အပြစ်မရှိတဲ့ ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ သူတို့ ဒုက္ခမပေးဖူးဘူးလား

အပြစ်မရှိတဲ့ ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ သူတို့ ဒုက္ခမပေးဖူးဘူးလား

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်စစ်ဆေးမှုများ တဖြည်းဖြည်း များပြားလာနေသည်။ စစ်ဘေးရှောင်များကတော့ တပ်မတော်စစ်ကြောင်းလာပြီဆိုသည့်နှင့် ကြောက်လန့်ထွက်ပြေးကြလေသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်ကို DMG က တွေ့ဆုံမေးမြန်းထားပါသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်သုံးထောင်ကျော်ရှိပြီး မတ်လအတွင်းက တိမ်ညိုတိုက်နယ်ဆေးရုံ ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် စစ်ရှောင်စခန်းက စစ်ဘေးရှောင် (၁၂)ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

မေး - စစ်ဘေးရှောင်စခန်းတွေကို တပ်က ဝင်စစ်တာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ - ကျနော်ဘာပြောချင်လဲဆိုတော့ သူတို့ကတော့ တာဝန်အရ သူတို့အလုပ်ကို သူတို့ လုပ်တာတာပဲလေ။ ဒါပေမဲ့ တစ်ခုလက်ရှိအနေအထားမှာ ဖြစ်နေတာက တပ်ကဝင်လာပြီဆိုရင် ရွာထဲကိုပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်စခန်းတစ်ခုကိုပဲ ဖြစ်ဖြစ် သူတို့ဝင်လာပြီဆိုရင် ကျနော်တို့ဆီမှာရှိတဲ့ လူတွေ၊ မိန်းမ၊ ယောကျာ်းအကုန်၊ ကလေးသူငယ်ကအစ သူတို့ကိုမြင်ရင်တော့ ကြောက်လှန့်တယ်။

ယခုလက်ရှိ စစ်ဘေးရှောင်တဲ့သူတွေကလည်း ရွာတွေကို ဖြိုဖျက်ခံရတာတို့၊ မတရားဖမ်းဆီးခံရတာတို့ ကြောက်လန့်ပြီး ထွက်ပြေးလာရတဲ့သူတွေ များတယ်။ ပြောရမယ်ဆိုရင် လက္ကာ၊ အောက်သားကန် တို့ဆိုရင် တစ်ရွာလုံးနီးပါးပဲ။ အကုန်လုံးက စစ်ဘေးရှောင်ဖြစ်နေတာလေ။ သူတို့က အရမ်းဆိုးဆိုးရွားရွား အနေအထားတစ်ခုထိ ခံစားခဲ့ရတာ။ အဲဒါကြောင့်ပဲ သူတို့တွေ စစ်ကြောင်းတစ်ကြောင်းလာပြီဆိုရင် သူတို့က စစ်ဘေးရှောင်စခန်းထဲမှာကို မနေဘူး။ ပြီးခဲ့တဲ့ မတ်လထဲကဆိုရင် တိမ်ညိုဆေးရုံ နဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကြောင်းတစ်ခုက ပစ်ခတ်မှုတွေလုပ်ခဲ့တာရှိတယ်။ အဲဒီနောက်ပိုင်းမှာ ဒီလူတွေအနေနဲ့ အကြောက်တရား စိုးမိုးစေတယ်ပေါ့ဗျာ။ အဲဒီအကြောက်တရားတွေက သူတို့ရဲ့ရင်ထဲမှာ ဘယ်လိုမှ မေ့ပျောက်လို့မရနိုင်တဲ့ အနေအထားမှာရှိတယ်။ အဲဒီလို စစ်ဘေးရှောင်ဝန်းထဲကို ဝင်လာပြီဆိုတာနဲ့ ကြောက်လှန့်ပြီး သူတို့လုံခြုံမယ်လို့ထင်တဲ့ တစ်နေရာကို တိမ်းရှောင်သွားကြတာတို့၊ ယာယီထွက်ပြေးနေတာတို့ ရှိတာပေါ့။ သူတို့(တပ်မတော်)ကတော့ မေးတာပေါ့။ သူတို့လာရင် ကျနော်တို့မှာရှိတဲ့ လူဦးရေစာရင်းနဲ့ စခန်းထဲမှာရှိတဲ့ လူဦးရေနဲ့ မကိုက်ညီဘူးလို့မေးတယ်။ ကျနော်ထင်တယ်… သူတို့ အကြိမ်တစ်ရာ လာစစ်ဆေးရင်လည်း အဖြေကတော့ ဒီအတိုင်းထွက်မှာပဲ။ တပ်မတောယဉ်တန်းတစ်ခု ဝင်လာပြီဆိုရင် လူကတော့ အပြည့်အစုံ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ ဒါက စစ်ဘေးရှောင်တစ်ခုတည်း မဟုတ်ဘူး။ ရွာတိုင်းရွာတိုင်း၊ မြို့တိုင်းမြို့တိုင်းမှာလည်း ရှိမှာပဲ။

