ဦးစိုင်းကျော်ညွန့်နှင့် အင်တာဗျူး

ဦးစိုင်းကျော်ညွန့်နှင့် အင်တာဗျူး
by -
ကန္တရဝတီ
လက်ရှိ အခြေအနေတွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အပစ်ရပ် လက်မှတ်ထိုးသည့် အခြေအနေများ၊ ကျင်းပတော့မှာ ဖြစ်တဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံနှင့် ဆက်စပ်သည့် အခြေအနေများနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) မှာ နိုင်ငံရေးပါတီအစုအဖွဲ့၏ အတွင်းရေးမှူး နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှာ တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂ အဖြစ် တာဝန်ယူထားတဲ့ စိုင်းကျော်ညွန့်နှင့် ဖေဖော်ဝါရီ ၂၀ ရက်က သတင်းထောက်အချို့ တွေ့ဆုံ မေးမြန်းထားတာကို ကန္တာရဝတီတိုင်း(မ်)ဂျာနယ်မှာကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ အစိုးရကလည်း လက်မှတ်ထိုးခိုင်းတယ်။ EAOs (တိုင်းရင်းသားလက်နက်ကိုင်) တွေဘက်ကလည်း NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) အာမခံလိုတယ်လို့ ပြောတယ်ပေါ့နော်။ အဲ့အပေါ်မှာ ဆရာအနေနဲ့ ဘယ််လိုမြင်လဲ။

ဖြေ။ ။ အစိုးရကတော့ သူတို့အလုပ်သူလုပ်တာလေ။ ဒါသူတို့ကို ယုံကြည်ပါပေါ့။ ဒေါ်အောင်ဆန််းစုကြည်ဆိုတာလည်း ကျနော်တို့နစ်ပေါင်းနှစ်ဆယ်လောက် ထောက်ခံခဲ့တဲ့ ခေါင်းဆောင်ဖြစ်တာပဲလေ။ သူ့အနေနဲ့ပြောတာလည်းမမှားဘူးပေါ့။ သူ့ကိုယုံကြည်ပါ။ သူလုပ်မယ်ပေါ့။ နောက်ဟိုဘက်က ပြန်ကြည့်ရင်တော့ ဗမာမဟုတ်သော တိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပေါ့လေး။ နှစ်ပေါင်းနှစ်ဆယ်ခြောက်ဆယ် ခုနှစ်ဆယ် ဒီလိုပဲ အစဉ်အဆက်ဖြစ်ခဲ့တဲ့ သံသယပေါ့။

ကျနော်တို့ ဒီအချိန်မှာ ကျနော်တို့နိုင်ငံကို ပြုမယ်ပြင်မယ်ဆိုပြီး အသစ်သွားချင်တဲ့လူတွေက နေရာတိုင်းမှာရှိတယ်။ တပ်မတော်မှာလည်းရှိတယ်။ အစိုးရမှာလည်းရှိတယ်။ နေရာတိုင်းနေရာတိုင်းမှာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ နေရာတိုင်းမှာရှိတယ်။ အဲ့လိုပဲ ဒီအဟောင်းအတိုင်းကို ဖက်တွယ်ပြီးဆက်သွားချင်တဲ့သူတွေလည်း နေရာတိုင်းမှာရှိတယ်။ အကုန်ရှိလောက်တယ်။ ရှိနိုင်တယ်။ အဲ့တော့ဒီကိစ္စတွေဖြစ်ခဲ့တော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ အစု်ိးရဘက်က အာမခံချက်လိုတယ် (NCA နဲ့ပတ်သက်ပြီး)။ ခုဏကလိုမျိုး ဒီမိုကရေစီဖက်ဒရယ်တကယ်သွားမယ် အစိုးရကလည်း ကျမတို့ရဲ့ (ဒေါ်အောင်ဆန််းစုကြည်ကို ရည်ညွန်း၍) လုပ်ငန်းစဉ်က ဒါပါဆိုတာ ဖွဲ့စည်းပုံပြင်မယ်လို့လည်းပြောမယ်။ မပြောတဲ့အဖွဲ့တွေလည်းရှိမယ်။ ဒါကို ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုကို ခိုင်မာအောင်လုပ်ရမယ် လို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါကိုညှိနှိုင်းသင့်တယ်လို့ထင်တယ်။ ညှိနှိုင်းပြီးတော့ ငါတို့အတူတူသွားမယ်ဆိုတဲ့စိတ်ရှိမှသာလျှင်။ ညှိနှိုင်းမယ်ဆိုတဲ့စိတ်မရှိရင် စဉ်းစားချက်ပေါ့လေးညှိနှိုင်းချင်တဲ့သဘောထားမရှိရင် ကျနော်တို့ရှေ့ဆက်သွားဖို့ တော်တော်ခက်ပါလိမ့်မယ်။

