝန်ပေးမယ်လို့လဲ ယုံကြည်တယ် အဲ့ဒီအတွက်ကြောင့် ကျွန်တော် ယုံကြည်မှုရှိပါတယ်။

မေး ။    ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွပ်ပြောကြားချင်ပါသေးလဲ။

ဖြေ ။    ။ ကျွန်တော်တို့ဟာ ခေါင်းဆောင်ဖြစ်တဲ့ အမေအိုကြီးက ရွေးကောက်ပွဲအပြေးပြိုင်ပွဲမှာ ၂၅ ရာခိုင်နှုန်း အကျော်ပေးပြီးပြိုင်နေရတာ။ လုပ်ရတဲ့အလုပ်က ရာခိုင်နှုန်း လုပ်ပိုင်ခွင့်က ၇၅ ရာခိုင်နှုန်း အဲ့ဒီကြားထဲက မိုးကျရွှေကိုယ်ဌာနဆိုင်ရာတွေဖြုတ်ဖို့၊ ခရိုနီတွေ ကို ရအောင်ပြုပြင်ပြောင်းလဲသွားဖို့ ၂၀၂၀ မှာမဲနိုင်ရင် ခံစစ်ကနေ တိုက်စစ်ကိုပြောင်းမယ်။ အရင်လို ဒီဌာနဆိုင်ရာတွေကို ချော့မော့ပြီး ပေါင်းမနေတော့ဘူး။ ဥပဒေအရအရေးယူမယ်။ ဝေဖန်စရာရှိရင်ဝေဖန်မယ်။ လွှတ်တော်မှာလည်း ပြင်းထန်လာမယ်။ ဒီ ၂၀၂၀ မှာ တိုက်စစ်ဆင်မယ်လို့ ကျွန်တော် ကတိပေးရဲပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...