ရွေးကောက်ပွဲအပေါ် ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့် တိုင်းရင်းသားလူငယ်တို့၏ အမြင်များ

ရွေးကောက်ပွဲအပေါ် ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့် တိုင်းရင်းသားလူငယ်တို့၏ အမြင်များ
by -
Salai Clian (CW)

၂၀၂၀ပြည့်နှစ်အထွေထွေရွေကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်အတာဖြင့် နိုင်ဝင် ၈ ရက်တွင် ကျင်းပြုလုပ်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပရန် အချိန်ကာလအားဖြင့် နှစ်လကျော်သာလိုတော့သည်။ ထိုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလိက လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ပြိုင်ကြမည်ဖြစ်ပြီး  တစ်နိုင်ငံလုံးတွင် မဲဆန္ဒရှင်ပေါင်း ၃၇ သန်းကျော် ရှိကြောင်းသိရသည်။ ထို ၃၇ သန်းကျော်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထဆုံး မဲပေးခွင့်ရရှိမည့် လူငယ် ငါးသန်းခန့်ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့နည်းတူ ချင်းပြည်နယ်တွင်လည်း အသက် ၁၈နှစ်ပြည့်ပြီး ပထမဆုံးမဲပေးခွင့်ရသူ များစွာရှိကြောင်း သိရသည်။ ထို့ကြောင့် ယင်းပြည်နယ်အတွင်း ပထမဆုံးမဲပေးခွင့်ရရှိမည့်  တိုင်းရင်းသားလူငယ်များ၏ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုများ၊ အမြင်များ၊ မျှော်လင့်ချက်များနှင့်ပတ်သက်၍ ၎င်းတို့၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။

 

ထလွဲဘွဲ့  - ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ (ဒုတိယနှစ်)

 

“မဲပေးပိုင်ခွင့်ရှိပြီဆိုတော့လေ။ ကိုယ်မဲပေးချင်တဲ့ပါတီတွေကို မဲပေးခွင့်ရလာပြီဆိုတော့လေ။ မဲပေးပိုင်ခွင့်မရှိခင်တုန်းက မဲပေးတဲ့သူတွေကိုမြင်ပြီး နည်းနည်းတော့စိတ်ဝင်စားတယ်။ အခုတော့ ကိုယ်ကိုယ်တိုင် မဲပေးခွင့်ရပြီဆိုတော့ မဲသွားပေးမှာပါ”

 

မာဂရက် - ရူပဗေဒအထူပြု တက္ကသိုလ်ကျောင်းသူ (ဒုတိယနှစ်)

 

“အသက် ၁၈ နှစ်လည်းပြည့်ပြီဆိုတော့ နိုင်ငံက အသိအမှတ်ပြုခံရတဲ့ လူတစ်ဦးဖြစ်လာတယ်လို့ ခံစားရတယ်။ မဲပေးခွင့်ရတဲ့အခွင့်အရေးလည်း ရှိလာတော့ ပျော်တယ်။ အရင်တုန်းကကျတော့ မဲပေးပိုင်ခွင့်မရှိဖူးတော့ စိတ်လည်းမဝင်စားဘူး။ အခုတော့ မဲပေးခွင့်ရှိလာတော့ စိတ်လည်းစိတ်ဝင်စားလာတယ်။ လေ့လာချင်တဲ့စိတ်တွေလည်းရှိလာတယ်”

 

စတီဗင် - တက္ကသိုလ်ကျောင်းသား (ဓာတုဗေဒ - ဒုတိယနှစ် )

 

