"ကျွန်မတို့ရဲ့ပန်းတိုင်က ရွေးကောက်ပွဲမဟုတ်ဘူး"

"ကျွန်မတို့ရဲ့ပန်းတိုင်က ရွေးကောက်ပွဲမဟုတ်ဘူး"

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြတ်သီတာထွန်းနှင့် အင်တာဗျူး

၂၀၂၀ ရွေးကောက်ပွဲ မွန်ပြည်နယ် မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီ ၁၇ ခုက ကိုယ်စားလှယ်လောင်း ၂၉၁ ဦးနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီများသည် ပြည်နယ်၏ မဲဆန္ဒနယ်အားလုံး ၄၅ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထို့နည်းတူ မွန်ပြည်နယ် အမှတ် ၈ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်သည်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီငါးခု ရှိနေပြီး  အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေသည်။ ထို့ကြောင့် ၎င်းမဲဆန္ဒနနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ NLD ၏ အမျိုးသားလွှတ်တော်အမတ်ဖြစ်ပြီး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်မြတ်သီတာထွန်းအား ယခြလွှတ်တော်သက်တွင်းဆောင်ရွက်ခဲ့မှုများ၊ ယခုရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြင်ဆင်ထားမှုများ၊ ရွေးကောက်ပွဲကတိကဝတ်များနှင့်ပတ်သက်၍ ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ယခု ငါးနှစ်တာကာလရှိတော့မယ့် လွှတ်တော်သက်တမ်းမှာ မဲဆန္ဒရှင်တွေအတွက် ဆောင်ရွက် ပေးခဲ့တာတွေထဲက မှတ်မှတ်ရရ ရှိနေတာ ဘာတွေရှိပါသလဲ။

ဒေါ်မြတ်သီတာထွန်း - ကျွန်မတို့ မဲဆန္ဒရှင် ပြည်သူတွေအတွက် ဆောင်ရွက်ပေးခဲ့တဲ့ဟာတွေကတော့ အများကြီးပေါ့နော်။ ဒေသဖွံဖြိုးရေးတွေ ရှိမယ်။ ပြီးလို့ရှိရင် မဲဆန္ဒရှင်ပြည်သူတချို့ ခံစားနေရတဲ့ ဌာနဆိုင်ရာတွေ နဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြေရှင်းပေးတာတွေရှိမယ်။ ပြီးတဲ့အခါ လွှတ်တော်မှာ ဆောင်ရွက် ချက်တွေ ရှိမယ် ပေါ့။ အဲဒီထဲကနေမှ မှတ်မှတ်ထင်ထင် ပြောရမယ်ဆိုရင်တော့ ဒေသဖွံ့ဖြိုးရေးတွေကတော့ ပြည်သူလူထုရဲ့ ရင်ထဲ က အသိအမှတ်ပြုတဲ့ဟာကတော့ ပိုပြီးတော့ ကောင်းမှာပေါ့နော်။ ကျွန်မကနေ ကျွန်မ ဘာလုပ်ပေးတယ်ဆိုတာ ပြောတာထက်စာရင် ပြည်သူလူထုရဲ့ အသိအမှတ်ပြုမှုဟာ သူတို့ ရင်ထဲမှာ ရှိနေမှာပဲပေါ့။ ကျွန်မ ဒါ ယုံကြည်တယ်။ ပြီးခဲ့တဲ့အခါကျတော့ လွှတ်တော်မှာ လုပ်ဆောင်တာတွေကတော့ အများကြီး ရှိပါတယ်။ ဥပဒေ တွေ ဆွေးနွေးတယ်။ လွှတ်တော်ရေးရာကော်မတီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကွင်းဆင်းဆောင်ရွက်ရတာတွေ ရှိတယ်။ အဲဒီထဲကနေမှ ကျွန်မ ကျေနပ် အားအရဆုံးကို ပြောရမယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ သံဖြူဇရပ်မြို့နယ် မဲဆန္ဒရှင် ပြည်သူတွေတင် မကဘူး၊ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ဆိုင်တဲ့ ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကို ကျွန်မတို့ ပါဝင်ဆွေးနွေးခဲ့တယ်ပေါ့။ အဲဒီမှာ ကျွန်မတို့ရဲ့ ဒီမိုကရေစီစံနှုန်းတွေကို ယုတ်လျော့စေတဲ့ လွှတ်တော်ထဲမှာ တပ်မတော် ပါဝင်နေမှု ရာခိုင်နှုန်း လျှော့ချဖို့ကိစ္စတွေ ကျွန်မတို့ ဆွေးနွေးခဲ့တယ်ပေါ့နော်။ ဒါကတော့ ကျွန်မတို့ သံဖြူဇရပ်မြို့နယ်က ပြည်သူတွေအတွက်တင် မဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြည်သူတွေအတွက်၊ ဒီမိုကရေစီအတွက်ကို ပြောခဲ့ရတာ၊ ဆွေးနွေးခဲ့ရတာတွေကတော့ အမှတ်တရပါပဲ။