မေး - တိမ်ညိုစစ်ရှောင်စခန်းကို တပ်က ဘယ်နှစ်ကြိမ် ဝင်စစ်ဖူးပြီလဲ။ ဘယ်လိုပုံစံမျိုးစစ်ဆေးလဲ။

ဖြေ - နှစ်ကြိမ်တော့ရှိပြီ။ ဒါပေမဲ့ ပထမတစ်ကြိမ်တော့ စစ်ဆေးမှုတွေ လုပ်ခဲ့တာတော့မရှိဘူး။ သူတို့ ဒီကိုလာပြီး အနေအထားကို လေ့လာတဲ့သဘောပဲရှိတယ်။ နောက်ပိုင်း ဝင်သွားတဲ့အနေအထားမှာမှ ဒီမှာရှိတဲ့ လူဦးရေနဲ့ အိမ်ထောင်စုနဲ့ အတိအကျလာပြီး တစ်အိမ်မှာငါးယောက်ရှိရင် ငါးယောက်စာရင်းပေးတာတို့၊ ကျနော်တို့မှာရှိတဲ့ လူဦးရေနဲ့ ကိုက်မကိုက် လာပြီးစစ်ဆေးတာရှိတယ်။

နောက်တစ်ချက်က သူတို့အနေနဲ့ ဒီစခန်းထဲမှာ AA က ဝင်ရောက်ခိုလုံမှု ရှိ/မရှိပေါ့။ အဲဒီအချက်တွေကို ဝင်ရောက်စစ်ဆေးတာလို့ ထင်တယ်။ နောက်ပြီးတော့ ပြောသွားတာတွေ ရှိတယ်။ ဒီစခန်းမှာရှိတဲ့လူဦးရေကို စစ်ဆေးတဲ့အခါ သူတို့က မြေပြင်အနေအထားကို ကောက်ယူလိုက်တဲ့ လူဦးရေနဲ့ မကိုက်ညီတဲ့အခါကျတော့ သူတို့က အစိုးရအဖွဲ့ကို တင်ပြမှာပေါ့လေ။ သူတို့က တိမ်ညိုစခန်းမှာ လူဦးရေ (၃၂၅၀) ရှိတယ်။ သူတို့ကမြေပြင်အနေ အထားကို တကယ့်တကယ် ဆင်းစစ်တဲ့အခါ လူတစ်ထောင်ကျော်လောက် ကွာတယ်။ အဲလိုပုံစံမျိုးဆိုရင် အစိုးရဆီကို တင်ပြမယ် အဲလိုတော့ပြောတယ်။ ဒါပေမယ့် ဒါကတော့ အစိုးရကလည်း နားလည်မယ်လို့ ထင်ပါတယ်။ လူတိုင်းကလည်းသိမှာပါ။ သူတို့အနေနဲ့ ပြောသာပြောရတာ အစောတုန်းက ကျနော်ပြောသလို။ လက်နက်ကိုင်အဖွဲ့တစ်ခုက ဒီထဲကိုလာပြီး လူဦးရေစာရင်း ကောက်တာလာလုပ်ရင် အခါတစ်ရာကောက်ရင်လည်း စာရင်းကတော့ အမှန်မရနိုင်ဘူး။ အဖြေမှန်ကတော့ ဘယ်တော့မှ ထွက်လာမှာမဟုတ်ဘူး။