မေး။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ပင်လုံ ဒုတိယအကြိမ်မတိုင်မီမှာ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ) က (အဖွဲ့ဝင်တွေ) လက်မှတ်ထိုးလာနိုင်ဖွယ်ရှိမယ်လို့ထင်လား။

ဖြေ။ ။ ဒါကတော့ ဆွေးနွေးညှိနှိုင်းတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်ပြောနေကျပါ။ အစိုးရဘက်ကလည်း ရှင်းရှင်းလင်းလင်းပြောဖို့လိုတယ်။ UNFC ဘက်ကပြောတဲ့ အချက်တွေမှာ ဒီအချက်မရဘူး၊ ဒီအချက်အလက် အဆင်ပြေတယ်။ ဒီအချက်အလက်က ငါးဆယ်ရာခိုင်နှုန်းရမယ်။ အဲ့လိုဆွေးနွေးညှိနှိုင်းလို့ ဆွေးနွေးမှုအဆင်ပြေတယ်ဆိုရင် ဆွေးနွေးရင်းကနေမှ တစ်ဦးနဲ့ တစ်ဦး တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုဆိုတာက ရှိလာမယ်။ ယုံကြည်မှုရှိမှ ရှေ့ဆက်သွားလို့ရမယ်။ ဒီလိုပုံစံတစ်ကယ်သွားတော့မယ်ဆိုတာယုံကြည်သွားရင်တော့ အကုန်လုံးပြေလည်တာမဟုတ်ဘဲ ဆွေးနွေးတဲ့အချက်တွေကို တစ်ဝက်ကျော်လား ကိုးဆယ်ရာခိုင်နှုန်းလား တစ်ရာရာခို်င်နှုန်းပြေလည်ရင်တော့ ကောင်းတာပေါ့။ ရာခိုင်နှုန်းဘယ်လောက်ပြေလည်တယ်ဆိုရင် ဟိုဘက်ကလည်း လက်ခံလိုက်မယ်ဆိုရင်တော့ ဒါက အခြေအနေကောင်းသွားပါလိမ့်မယ်။

မေး။ ။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံဒုတိယအကြိမ်အစည်းအဝေး ရဲ့ အဓိကစိန်ခေါ်မှုက ဘာဖြစ်မလဲ။