မေး - အခုလွှတ်တော်သက်တမ်းမှာ မဲဆန္ဒရှင်တွေ ကိုယ့်ကို မဲပေးရွေးချယ်ခဲ့ရကျိုးနပ်တယ်လို့ ထင်မြင်ယူဆပါသလား။

ဒေါ်မြတ်သီတာထွန်း - အဲဒါလည်း ခုနက ပြောသလို ပြောရမယ်ဆိုရင် အဲဒီမေးခွန်းက ပြည်သူတွေကို မေးလိုက်တာ ပိုကောင်းမယ်ထင်တယ်။ မဲဆန္ဒရှင်ပြည်သူတွေက ကျွန်မတို့ကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခဲ့ရတာ ကျေနပ်တယ်ပေါ့နော်။ မဲပေးရတာ တန်တယ်လို့ထင်သလားဆိုတာက အမှန်က ပြည်သူတွေကို မေးတာက ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ပြည်သူနဲ့ တစ်သားတည်း အမြဲ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဖြေရမယ်ဆိုရင်တော့ ကျေနပ်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က တာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်းမှာ အဂတိလိုက်စားမှု လုံးဝမရှိဘူး။ ဒါ ကျွန်မတို့ ရဲရဲကြီး အာမခံရဲတယ်။ ၂၀၁၅ မှာ ပြည်သူတွေ ဝန်းရံထောက်ခံခဲ့တဲ့၊ ပေးခဲ့တဲ့ခွန်အားနဲ့ ကျွန်မတို့မှာ ရှိတဲ့ စာရိတ္တ၊ သတ္တိနဲ့ ပေါင်းပြီးတော့ ပြည်သူအတွက် စွမ်းစွမ်းတမံ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေကတော့ ကျွန်မတို့ကို မဲပေးရတာ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။

မေး  - ခုလာမယ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဒေါ်မြတ်သီတာထွန်း - ပြိုင်ဘက်ပါတီတွေကို အနိုင်ရဖို့ဆိုတာထက် ကျွန်မတို့ရဲ့ ပန်းတိုင်က ရွေးကောက်ပွဲမဟုတ်ဘူး။ ဒီမိုကရေစီပန်းတိုင်က ကျွန်မတို့ရဲ့ ပန်းတိုင်ပေါ့နော်။ ရွေးကောက်ပွဲဆိုတာကတော့ ဒီမိုကရေစီပန်းတိုင်ကို သွားဖို့အတွက်ကို ဖြတ်သန်းရတဲ့ မှတ်တိုင်ပေါ့။ အဲဒီတော့ ကျွန်မတို့က ရွေးကောက်ပွဲကို နိုင်ဖို့ ပြင်ဆင်တယ်ဆိုတာထက် ကျွန်မတို့နိုင်ငံအတွက်၊ ပြည်သူတွေအတွက်ကို ပြည်သူ့အင်အား၊ သြဇာသက်ရောက်တဲ့စနစ်ကို သွားဖို့အတွက် ကြိုးစားတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။  ဒီမိုကရေစီပန်းတိုင်ကို သွားဖို့အတွက် ရွေးကောက်ပွဲမှတ်တိုင်ကို ဖြတ်သန်းဖို့ ဆိုတာက ရွေးကောက်ပွဲ ဒီနေ့ပြီးရင် နောက်နေ့ကစပြီး တစ်ခါ ပြန်ပြီးတော့ ကြိုးစားရတယ်။ အဲဒီကြိုးစားမှုထဲမှာ ပြည်သူလူထုအတွက် ဆောင်ရွက်ချက်မှန်သမျှဟာ အဲဒီလိုမျိုး ကြိုးစားမှုလို့လည်း ပြောလို့ရတယ်။ တကယ်တော့ ကျွန်မတို့က ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တယ်ဆိုတာက ပြည်သူလူထုအတွက် ဆောင်ရွက်ပေးဖို့ ဝင်ပြိုင်တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့က တကူးတက တရည်တရွယ်နဲ့ ရွေးကောက်ပွဲနိုင်ဖို့ ပြင်ဆင်ခဲ့တာ မဟုတ်သော်ငြားလည်းပြည်သူလူထုအတွက် ဆောင်ရွက်ပေးသမျှဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်သလိုတော့ ဖြစ်လာခဲ့ပါတယ်။ ဒါက ကျွန်မတို့က ဒီတလောမှ ပြင်ဆင်တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲပြီး နောက်နေ့ ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေ တာဝန်ထမ်းဆောင်ရတဲ့က စပြီးတော့ ပြည်သူလူထုအတွက်၊ နိုင်ငံအတွက် ကိုယ် လုပ်သင့်လုပ်ထိုက်တာတွေ၊ လုပ်နိုင်စွမ်းရှိတာတွေ အကုန် လုပ်ခဲ့တယ်။ ဒါဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ပြောရင် ပြောလို့ ရနိုင်ပါတယ်။

