မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ် ဒေါက်တာအေးဇံနှင့် တွေ့ဆုံမေးမြန်းခြင်း

မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ် ဒေါက်တာအေးဇံနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ဟင်္သာမီဒီယာ
မတ်လ(၁)ရက်နေ့က အသစ်ထပ်မံခန့်အပ်လိုက်သည့်မွန်ပြနည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၏ ကြံုတွေ့ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများနှင့်ပြည်နယ်ဖွင့်ဖြိုးတိုးတက်မှုအတွက် မည်သို့လုပ်ဆောင်သွားမည်ကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက မေးမြန်းဖော်ပြလိုက်ရပါသည်။

ဟင်္သာမီဒီယာ ။ ။ လွှတ်တော်ကိုယ်စားလှယ်ကနေ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ရမယ်ဆိုတော့ ဆရာအတွက် ဘာတွေစိန်ခေါ်မှုတွေ ရှိလာမလဲ။

ဝန်ကြီးချုပ် ။ ။ စိန်ခေါ်မှုတွေက အများကြီးပဲ၊ မွန်ပြည်နယ်မှာက မူးယစ်ဆေးဝါး ပြဿနာတွေလည်း ရှိတယ်။ အကျင့်ပျက်ခြစားမှု ပြဿနာတွေလည်း ရှိတယ်။ လယ်ယာမြေ ပြသနာတွေ၊ ရွာတွေမှာ မြေနုကျွန်း ပြဿနာတွေကိုလည်း အင်အားကြီးတဲ့လူက ကြိုးစားပြီးတော့ ဥပဒေမဲ့ ရယူတာတွေရှိတယ်။ မွန်ပြည်နယ်မှာ အဓိက ပြဿနာကတော့ ကျောက်မိုင်းတွေပေါ့၊ ကျောက်မိုင်းတွေ ဥပဒေနဲ့အညီ လုပ်ဖို့အတွက် အခုအချိန်မှာ ကြိုးစားဆဲ အခြေအနေပဲ ရှိသေးတယ်၊ ကျောက်မိုင်းတွေက ကျောက်ထုတ်လုပ်ခွင့်အတွက် ပါမစ်ယူရမယ်၊ ယမ်းဆိုရင် ယမ်းဖောက်လုပ်ခွင့် ပါမစ်ယူရမယ်၊ အဲဒါတွေ မရှိဘဲနဲ့ လုပ်နေတာတွေရှိတယ်။ ဥပဒေဘောင် အတွင်းက ဖြစ်အောင်ကြိုးစားပေးရမယ်။

မွန်ပြည်နယ်က မွန်တွေလည်းရှိတယ်၊ ဗမာတွေလည်းရှိတယ်၊ ကရင်လည်းနေတယ်၊ ပအိုဝ်းတွေလည်းရှိတယ်၊ အဲ့ဒါကြောင်မို့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဟာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ ကျွန်တော်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းတွေ လုပ်ကိုင်ရမယ်။ သိပ်မကြာခင်မှာ နွေရာသိီ ရောက်တော့မယ်။ သောက်သုံးရေ မနှစ်ကဆို တော်တော်အခက်ခဲရှိတယ်။ ဒီရွာအများစုဟာ လှူတန်းတဲ့လူတွေကို မှီခိုနေရတဲ့ ဘဝကို လွတ်မြောက်ဖို့အတွက် တစ်နှစ်၊ နှစ်နှစ်အတွင်း သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့အတွက် နံပါတ်တစ် ဦးစားပေးလုပ်ပါ့မယ်။ ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးရေးအတွက် စွမ်းအင်တွေရှိမှ စက်မှုဇုန်တွေ လည်ပတ်နိုင်မယ်။ စက်မှုဇုန်တွေ အကောင်ထည်ဖော်ပေးပါမယ်။ အဲ့ဒါအတွက် အခြေခံလမ်း အဆောက်အုံတွေ လိုတယ်။ အနည်းဆုံး အလုပ်အကိုင် အခွင့်လမ်းကို ငါးနှစ်တာအတွင်း လူနှစ်သိန်းလောက် အလုပ်အကိုင်ရဖို့အတွက် ကြိုးစားမယ်။

