“လူထုကြားမှာတော့ မဲတော်တော်ကွဲမယ်.. မဲကွဲတဲ့အတွက် ကောင်းတဲ့အချက်လေးတွေရှိနိုင်သလို အဆိုးဘက်ကိုလည်းဖြစ်နိုင်တယ်”

“လူထုကြားမှာတော့ မဲတော်တော်ကွဲမယ်.. မဲကွဲတဲ့အတွက် ကောင်းတဲ့အချက်လေးတွေရှိနိုင်သလို အဆိုးဘက်ကိုလည်းဖြစ်နိုင်တယ်”
by -
နော်ဒွေးအယ်ခူ (KT)

ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးနှင့် အင်တာဗျူး

တိုင်းရင်းသားပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု၊ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ကယားပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးအား ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။။

မေး။    ။ ကယန်းအမျိုးသားပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ရွေးချယ်ခဲ့လဲ။

ဖြေ။    ။ ကျနော်တို ဒီကိုယ်စားလှယ်လောင်းဆယ်ယောက်ကိုတော့ အကြမ်းဖျင်း ကျွန်တော်တို့ပါတီရဲ့ စည်းကမ်းချက် ၁၅ ချက်နဲ့ရွေးချယ်ထားတယ်။ ဒီစည်းကမ်းချက် ၁၅ ချက်ကတော့ အကြမ်းဖျင်းအားဖြင့်ပြောရရင်  ကိုယ်စားလှယ်လောင်းရဲ့ ဥပဒေကျွမ်းကျင်မှု၊ နိုင်ငံရေးရာ ကျွမ်းကျင်မှုတွေပါတယ်။ နောက် သူတို့က ဒီပါတီမှာ ဒီလူထုအတွက်ပေါ့နော် အလုပ်အကျွေးပြုနိုင်ဖို့အတွက် လုံလောက်တဲ့အတွေ့အကြုံနဲ့ နာယကတွေရဲ့ စစ်ဆေးမေးမြန်းမှုခံနိုင်ရမယ်ဆိုတဲ့ဟာမျိုး ဖြစ်တယ််။ ပြီးရင်တော့ မြို့နယ်အဆင့်ပေါ့နော်။ လူထုတွေရဲ့ရွေးချယ်မှုကိုဖြတ်ရတယ်။

မေး။    ။ ကိုယ်စားလှယ်လောင်းတွေက ကယားမှာဘယ်နှစ်ယောက်၊ ရှမ်းမှာဘယ်နှစ်ယောက်ဝင်ပြိုင်မှာလဲ။

ဖြေ။    ။ ကျနော်တို့အားလုံး အဲ့ဒါတွေဖြတ်ပြီးမှပဲ ဒါ နာယကတွေရဲ့ စစ်ဆေးမှုနဲ့ပေါ့နော် ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုနိုင်တယ်ပေါ့နော်။ ကယန်းအမျိုးသားပါတီရဲ့ ကိုယ်စားလှယ်လောင်း ၁၀ ယောက်ထဲမှာ ရှမ်းပြည်နယ်မှာ လေးယောက်ပါမယ်၊ ကယားပြည်နယ်မှာ လေးယောက်ပါမယ်။ နောက် ရှမ်းပြည်နယ်ရေးရာဝန်ကြီး တစ်ယောက်ပါရင်တော့ ရှမ်းပြည်နယ်မှာ ငါးယောက်ဖြစ်သွားမယ်။ ပြီးရင်တော့ ကရင်ပြည်နယ်မှာ တစ်ယောက်ပေါ့နော် ကျနော်တို ဝင်ပြိုင်ဖို့ရှိတယ်။

မေး။    ။ ဆရာတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေက အသက်အရွယ်ဘယ်လောက်လဲ၊ သူတို့အရင်က အလုပ်အကိုင်က ဘာလဲ။

ဖြေ။    ။ ကျနော်တို့ကိုယ်စားလှယ်လောင်းအားလုံးက အသက် ၅၁ နှစ်က အကြီးဆုံးဖြစ်တယ်ပေါ့နော်။ ကျန်တဲ့ပုဂ္ဂိုလ်တွေအားလုံးကတော့ အသက် ၄၀ အောက်တွေ ခပ်များများပဲဖြစ်တယ်။ အသက် ၃၀ အောက်က တစ်ဦးပဲပါတယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့ပါတီမှာ အဲ့လို လူငယ်၊ လူလတ်ပိုင်းတွေနဲ့ အများစုပေါ့နော် ဒီရွေးကောက်ပွဲကိုဝင်ဖို့ ကျနော်တို့ ထုတ်ပြန်ထားတာပေါ့နော်။