ဖြေ။ ။ အခု နောက်တစ်ခါလုပ်မဲ့ဟာက စိန်ခေါ်မှုကများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီလာခံအရပြောမယ်ဆိုရင် အရင်အစိုးရက(ဦးသိန်းစိန် အစိုးရ) တစ်ခါလုပ်တယ်။ နည်းနည်းဖွင့်ပွဲစံတယ်။ အစိုးရ နုတ်ဆက်ပွဲပုံစံလို လည်းဖြစ်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးလုပ်တယ်။ ဒီအစည်းအဝေးမှာ အစိုးရအသစ်တက်လာတယ်။ အဖွဲ့အစည်းအားလုံးကိုဖိတ်ကြားတယ်။ လာကြတယ်။ ပွင့်လင်းမြင်သာမှုလည်းရှိတယ်။ ဒါကဖြစ်ပေါ်တိုးတက်မှုတစ်ခုဖြစ်တယ်။ နောက်တစ်ခါလာမယ့် ညီလာခံမှာ အရင်လုပ်တဲ့ပထမအကြိမ်အစည်းအဝေးလောက်တောင်မှ ဖြစ်ပေါ်တိုးတက်မှုမရှိဘူး ဒီထက်ပိုပြီးတော့ရုတ်လျော့သွားမယ်ဆိုရင်ဘာဖြစ်သွားမလဲ။ ပြည်သူတွေရဲ့အမြင်ဘယ်လိုမြင်မလဲပေါ့။ တစ်ခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကကော လက်မှတ်မထိုးထားသော အဖွဲ့အစည်းများကကော စောင့်ကြည့်နေတဲ့အဖွဲ့အစည်းများကကော ဘယ်လိုမြင်မလဲ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ယုံကြည်မှုက တော်ကြာကျသွားမလားပေါ့။ အရေးကြီးတာက ပြည်သူတွေ တစ်ခါလာလည်းဒီလို နောက်တစ်ခါလာလည်း ဒီထက်ပိုဆိုးမယ်ဆိုရင် ပြည်သူတွေက ငြိမ်းချမ်းရေးအပေါ်မှာ အယုံအကြည်မရှိတော့ဘူးဆိုရင်တော့ဖြစ် တော်တာ်ကိုဆိုးတယ်။ စိန်ခေါ်ချက်ဆိုတာအများကြီးရှိတယ်။ အဲ့ဒါတွေကို ကျော်လွှားဖို့ကိုလည်း အစိုးရအသစ်တက်တဲ့ ပထမအစည်းအဝေးမှာ အားလုံးပါဝင်လာနိုင်အောင်လုပ်နိုင်တယ်။ ဒီပွဲမှာဆိုရင် သဘောဖြင့် UNFC လိုမျိုးက လက်မှတ်ရေးထိုးလိုက်နိုင်အောင်ညှိနိုင်မယ်ဆိုရင် ဘာဖြစ်သွားမလဲ ဖြစ်ပေါ်တိုးတက်မှုရှိမယ်။ ဒီညီလာခံမှာ ဆုံးဖြတ်ချက် မချနိုင်ဘူး ဆိုရင်တော်မှ ဖြစ်ပေါ်တိုးတက်မှုက တစ်ဆင့်ပြီးတစ်ဆင့် တက်လာဖို့ လိုတယ်။ အဲ့လိုဖြစ်ပေါ်တိုးတက်မှုမရှိလာဘူးဆိုရင် ကျနော့် သဘောထားဆိုရင် နောက်သာရွှေ့ထားလိုက်။

မေး။ ။ ဒီလာမယ့်ညီလာခံမှာ ဆုံးဖြတ်ချက် ၊ အဖြေတစ်ခုခုထွက်လိမ့်မယ်လို့ထင်လား။

ဖြေ။ ။ တစ်ချို့အဖွဲ့အစည်းများ အစိုးရဘက်မှာလည်း ရည်မှန်းထားတဲ့ တစ်ချို့အချက်တော့ရှိတယ်။ ဖက်ဒရယ်မူလိုမျိုးလောက်ကို ဆုံးဖြတ်ချက်ကျချင်တာမျိုးရှိတယ်။ ရအောင်လုပ်ချင်တာပေါ့လေး။ ဖက်ဒရယ်မူဆိုတာလည်း အများကြီးမဟုတ်ဘူး အဓိက အချက်နှစ်ချက်ပေါ့လေး။ ဥပမာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရယ် အခြားအခြားသော ပြည်မအဖွဲ့အစည်းများက (ဖက်ဒရယ်ကော်စတီကျူးရှင်း draft (မူကြမ်း) ) ရှိတယ်လေး။ အဲ့ထဲမှာ အခြေခံမူရှိတယ်။ အဲ့လိုမျိုးအခြေခံမူတွေ ညှိနှိုင်းပြီးတော့ တစ်ကယ့်ပြည်ထောင်စုအဆင့်ကိုသွားမယ်။ အဲ့လိုမျိုးလောက်ပဲဆိုရင်တော့ တစ်ကယ့် main (အဓိက) အခြေခံမူလောက်ပဲဆိုရင်တော့ တစ်ခြားသောအဖွဲ့အစည်းများလည်း လက်ခံနိုင်မယ့်အခြေခံမူသာ စေ့စပ်ညှိနှိုင်းနိုင်တယ်ဆိုရင်တော့လည်း နည်းနည်းတော့ ဖြစ်ပေါ်တိုးတက်မှုရှိတယ်လို့ ပြောလို့ရတယ်ပေါ့။

မေး။ ။ UPDJC အနေနဲ့ ဘာဖြစ်လို့ ဒီ CSOs တွေရဲ့ လုပ်ပိုင်ခွင့်ကို လျော့ချရတာလဲ။ (မူလ ဆွေးနွေးချက်များအရ CSO ဖိုရမ်များကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် အပြိုင်လုပ်မည်ဟု ဆိုထားသော်လည်း ယခုနောက်ပိုင်း ထိုသို့ မဟုတ်ဘဲ CSO များအနေဖြင့် အကြောင်းအရာအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပရခြင်းကို ဆိုလိုသည်။)

