ကျောက်မဲမြို့နယ် တည်းခိုခန်း မန်နေဂျာ လင်မယား(၂)ဦးသတ်ခံရ

ကျောက်မဲမြို့နယ် တည်းခိုခန်း မန်နေဂျာ လင်မယား(၂)ဦးသတ်ခံရ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ပေါင်းရွာရှိ တည်းခိုခန်း မန်နေဂျာ ဇနီးမောင်နှံ (၂) ဦး အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၈ ရက်ည (၁၀) နာရီ ဝန်းကျင်က တည်းခိုခန်း မန်နေဂျာ ဇနီးမောင်နှံ (၂) ဦး ဓားဒဏ်ရာ နှင့် သေဆုံးနေကြောင်း ကျောက်မဲမြို့ ဇိဝိတ လူမှုကူညီရေးအသင်းမှဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရားခံ မမိသေးတော့ အကြောင်းရင်းက ပြောလို့ခက်တယ်။ ဘာကြောင့် သတ်တယ်ဆိုတာ ပြောလို့ခက်တယ်” ဟု ဦးတင်မောင်သိန်း က ပြောသည်။

အသတ်ခံရသည့် အမျိုးသမီးသည် လက်ဝတ်ရတနာများ အမြဲဝတ်ဆင်သူတဦးဖြစ်ကြောင်း အသတ်ခံရ သေဆုံးချိန် ၄င်းတွင်၀တ်ဆင်ထားသော လက်ဝတ်ရတနာများမရှိတော့ကြောင်း ဦးတင်မောင်သိန်း က ပြောပြသည်။

“ အတွင်းသိ ဆက်ဆံရင်းနှီးတဲ့ လူတစ်ယောက် ဖြစ်ဟန်တူတယ် ” ဟု ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ တည်းခိုခန်းသည် ကျောက်မဲမြို့၏ အထွက် တိုးဂိတ်တွင် ရှိပြီး လူပေါင်းစုံ အဝင်အထွက်များသည့်နေရာတခုဖြစ်သည်။

ထိုနေရာတွင် ကားသမားများ၊ ဆိုင်ကယ်သမားများ နှင့် ပစ္စည်းဖြန့်ချိသည့် အရောင်းကိုယ်စားလှယ်များ လာရောက် ဝင်တည်းသည့် နေရာလည်း ဖြစ်ကြောင်း သိရသည်။

“ပွင့်ပွင့်လင်းလင်းပြောရင် မြို့ပြင်မှာ ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး နဲ့ ဆက်နွယ်တဲ့ သူတွေ ဝင်ထွက် သွားလာနေကြတဲ့သူတွေ ပါပဲ။ ကျနော်တို့ ဒေသက လက်နက်ကိုင် ဒေသဖြစ်တဲ့အတွက်ကြောင့်မလို့ လက်နက်ကိုင် အဖွဲ့အစည်းများကလည်း လာတည်းကြ ခိုကြမှာပဲ။ ဆိုလိုတာကတော့ သိပ်ပြီးစည်းကား တာမဟုတ်ပေမယ့် လူက စုံတာပေါ့” ဟု ဦးတင်မောင်သိန်း ကပြောသည်။

သေဆုံးသူ ဇနီးမောင်နှံ (၂) ဦး ဖြစ်သည့် အသက် (၅၉) နှစ်ဦးတင်မောင်အေးသည် လည်ပင်းပြတ်ရှိ ဒဏ်ရာဖြင့် သေဆုံးပြီး အသက် (၅၅) နှစ် ဒေါ်ခင်ဝင်း သည် ဝမ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ (၂)ချက်ဖြင့် သေဆုံးသွားကြောင်း ရဲမှတ်တမ်းအရသိရသည်။

အဆိုပါ တည်းခိုခန်း မန်နေဂျာ လင်မယား (၂) ဦး သေဆုံးမှု နှင့် ပတ်သက်ပြီး ကျောက်မဲ မြို့နယ် ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ လူသတ်မှု နှင့် တရားခံ ကို စုံစမ်းစိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်သူ့စစ်များ၊ နှင့် အစိုးရတပ်မတော်တို့လှုပ်ရှားသည့်နေရာတခုဖြစ်ပြီး၊ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာတခုဖြစ်သည်။

Most read this week

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...