မေး။    ။ ဆရာတို့ပါတီမှာ ကျား/မ ပါဝင်မှုဘယ်လောက်ရှိလဲ၊ ဘယ်လောက်ရာခိုင်နှုန်းနိုင်ဖို့မျှော်လင့်ထားလဲ။

ဖြေ။    ။ ကျွန်တော်တို့ကတော့ ဒီရွေးကောက်ပွဲမှာကတော့ အရည်အချင်းရှိတဲ့ကိုယ်စားလှယ်လောင်းတွေနဲ့ ကျနော်တို့အများဆုံးထည့်ထားပြီးမှ ကျား/မ ပေါ့နော် မတူကွဲပြားမှုကို ကျနော်တို့ပါနိုင်အောင် ထည့်ထားတယ်။ နောက်တစ်ချက်ကတော့ ကျနော်တို့ ဒီကိုယ်စားလှယ်လောင်း ၁၀ ဦးထဲမှာ အမျိုးသမီးက ငါးဦးပါတယ်။ ကျနော်တို့ ရှေ့နေအသင်းက တစ်ချို့ပါသလို တစ်ဖက်မှာကတော့ ဒီ CSO, NGO မှာလုပ်ခဲ့တဲ့ လူငယ်အသင်းအဖွဲ့ကလူတွေပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ကျတော့ ဒီခရစ်ယာန်တွေများတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ ကျနော်တို့က ဗုဒ္ဓဘာသာကိုယ်စားလှယ်လောင်း နှစ်ဦးပါတယ်။ တစ်ချို့သော ခရစ်ယာန်တွေပဲကြီးစိုးတဲ့ လူမျိုးစုဖြစ်တယ်၊ ဘာညာစွပ်စွဲချက်တွေကလဲ မမှန်ဘူး။ ကျွန်တော်တို့ လူမျိုးပေါင်းစုံနဲ့ ဒီဘာသာပေါင်းစုံပေါ့နော် ကျွန်တော်တို့အလွှာပေါင်းစုံကလူတွေပါနိုင်ဖို့ ကျွန်တာ်တို့ထည့်ထားတဲ့အနေအထား ဖြစ်ပါတယ်။ ကျွန်‌တော် တို့ဒီရွေးကောက်ပွဲမှာတော့ ဒီကိုယ်စားလှယ်လောင်း ၁၀ ယောက်တော့ နိုင်မယ်လို့ ကျွန်‌တော်တို့ မျှော်မှန်းထားတယ်။ နိုင်ခြေရှိတဲ့နေရာကိုပဲ ကျွန်‌တော်တို့ပြိုင်မှာဖြစ်တဲ့အတွက် နိုင်ဖို့အတွက်ကို ကျနော်တို့ဒီ ၂၀၂၀ မှာရည်မှန်းထားတယ်။

မေး။    ။ အကယ်၍မဲနိုင်ခဲ့မယ်ဆိုရင် လွှတ်တော်မှာ ဘာတွေတင်ပြသွားဖို ့ရှိလဲ။

ဖြေ။    ။ လူထုအရေးကို လွှတ်တော်ထဲမှာ လူမျိုးစုအရေးတွေကို တင်သွင်းနိုင်ဖို့အတွက်ကို ဒါ ကျွန်‌တော်တို့ နံပတ် ၁ ရည်မှန်းချက်ဖြစ်တယ်။ နံပတ် ၂ ရည်မှန်းချက်ကတော့ ကျနော်တို့ ကယန်းအမျိုးသားပါတီက ကယားပြည်နယ်ထဲမှာပေါ့နော် တစ်ချို့သောနယ်မြေတွေ ပြန်ပေါင်းနိုင်ဖို ့ကို ကျနော်တို့ ရည်မှန်းတယ်ပေါ့နော်။ ကျနော်တို့ရဲ့ရည်မှန်းချက်က ကိုယ့်ဒေသ ကရင်နီပြည်နယ် ကရင်နီဒေသတစ်ခုလုံးပေါ့နော် အချိန်တော့ယူရလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ရည်မှန်းတာက ဒီ ၂၀၂၀-၂၀၂၅ မှာပေါ့နော် လွှတ်တော်ထဲမှာ အဆိုတင်သွင်းနိုင်ဖို့ ကျနော်တို့ရည်မှန်းထားတဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်လောင်း ၁၀ ယောက်နဲ့အတူ ကျနော်တို့ ဒီအချက် နှစ်ချက်ကိုပေါ့နော် ၂၀၂၀-၂၀၂၅ ကြားမှာရအောင် အကောင်အထည်ဖော်သွားနိုင်ဖို့ ကျနော်တို့ရည်မှန်းထားပါတယ်။