ဖြေ။ ။ ဒီCSOs အပိုင်းကဏ္ဍကတော့ဖြစ် ကျနော်တို့ UPDJC အနေနဲ့ လျော့ချတယ် ဆိုရင် နည်းနည်းတော့ မှန်တယ်လို့ ပြောလို့မရဘူးပေါ့လေး။ ဒီ peace process ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဖော်ဆောင်တဲ့နေရာမှာ အရေးကြီးဆုံးက အစိုးရဗျ။ အစိုးရ ပေါ်လစီက (မူဝါဒ) အရေးကြီးဆုံးဖြစ်တယ်။ အရင်အစိုးရရဲ့ပေါ်လစီကတော့ သူကအားလုံးလာပေ့ါ။ တရားဝင်နိုင်ငံရေးပါတီဆိုလည်းလာ။ CSOsကဏ္ဍအနေနဲ့ကလည်း အတိုင်းအတာတစ်ခုအထိ သူ့ဟာသူလုပ်နေပြုနေတယ်။ ဒါပေမဲ့ peaceက အဝေးကြီးတော့ သွားလို့မရတော့ သူတို့ဘယ်လိုဆက်လုပ် ဖော်ဆောင်မယ်ဆိုတာတော့ သူတို့မသိခဲ့ဘူးပေါ့လေး။ အခု အစိုးရအသစ်တက်လာတဲ့အချိန်မှာကျတော့ အစိုးရပေါ်လစီအရပဲလေး သူက ပြည်ထောင်စုအဆင့်မှာကတော့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့နိုင်ငံရေးပါတီများကိုပဲ ပါခိုင်းစေချင်တယ်။ နောက်ပြီးတော့ CSOs အခန်းကဏ္ဍကလည်း ကျနော်တို့နိုင်ငံက CSOs အပေါ်မှာ နားလည်မှုက သိမ့်ရေချိန်မမြင့်သေးဘူးလို့ပြောရမလား ဒါမှမဟုတ်လို့ရှိရင် CSOs တွေကို ဟိုဘက်မှာလည်းပါ ဒီဘက်မှာလည်းပါဆိုတော့ တစ်ချို့တစ်ချို့သောခေါင်းဆောင်များ စဉ်းစားချက်က နည်းနည်းရှုပ်တယ်လို့ ပဲ မြင်သလားပေါ့။ တစ်ကယ်တမ်း ကျနော်တို့အနေနဲ့ ပြောရမယ်ဆိုရင် CSOsက အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ CSOs တွေမှာ နိုင်ငံရေးအပိုင်းကို ဦးစားပေးလုပ်တဲ့CSOs တွေရှိတယ်။ ဖွံ့ဖြိုးရေးအပိုင်းလုပ်တဲ့ CSOs တွေရှိတယ်။ သီးသန့်ပေါ့လေး။ issues တစ်ခုတစ်ခုကို လေ့လာလိုက်စားပြီးတော့ လုပ်နေတဲ့ CSOs တွေရှိတယ်။ တစ်ချို့ CSOs တွေက တော်တော်ကိုကောင်းပါတယ် သူတို့က ပေါ်လစီကို ရေးဆွဲနိုင်တဲ့အဆင့်ထိ ရောက်နေတဲ့ CSOs တွေရှိတယ်။ ဒါမဲ့ အကုန်လုံးလားဆိုတော့ မဟုတ်ဘူးပေါ့လေး။ ဒါက အစိုးရရဲ့သဘောထားပဲဖြစ်တယ်။ အစိုးရက CSOs ရဲ့အခန်းကဏ္ဍကို ဒီလောက်ဒီလောက်ပဲဆိုတဲ့ သဘောထားဖြစ်တယ်။ ကျနော်တို့က UPDJC မှာ ပါဝင်တယ်ဆိုပေမဲ့ အစိုးရသဘောထားကို ဒီလောက်ထိ လွန်ဆန်နိုင်တာတော့မရှိဘူး။ ကျနော်တို့ရဲ့သဘောထားကတော့ CSOs ကတော့ တော်တော်ကို အရေးကြီးပါတယ်။ တစ်ကယ်တန်း ပါဝင်ခိုင်းသင့်ပါတယ်။

မေး ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့သွားရင် အဆင်ပြေမယ်လို့ထင်လဲ။