မေး - တပ်ကဝင်စစ်တဲ့အခါ စစ်ဘေးရှောင်တွေကိုယ်စား စခန်းကော်မတီက ဘာတွေလုပ်ဆောင်ပေးခဲ့လဲ။

ဖြေ - စစ်ကြောင်းတွေ ဝင်လာတဲ့အချိန်မှာ ရှင်းရှင်းပြောရရင် ကိုယ့်အသက်တောင် ကိုယ်အာမ မခံနိုင်ဘူး။ ပြည်သူ့မိဘဖြစ်တဲ့ နိုင်ငံတော်အစိုးရတောင်မှ ကိုယ့်သားသမီး ပြည်သူတွေအပေါ်မှာ သူတို့ရဲ့အသက်အိုးအိမ်တွေကို အာမ မခံပေးနိုင်ဘူး။ ဆိုတော့ ကျနော်တို့လို့ တာဝန်ခံတစ်ယောက်အနေနဲ့ကလည်း စစ်ဘေးရှောင်ဝန်းထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေကို အပြည့်အ၀ ဘယ်လိုလုပ် တာဝန်ယူနိုင်မလဲ။ သူတို့က ကြောက်လှန့်ပြီးထွက်ပြေးတော့ ကိုယ်ကလည်း ဘာမှမတတ်နိုင်ဘူးလေ။ သူတို့ဝင်လာတဲ့အခါမှာ လက်ရှိရှိတဲ့ လူဦးရေတွေကိုပဲ ခေါ်ပြီးပြရတယ်။

မေး - အခုလိုမျိုး စစ်ဆေးတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဘာတွေပြောချင်လဲ။

ဖြေ - ကျနော့်အနေနဲ့ တောင်းဆိုချင်စရာတွေတော့ ရှိတာပေါ့။ တောင်းဆိုချင်တာထက် စစ်ဘေးရှောင်တွေကိုယ်စား ခံစားချက်ပေါ့။ သူတို့ရဲ့ရင်ထဲမှာ ရွာတွေကိုမီးရှို့ခံရတယ်၊ ရွာတွေကိုပစ်ခတ်တယ်၊ ဒုက္ခတွေ အများကြီးခံရတယ်။ ပြီးတော့ စစ်ဘေးရှောင်ဝန်းထဲကို ရောက်လာတယ်။ သူတို့မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အကုန်လုံးဆုံးရှုံးခဲ့ရပြီ။ သူတို့ကလည်း ဒီစစ်ဘေးရှောင်ဝန်းထဲကို နေထိုင်ချင်လွန်းလို့ လာနေကြတာမဟုတ်ဘူး။ မတတ်သာလို့သာ စစ်ဘေးရှောင်ဝန်းထဲမှာ နေရတာ။ ဒီဝန်းထဲမှာက လတ်တလော ဝမ်းရေးအခြေအနေကို ဖြေရှင်းဖို့ မတတ်သာလို့ လာနေရတာပေါ့။ သူတို့မလုံခြုံလို့ ဒီစစ်ဘေးရှောင်ဝန်းထဲကို လာပြီးခိုလှုံပါတယ်ဆိုမှ နောက်ထပ်တစ်ဖန် ပစ်ခတ်ခံရရင် သူတို့အတွက် ခိုလှုံစရာနေရာလည်း မရှိတော့ဘူးလေ။ သူတို့က ပိုပြီးခံစားရလိမ့်မယ်လို့ ထင်တယ်။

မေး - စစ်ကြောင်းလာတာကို ကြားတယ်ဆိုတာနဲ့ ထွက်ပြေးကြတယ်ဆိုတော့ တပ်ကစစ်ဆေးလို့ လူဦးရေလျာ့နည်းတာတွေ့ရင် ဘယ်လိုဖြေရှင်းခဲ့ရလဲ။