မေး။    ။ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ဘာစိန်ခေါ်မှုတွေရှိလဲ။

ဖြေ။    ။ ကျွန်‌တော်တို့ရဲ့ အဓိကစိန်ခေါ်မှုကတော့ ဖယ်ခုံမြို့နယ်မှာတော့ ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ပေါ့နော်၊ ကျွန်‌တော်တို့ အမာခံမဲတွေနဲ့နိုင်အောင် လုပ်သွားမယ်။ ဖယ်ခုံမြို့နယ်မှာ မဲကွဲနိုင်တဲ့အနေအထားမျိုး ကျနော်တို့တွက်ထားတယ်။ အဲ့အပေါ်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကောင်းဘူး။ ဒါပေမဲ့ ကျွန်‌တော်တို့ ပြိုင်စရာရှိတာပြိုင်မယ်။ ဘယ်သူပဲနိုင်နိုင် အဓိက ကျနော်တို့ပြိုင်သွားဖို့ ရည်မှန်းထားတယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့က မယ်စဲ့မြို့နယ်မှာပေါ့နော် ဝင်ပြိုင်မယ်။ မယ်စဲ့မှာကတော့ ကျနော်တို့ ကယားပြည်နယ်ဝန်ကြီးချုပ်ရှိတဲ့ မြို့နယ်လည်းဖြစ်တယ်။ သူ့နဲ့ကတော့ တိုက်ရိုက်မပြိုင်သော်ငြားလည်း ကျနော်တို ့ သူပြိုင်တဲ့နေရာမှာ သူတို့ကအစိုးရဘက်ဂျတ်တွေပေါ့နော်။ နောက် ဒီရွေ့ပြောင်းအလုပ်သမားတွေပေါ့နော် အများအပြားကို ပိုင်ထားတယ်။ ပြီးရင်တော့ဒီ အစိုးရဘဏ္ဍာတွေ တစ်ချို့ကိုသုံးပြီးမှပေါ့နော် အလှူငွေတွေရက်ရက်ရောရောပေးထားတဲ့အတွက်ပေါ့နော် သူတို့နဲ့ပြိုင်ရမှာတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန်ဖြစ်မယ်။ သို့သော် ကျနော်ကအဲ့ဒီမှာလည်း ပြိုင်ဆိုင်မှု အားကောင်းမယ့်အနေအထားမျိုးဖြစ်တယ်။ လူထုဘက်ကတော့ ကျနော်တို့ကိုဝန်းရံကြလိမ့်မယ်လို့ ယူဆတယ်ပေါ့နော်။ နောက်တစ်ချက်ကတော့ ကျွန်‌တော်တို့ ဒီကရင်ပြည်နယ် နယ်စပ်ဘက်ခြမ်းဖြစ်တဲ့ လိပ်သိုဘက်ခြမ်းမှာတော့ အနက်ရောင်နယ်မြေလို ဖြစ်နေတုန်းဆိုတော့ ဒီလက်နက်ကိုင်အဖွဲ့တစ်ချို့ရှိတယ်။ နောက် လမ်းပန်းဆက်သွယ်ရေးက အရမ်းခက်ခဲတယ်။ အဲံဒီနေရာမှာ ကျွန်‌တော်တို့က ကိုယ့်လူမျိုးစုတွေရှိတဲ့အတွက် ဝင်ပြိုင်ဖို့ကြိုးစားတဲ့အပေါ်မှာလည်း တော်တော်လေးခက်ခဲမယ်။