ဟင်္သာမီဒီယာ ။ ။ လက်ရှိ ချောင်းဆုံ-မော်လမြိုင်တံတား အမည်ပေးမှုနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဘယ်လိုပြေလည်အောင် ဆောင်ရွက်သွားဖို့ရှိလဲ။

ဝန်ကြီးချုပ် ။ ။ ဒီတံတားကိစ္စနဲ့ ပတ်သက်ပြီး ခုလည်းဆန္ဒပြပွဲတွေဖြစ်နေတယ်၊ ဒီမိုကရေစီ စနစ်ဆိုတာ ဆင်ခြင်တုံတရား ရှိရမယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုကြီးကို တည်ထောင်ခဲ့တယ်၊ အင်္ဂလိပ်အစိုးရ လက်ထက်က တောင်တန်းဒေသ အုပ်ချုပ်ရေးဆိုတာ ရှိခဲ့တယ်၊ ပြည်နယ် ပြည်မခွဲခြားအုပ်ချုပ်ခဲ့တယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်ဆိုရင် ကော့ကရိတ်ခရိုင်ထိပါတယ်၊ အဲ့ဒါတွေ အကုန်လုံးကို တစ်စုတစ်စည်းထဲ ပြည်ထောင်စုဖြစ်အောင် လုပ်ခဲ့ပေးတဲ့ကျေးဇူး အင်မတန်ကြီးတယ်။ တကယ်လို့သာ မဖြစ်ခဲ့ဘူးဆိုရင် မွန်ပြည်နယ်ဟာ ပြည်မထဲမှာရှိတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ကျန်တာတွေက တောင်တန်း ဒေသတွေ ဖြစ်တယ်။ ဒါပေမယ့် ခက်တယ် အဲ့ဒါကို အကြောင်းပြုပြီးတော့ ပုဂ္ဂိုလ်ရေး အမြတ်ထုတ်မှုတွေ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ထိခိုက်တယ်။ ဒါတွေအားလုံး ပြည်သူလူထုအများစု ပါသလားဆိုတော့ မပါပါဘူး၊ ဆင်ခြင်တုံတရား ကိုင်တွယ်ပြီး လုပ်ကြပါ။ မိမိ ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်ပြီး ထင်ပေါ်ကျော်ကြားမှု အတွက်နဲ့ မလုပ်ပါနဲ့၊ ကျွန်တော်တို့က အာဏာရှင်စနစ်အောက်မှာ နေခဲ့တယ်၊ ခုမှ လွတ်လပ်က စရှိသေးတယ်၊ ဒီအခွင့်ရေးကို ပရမ်းပတာ အသုံးချတယ်ဆိုရင် လုပ်ဆောင်ကြတဲ့သူတွေရဲ့ တာဝန်ပဲ။

ဟင်္သာမီဒီယာ ။ ။ ဝေဖန်မှုတွေများနေတဲ့ စည်ပင်သာယာရေးကော်မတီဖွဲ့စည်းထားမှုနဲ့ ဥပဒေကို အလျင်အမြန် ပြင်ဆင်နိုင်ဖို့ ဘယ်လိုဆောင်ရွက်သွားမလဲ။

ဝန်ကြီးချုပ် ။ ။ စည်ပင်သာယာရေးကော်မတီနဲ့ ပတ်သက်ပြီး စည်ပင်သာယာရေး ဥပဒေကို ကျွန်တော် ဝန်ကြီးချုပ်တာဝန် မယူခင်ကတည်းက ပြည်နယ်လွှတ်တော်မှာ ဆွဲနေတယ်၊ ပြီးတော့မယ် နည်းနည်းပဲ လိုတော့တယ်။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ်မှာရှိတဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေ လုပ်ဆောင် သွားဖို့ ရှိပါသလဲ။