ဖြေ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့အပို်င်းက လွတ်တော်လမ်းကြောင်းကနေသွားမလား။ လွတ်တော်ပြင်ပလမ်းကြောင်းကနေသွားမလားပေါ့။ လွတ်တော်လမ်းကြောင်းအတိုင်းဆိုရင် အားလုံးလည်းသိတဲ့အတိုင်း အခြေခံဥပဒေကို ပြင်မယ်ပြုမယ်ဆိုရင် ပုဒ်မ (၄၃၆) အောက်မှာပြင်လို့ရမယ့် ပုဒ်မတွေအများကြီးလေး။ အဲ့ထဲမှာက ရ၅% အပေါင်းတစ်ယောက်ပေါ့လေး။ တစ်ကိစ္စနဲ့ဆိုတော့ အားလုံးသိတဲ့အတိုင်း လွတ်တော်ကနေဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ဆိုရင် မဖြစ်နိုင်သလောက်ပဲပေါ့။ တပ်မတော်က သဘောတူရင်တော့ဖြစ်ပါတယ်။ တပ်မတော်က သဘောမတူရင်တော့ဖြစ် မဖြစ်နိုင်သလောက်ပဲ။ အဲ့တော့ လွတ်တော်ပြင်ပလမ််းကြောင်းကို စဉ်းစားလိုက်မယ်ဆိုရင် အခုငြိမ်းချမ်းရေး ဖော်ဆောင်တာတွေရှိတယ်။ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးနေတဲ့ဟာတွေရှိတယ်။ အဲ့တော့ နိုင်ငံတကာရဲ့ ဥပမာတွေပြန်ယူမယ်ဆိုရင် သူက peace agreement ပဲပြောပြော political agreement ပဲပြောပြောပေါ့လေး။ ဒါငြိမ်းချမ်းရေး သဘောတူစာချုပ်တို့ နိုင်ငံရေး သဘောတူ စာချုပ်တို့ရပြီဆိုရင် တစ်ချို့နိုင်ငံတွေမှော အဲ့ဒီစာချုပ်ထဲက အချက်အလက်တွေက ဖွဲ့စည်းပုံဖြစ်သွားတယ်။ တစ်ချို့နိုင်ငံတွေမှာ ဖွဲ့စည်းပုံရဲ့တစ်စိတ် တစ်ဒေသဖြစ်သွားတယ်။ တစ်ချို့နိုင်ငံရဲ့ ဖွဲ့သည်းပုံက အဲ့ဒီအတိုင်းကို လိုက်ပြီးတော့ ပြင်တယ်ပြုတယ် အကုန်လုံးဖြစ်သွားတယ်ဆိုတော့ ဒီနိုင်ငံရေးလမ်းကြောင်းကနေ သွားတဲ့ သဘောတူညီချက်တွေ သာ ရရှိမယ်ဆိုရင်တော့ဖြစ် ပြင်ဆင်ရ ပိုလွယ်ကူတယ်ဆိုတဲ့ အပိုင်းကို ချဉ်းကပ်တဲ့နည်း ပေါ့လေး။ အခုအစိုးရကလည်း အဲ့အပိုင်းကို ချဉ်းကပ်သလားပေါ့။ ဒါက စဉ်းစားချက်ပေါ့လေး။ ဒီပုံစံမဟုတ်ပဲနဲ့ တစ်ခြားပုံစံကော ပြုပြင်လို့ မရတော့ဘူးလားဆိုတာ မေးစရာတော့ ရှိတာပေါ့လေး။ ကျနော်တို့က ဟိုးတုန်းက လုပ်ခဲ့သလို လူထုနည်းလမ်းနဲ့ သွားမလားပေါ့။ တစ်ခြားဘယ်လိုနည်းရှိသေးလဲပေါ့။ သေချာတာက တော့ဖြစ် နိုင်ငံတစ်နိုင်ငံမှာ အခု ဒီမိုကရင်စီနိုင်ငံလို့လည်း ပြောနေပြီဆိုတော့ ပြည်သူလူထုရဲ့သဘောထားကို လွန်ဆန်လို့တော့မရတော့ဘူး။ ပြည်သူလူထုရဲ့ သဘောထားကို ဘယ်လိုရယူမလဲဆိုတဲ့ ပုံစံပေါ့လေး။ အဲ့ဒီဟာတွေ စဉ်းစားရမှာဖြစ်တယ်။

Most read this week

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...