မေး။    ။ ကယားပြည်နယ်မှာ ဘာဖြစ်လို့ လေးနေရာပဲ ဝင်ရောက်ယှဉ်ပြိုင်ရတာလဲ။

ဖြေ။    ။ အဓိကကတော့ ကယားပြည်နယ်ဒီမိုကရပ်တစ်ပါတီနဲ့ ကျွန်‌တော်တို့ မဟာမိတ်လုပ်ထားပြီးမှ ကယားပြည်နယ်မှာ ၃၄ နေရာရှိတဲ့အထဲမှာ ကျနော်တို့က လေးနေရာပဲ။ နိုင်ခြေရှိတဲ့နေရာ လေးနေရာကိုပဲ ကျွန်‌တော်တို့ပါတီဘက်ကယူပြီးမှ ကျန်တဲ့ ၃၀ ကတော့ ကယားပြည်နယ်ဒီမိုကရပ်တစ်ပါတီကနေ ဝင်ပြိုင်မှာဖြစ်တယ်။

မေး။    ။ ဆရာတို့ကိုယ်စားလှယ်လောင်းတွေကိုရော ပြည်နယ်မှာပြိုင်ဖို့ နဲ့ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဆိုပြီး ကိုယ်စားလှယ်လောင်းကို ဘယ်လိုခွဲခဲ့တာလဲ။

ဖြေ။    ။ ကျွန်‌တော်တို့ရဲ့ဗျူဟာကတော့ အုပ်ချုပ်ရေးအပိုင်းကိုနားလည်တဲ့လူတွေ၊ စီမံခန့်ခွဲနိုင်တဲ့လူတွေကိုတော့ ပြည်နယ်အွက်ချန်လိုက်တယ်။ ချန်ပြီးမှနိုင်ငံရေးအရ တွန်းတွန်းတိုက်တိုက်လုပ်ချင်တဲ့ လူတွေအားလုံးကတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကို သွားဖို့ပေါ့နော် အဲ့လိုဆုံးဖြတ်ခဲ့ကြတယ်ပေါ့။

မေး။    ။ ပါတီတွေများလာတဲ့အပေါ်မှာ ဒေသခံတွေရဲ့မဲကွဲလာနိုင်လား။

ဖြေ။    ။ လူထုကြားမှာတော့ မဲတော်တော်ကွဲမယ်။ အဓိက မဲကွဲမှာကတော့ ဒေသခံတိုင်းရင်းသားပါတီနဲ့ NLD ပါတီ၊ ကြံခိုင်ရေးပါတီမှာ မဲတော်တော်လေး သိသိသာသာလေးကွဲလိမ့်မယ်။ တစ်ချို့နေရာ မဲကွဲတဲ့အတွက်ကောင်းတဲ့ အချက်လေးတွေရှိနိုင်သလို အဆိုးဘက်ကိုလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာအဖြစ်ဆုံးတစ်ခုကေတာ့ ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးမဟာမိတ်တို့ပေါ့နော်၊ အသွင်ကူးပြောင်းရေးအတွက်ပေါ့နော် ကျနော်တို့ ဗျူဟာကျကျလေးပေါ့နော် မဟာမိတ်လုပ်တာတို့၊ ညှိ့နှိုင်းတာတို့တော့ မရှိနိုင်တော့ဘူး။ ဒီရွေးကောက်ပွဲမှာ နိုင်ဖို့အတွက်ပဲလူတိုင်းက ကြိုးစားနေကြတယ်။ ပြီးရင်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်သော်လည်းကောင်း၊ တိုင်းရင်းသားရဲ့ ဖြစ်တည်မှုသော်လည်းကောင်း ရေရှည်ဗျူဟာကိုကြည့်ပြီးမှ မိတ်ဖက်သော်လည်းကောင်း လုပ်တဲ့ဟာတွေက သိပ့်မရှိဘူးပေါ့နော်။ ကျွန်‌တော်တို့ တိုင်းရင်းသားပါတီကတော့ ကျနော်တို့ညီညွှတ်ကြပြီးမှ ကိုယ့်တိုင်းရင်းသားနဲ့ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုတော့ ကျွန်‌တော်တို့ တစ်စိုက်မတ်မတ်သွားမယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...