မေး  - မဲဆန္ဒနယ်ထဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ အနေအထားမျိုး ရှိလာနိုင်ပါသလား

ဒေါ်မြတ်သီတာထွန်း - ပြိုင်ဘက်တွေကို ဘယ်တော့မှ လျှော့မတွက်ပါဘူး။ အမြဲတမ်း လေးစားပါတယ်။  သူ့အားသာချက်နဲ့သူ ရှိနေကြပါတယ်။ အဲဒီတော့ အကြိတ်အနယ်ဆိုရာမှာ တချို့နေရာတွေမှာ ကျွန်မတို့ အားသာတဲ့နေရာတွေ ရှိတယ်။ တချို့နေရာတွေက တချို့ပြိုင်ဘက်ပါတီတွေ အားသာတဲ့ နေရာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ တစ်မြို့နယ်လုံးနဲ့ခြုံပြီးတော့ ပြောရမယ်ဆိုရင်တော့ အကြိတ်အနယ်လို့ ပြောလို့မရဘူးပေါ့နော်။ ဒါပေမဲ့ တချို့ ရွာကလေးတွေ၊ အုပ်စုလေးတွေမှာတော့ အကြိတ်အနယ် ပြိုင်ရမယ့်နေရာတွေ ရှိပါတယ်။

မေး - NLD ဟာ ရေပန်းစား လူကြိုက်အများဆုံးပါတီဖြစ်နေပါတယ်။ မဲဆန္ဒရှင်တွေက ပါတီကိုမဲပေးတာလား၊ လူကိုမဲပေးတာလား၊ ဘယ်လိုမြင်ပါသလဲ။

ဒေါ်မြတ်သီတာထွန်း - ၂၀၁၅ တုန်းက ကျွန်မတို့ဆိုတာက ဘာမှမဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအနေနဲ့ ပါတီက တာဝန်ပေးတယ်ဆိုပေမဲ့ ပြည်သူက ကျွန်မတို့ကို အများကြီးမသိပါဘူး။ ပြည်သူသိတာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကျွန်မတို့ရဲ့ပါတီ ဥက္ကဋ္ဌ၊ ဒါကို ပြည်သူလူထုက အားပေးထောက်ခံခဲ့တာပါ။ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့က ပါမွှားလေးတွေပါ။ ဒါပေမဲ့ ၂၀၁၅ ကနေ ဒီနေ့ ဒီအချိန်အထိ ဆောင်ရွက်လာတဲ့အပေါ်မှာတော့ ပြည်သူလူထုက အမေစုကိုရော၊ ပါတီကိုရောအပြင် ဒေသခံပြည်သူတွေက ကျွန်မတို့ကိုလည်း အသိအမှတ်ပြုလာတာလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တကယ် နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့သည် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေ အရိပ်အောက်မှာပဲ သွားနေပါတယ်။ ပြည်သူလူထုကလည်း သူတို့နဲ့အတူတူ တသားတည်း နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ခေါင်းဆောင်နဲ့ ပါတီကိုပဲ ယုံကြည်ပြီးတော့ ကျွန်မတို့ကို မဲပေးဖို့အတွက် ဆုံးဖြတ်မှာဖြစ်ပါတယ်။