ဖြေ - အဲဒီအပေါ်မှာ တပ်မတော်စစ်ကြောင်းတစ်ခု ထွက်လာပြီဆိုတာနဲ့ ဒီဝန်းထဲကလူတွေ၊ ရွာထဲကလူတွေ ကြောက်လှန့်ပြီး ထွက်ပြေးကြတာတွေရှိတယ်လေ။ အဲဒီမှာ တပ်ဖက်က ဘာပြောလဲဆိုတော့ ဒီစခန်းမှာရှိတဲ့ လူဦးရေနဲ့ မြေပြင်အနေအထားမှာရှိတဲ့ လူဦးရေ မကိုက်ညီဘူး၊ ကွာနေတယ်ပေါ့။ ဘာကြောင့်ပြေးကြတာလဲ။ ကျနော်ကနေပြီးတော့ သူတို့ကို ပြန်ပြီးဖြေရှင်းချက်ပေးတာက စစ်ဘေးရှောင်တွေက ကြောက်လန့်ပြီး ထွက်ပြေးကြတာလို့ ဖြေရှင်းချက်ပေးတယ်။ အဲဒီဖြေရှင်းချက်ပေါ်မှာ သူတို့ကလည်း အပြစ်မရှိရင် ဘာမှပြေးစရာမလိုဘူး ဆိုပြီးတော့ ပြန်ပြောတယ်။ ဆိုလိုတာက ထွက်ပြေးတဲ့သူတွေက အပြစ်ရှိလို့ပြေးတယ် ဆိုတဲ့ သဘောပေါ့လေ။ ဒါပေမဲ့ အဲဒီအနေအထားမှာ တပ်မတော်ဖက်က ပြန်ပြီးစဉ်းစားဖို့ လိုလိမ့်မယ်။ ရှင်းရှင်းပြောရရင် အပြစ်မရှိတဲ့ ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ သူတို့ ဒုက္ခမပေးဖူးဘူးလား။ ဒီအချက်အပေါ်မှာ အများကြီးမူတည်လိမ့်မယ်။ တစ်ချို့ဆိုရင် စစ်ဘေးရှောင်လူတွေ ဖမ်းဆီးခံရတာပဲဖြစ်ဖြစ်၊ မသင်္ကာလို့ ဖမ်းဆီးခံရတာပဲဖြစ်ဖြစ်၊ တချို့ဆိုရင် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ ရှိတယ်။ တစ်ခါတစ်လေကျရင် လမ်းပြခေါ်ဆောင်ရင်းနဲ့ ဖမ်းဆီးသွားတာတွေရှိတယ်။ ပြီးရင် ဖမ်းဆီးနှိပ်စက်ခံရတာ တွေရှိတယ်။ အဲဒါကို ကြောက်လှန့်ပြီး ထွက်ပြေးကြတယ်။

မေး - ဖြည့်စွက်ပြီးတော့ ဘာတွေပြောချင်သေးလဲ။

ဖြေ - ကျနော်တို့ကို အစိုးရက ကိုယ်ချင်းစာစေချင်တယ်။ ကျွန်တော်တို့ စစ်ဘေးရှောင်တာဝန်ခံတွေ ဆိုတာက တာဝန်ရှိလို့ လုပ်နေတာမဟုတ်ဘူး။ တာဝန်သိလို့လုပ်တာ။ တစ်ကယ်တာဝန်ရှိတာက အစိုးရမှာ အများကြီးတာဝန်ရှိတယ်။ ပြည်သူတွေဆိုတာ သူတို့ရဲ့သားသမီးတွေ၊ သားသမီးတွေကို ကာကွယ်ပေးဖို့ အစိုးရမှာ အများကြီးတာဝန်ရှိတယ်။ မလုံမခြုံဖြစ်နေတဲ့ စစ်ဘေးရှောင်တွေကို တပ်ကနေပြီးတော့ လာရောက်စစ်ဆေးတာတွေ မလုပ်ဆောင်ဖို့ အစိုးရက တိုက်တွန်းတာပဲဖြစ်ဖြစ်၊ ဖိအားပေးတာပဲဖြစ်ဖြစ် လုပ်ဖို့တာဝန်ရှိတယ်လို့ ထင်တယ်။

July 6, 2024
ရခိုင်ပြည်အတွင်းက ရာနှင့်ချီသော ကုန်သည်များမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊...
July 5, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ကို ဝိုင်းရံထားသည့်...
July 4, 2024
တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်...
July 4, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန် UNHCR ရုံး၏...