ဝန်ကြီးချုပ် ။ ။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မွန်ပြည်နယ်မှာ ၁၀ တန်းအောင်ချက်မှာ အကောင်းဆုံးပဲ၊ အရှေ့ဆုံးက ပြေးနေတဲ့ ပြည်နယ်တစ်ခုပဲ၊ ဒါပေမယ့် KG အတန်းကနေ အခြေခံပညာ အထက်တန်း အောင်တဲ့အထိ အကုန်လုံးကို ကျွန်တော်တို့ အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့၊ ပညာရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါးနှစ်တာစီမံကိန်းနဲ့ အကောင်ထည် ဖော်နေပါတယ်၊ နောက်ပြီး ဝန်ထမ်းတွေလည်း ထပ်ပြီးတိုးခန့်မယ်ပေါ့။

ဟင်္သာမီဒီယာ ။ ။ ဝန်ကြီးချုပ်အနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒတွေကို သိရှိဖို့အတွက် ဘယ်လိုတွေ့ဆုံ သွားဖို့ရှိလဲ။

ဝန်ကြီးချုပ် ။ ။ ကျွန်တော်လစဉ် လူထုတွေကို တွေ့ပြီးတော့ ပြည်သူလူထုတွေက မေးမယ့်ဟာတွေကို ဖြေကြားရမှာ အစိုးရအဖွဲ့ရော ဌာနဆိုင်ရာတွေရော ဖြေရမှာ၊ အဲဒီတော့ ဌာနဆိုင်ရာတွေဟာ ဒီလိုနည်းလမ်းနဲ့ တဖြည်းဖြည်း ပြောင်းလဲလာမှာပေါ့။ ကျွန်တော်တို့တွေ ထိပ်တိုက်တွေ့ဆုံပြီး ဆွေးနွေးမယ်ပေါ့၊ ကျွန်တော် ပြောထားတဲ့အတိုင်းပဲ အုပ်ချုပ်ရေးအာဏာကို အစိုးရလက်ထဲမှာထက် လူထုဆီကိုဖြာပြီးတော့ ခွဲထားတဲ့ သဘောပေါ့။

ဟင်္သာမီဒီယာ ။ ။ အခုလက်ရှိ မွန်ပြည်နယ်မှာ ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ရှိပါတယ်၊ အဲဒီငြိမ်းချမ်းရေး လက်နက်ကိုင်တွေက အရပ်ဘက်အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ရှိမလာအောင် ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုပူးပေါင်းပြီး ထိန်းကျောင်းသွားဖို့ရှိလဲ။

ဝန်ကြီးချုပ် ။ ။ ဒါက ကျွန်တော်တို့မှာ အပိုင်းနှစ်ပိုင်းရှိတယ်ပေါ့၊ NCA လက်မှတ်ထိုးထားတာက တစ်ပိုင်း၊ မထိုးထားတာက တစ်ပိုင်းပေါ့၊ NCA လက်မှတ် မထိုးထားပေးမယ့်လည်း ငြိမ်းချမ်းရေးသဘောတူတဲ့ လက်မှတ် ထိုးထားတော့ ရှိတယ်၊ ဒီအတိုင်းပဲ ကျွန်တော်တို့ အကောင်အထည်ဖော်မှာ၊ အဲဒီမှာ အမြတ်မထုတ်ကြဖို့ လိုတယ်၊ ကျွန်တော်တို့ကတော့ တရားဥပဒေအတိုင်း လုပ်မှာပါ။

ဟင်္သာမီဒီယာ ။ ။ နောက်ဆုံးအနေနဲ့ မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုကို ဝန်ကြီးချုပ်အနေနဲ့ ဘာများ ပြောချင်ပါလဲ။

ဝန်ကြီးချုပ် ။ ။ ကျွန်တော်တို့ အစိုးရနဲ့ နောက်ထပ်လုပ်မယ့်ဟာတွေကို ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်မှပဲ ပြည်နယ်တိုးတက်ဖို့ ရှိတော့မယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...