မေး - လာမယ့်ရွေးကောက်ပွဲမှာ မဲနိုင်ခဲ့ရင် မဲဆန္ဒနယ်မှာ ဘယ်ကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဒေါ်မြတ်သီတာထွန်း - ကျွန်မတို့ အခုဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ အရှိန်ရနေပြီ။ အဲဒီအရှိန်တွေကို ထပ်ပြီးတော့ တင်ပြီးတော့ ကျေးလက်နဲ့မြို့ပြ ကွာဟမှုမရှိအောင် ဖွံ့ဖြိုးရေးကိစ္စတွေအတွက်ကို ဆက်ပြီးတော့ ကျွန်မတို့ ဆောင်ရွက်သွားပါမယ်။ ပြီးတဲ့အခါကျရင် စီးပွားရေးဟာ အရေးကြီးတယ်၊ ဒေသတွင်းစီးပွားရေး၊ ကျွန်မတို့မြို့နယ် သံဖြူဇရပ်မှာ စီးပွားရေးအခွင့်အလမ်းတွေ အများကြီးရှိတယ်။ ခရီးသွားလုပ်ငန်းတွေ လုပ်လို့ရတယ်။ ရေလုပ်ငန်းတွေ ရှိတယ်။ ကျွန်မအနေနဲ့က ဒီသံဖြူဇရပ်မြို့နယ်အတွင်းမှာရှိတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေကို ဖော်ထုတ်ဖို့၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့အတွက်ကို အစွမ်းကုန် ကြိုးစားသွားမယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း ကျွန်မအနေနဲ့ လွှတ်တော်ထဲမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပါတီရဲ့ မူဝါဒတွေနဲ့အညီ အင်တိုက်အားတိုက် ဆောင်ရွက်သွားဖို့အတွက် မျှော်မှန်းထားပါတယ်။

နောက်ပြီးတော့ ကျွန်မဟာ အမျိုးသမီး တစ်ယောက် ဖြစ်တယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တာနဲ့အညီ အမျိုးသမီးတွေရဲ့ အသံကို မေ့ထားလို့ မရဘူး။ အမျိုးသမီးတွေနဲ့ တစ်ဆက်တည်း ရှိနေတာက ကလေးသူငယ်တွေ၊ အဲဒီတော့ ဒီ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကိစ္စတွေ၊ နစ်နာချက်တွေ၊ ဒါတွေကိုလည်း လျော့နည်းသွားအောင် အမျိုးသမီးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခုလက်ရှိမှာလည်း ကျွန်မတို့ သံဖြူဇရပ်မြို့နယ်မှာဆိုရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးမှာ နှစ်ဦးက အမျိုးသမီးဖြစ်ပါတယ်။ Gender Balance ဖြစ်ပါတယ်။ ကျွန်မက အဲဒီအစဥ်အလာကောင်းကို အများကြီး ဆက်ပြီးတော့လည်း ထိန်းသိမ်းသွားပါမယ်။ ၂၀၁၅ တုန်းကလည်း Gender Balance ဖြစ်ခဲ့ပါတယ်။ လက်ရှိ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်နေတဲ့ အန်တီဒေါ်တင်အိ၊ ကျွန်မ၊ အမျိုးသမီးနှစ်ယောက်။ အခုလည်း ကျွန်မတို့ ပြည်နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်အေး၊ ကျွန်မ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ Gender Balance ဖြစ်တယ်။ အဲဒီ အစဉ်အလာကောင်းတွေကို ဆက်ပြီး ထိန်းသိမ်းသွားမယ်။ နောက်ထပ် နောက်ထပ် လာမယ့်မျိုးဆက်သစ်နိုင်ငံရေးသမားတွေ၊ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီးတွေပါလာအောင်လည်း ကြိုးစားသွားမှာဖြစ်ပါတယ်။

မေး - တခြားဖြည့်စွက်ပြောချင်တာများရှိရင် ဖြည့်စွက်ပြေကြားနိုင်ပါတယ်။

ဒေါ်မြတ်သီတာထွန်း - တခြားတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ကျွန်မတို့ရဲ့ သံဖြူဇရပ်မြို့နယ်က မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကျွန်မတို့ ငါးနှစ်အတွင်းမှာ ဘာတွေဆောင်ရွက်ခဲ့သလဲ၊ ဘယ်လိုရပ်တည်ခဲ့သလဲဆိုတာ မျက်မြင်ထင်ရှား သိရှိပြီးဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့အရေးကိစ္စတွေမှာ ဆက်ပြီးတော့ ဆောင်ရွက်ခွင့်ရဖို့အတွက်ကို ပြည်သူလူထုဆီကထောက်ခံမှုတွေ ကျွန်မတို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လေးဦးစလုံးကို ထောက်ခံမဲတွေပေးပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...