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ခံစားချက်တော့မရှိဘူး။ ဘာလို့လဲဆိုတော့ အခုက မဲမပေးဖူးဘူး။ အခုမဲပေးရမလား၊ မပေးရဘူးလား ဆိုတာလည်း စိတ်ထဲမှာမထားဘူး။ တစ်ယောက်ယောက်က တိုက်တွန်းတယ်ဆိုရင်တော့တစ်မျိုးပေါ့။ ဘယ်သူပဲတက်တက် အမှားမလုပ်စေချင်ဘူး။ တစ်ယောက်ယောက်ကို မဲပေးခဲ့မယ်ဆိုရင်လည်း မှားများမှားနေမလားပေါ့။ မဲစာရင်းကတော့ မကြည့်ဖြစ်သေးဘူး။ စိတ်လည်းမဝင်စားဘူးဆိုတော့။ ကျနော်မပါလည်းရတယ်ဆိုတဲ့စိတ်ပဲ”

 

နွန်လျန် - တက္ကသိုလ်ကျောင်းသား (ပထဝီ - ဒုတိယနှစ်)

 

“စိတ်မဝင်စားတော့ ဘာခံစားချက်မရှိဘူး။ မဲပေးရတော့မှာဆိုတော့ တစ်ခုခုကိုရွေးပြီး မဲပေးရမှာပေါ့။ ကျွန်တော်လေ့လာထားတာလည်းမရှိဘူး။ စိတ်ထဲလည်း အဲလောက်မထားဘူး။ ဒါပေမဲ့ သူများပြောတာတွေတော့ ကြားဖူးတယ်။ အရင်ကတော့ မဲမပေးရင်လည်း ဘာမှမဖြစ်ဘူးဆိုတာမျိုးပေါ့။ အခု မဲပေးပိုင်ခွင့်ရှိလာတော့ တာဝန်တစ်ခုရှိလာသလိုတော့ ခံစားရတယ်”

 

ဟုန်းရှိန်းမာန် - တက္ကသိုလ်ကျောင်းသား (သမိုင်း - တတိယနှစ်)

 

“မဲစာရင်းစကပ်တဲ့အချိန်မှာ သွားကြည့်ပါတယ်။ ကျနော့်နာမည်လည်းပါပါတယ်။ ကျနော် ၂၀၁၅ တုန်းက မဲမပေးဖြစ်ဘူး။ အသက်လည်း မပြည့်သေးဘူး။ ဒါပေမဲ့ ကျနော့်အစ်ကိုတွေ၊ အဖေတွေ မဲသွားပေးတော့ ကျနော်လည်း ပေးချင်ခဲ့တယ်။ ၂၀၂၀ မှာ မဲပေးဖို့က အဲဒီကတည်းက တွေးလာတာပေါ့။ ကျနော်ကြိုက်တဲ့လူကိုမဲပေးဖို့ အဲဒီကတည်းက စိတ်အားထက်သန်ခဲ့ပါတယ်”

 

သျှန်းလျန်ခုပ် - အထူးပြုတက္ကသိုလ်ကျောင်းသား (မြန်မာစာ - စတုတ္ထနှစ်)

 

“အရင်က အသက်လည်းမပြည့်သေးတော့ သူများပေးတာတော့ သိတော့သိတယ်။ ကိုယ်တိုင်မပါဝင်တော့ စိတ်လည်းမဝင်စားဘူး။ အသက်လည်းငယ်သေးတော့။ မဲပေးတာကို လူကြီးတွေရဲ့ အလုပ်လို့ပဲထင်ခဲ့တာ”

 

ဒေါ့ဘိခ်လျန်(လူငယ်)

 

“ကျနော့်အမြင်မှာတော့ ကိုယ်လက်ခံထားတဲ့ပါတီ၊ လူပုဂ္ဂိုလ်ကို တစ်စိုက်မတ်မတ် လက်ဆုပ်လက်ကိုင် လုပ်သင့်တယ်လို့မြင်တယ်။ ကျနော့်စိတ်ထဲကတော့ ဘယ်ပါတီကို ကြိုက်တယ်ဆိုတာရှိတယ်။ အဲဒီအတွက်လည်း မဲပေးဖို့ ဆန္ဒပြင်းပြမှု ရှိနေပြီးသားဖြစ်တယ်”

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...