ကပ်ဆိုးကြားက ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ဈေးသည်များ

ကပ်ဆိုးကြားက ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ဈေးသည်များ

နန်းဆိုင်ဖူး — ကမ္ဘာအနှံ့အပြား အသံတိတ်စစ်ပွဲရဲ့ ခြိမ်းခြောက်မှုတွေဟာ လူမျိုး၊ ဘာသာ၊ အရွယ်မရွေး စိုးရိမ်ထိတ်လန့်နေကြပြီး ကမ္ဘာကြီးက တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ တစ်ကမ္ဘာလုံး ရွံမုန်းနေတဲ့ ဒီစစ်ပွဲကြီးဟာ မတ်၂၃ရက်မှာတော့ မြန်မာနိုင်ငံကို မဖိတ်ခေါ် ဘဲ ရောက်ရှိလာပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်မှု အတည်ပြုလူနာ ၈၅ ဦး၊ သေဆုံးသူ ၄ ဦးခဲ့ပြီး သျှမ်းပြည်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ ၃ဦးရှိကြောင်း ဧပြီ ၁၆ မှာ သိရပါတယ်။

လူသားအားလုံးကို ထိတ်လန့်တကြား ဖြစ်စေတဲ့ အသံတိတ်စစ်ပွဲကတော့ ကိုဗစ်-၁၉ လို့ခေါ်တဲ့ အဆုတ်ရောင်ကူးစက်မြန်ရောဂါပါပဲ။ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်၊ လူစု လူဝေး မပြုလုပ်ရန်၊ Home Stay နေကြရန် ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သို့သော် အခြေခံလူတန်းစားများက မိသားစု စားဝတ်နေရေးအတွက် Home Stay နေဖို့ ခက်ခဲပြီး ကပ်ရောဂါကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရုန်းကန်လှုပ်ရှားနေရပါတယ်။

“သူများတွေ မထွက်ပေမယ့် ကျနော်တို့တော့ အရဲစွန့်ပြီး ထွက်ရတာ။ ကိုယ်ကိုယ်တိုင်တော့ ကာကွယ်နေရတာပေါ့။ ကြောက်ပေမယ့် လက်ဆေးရည်တွေ၊ Mask တွေ တပ်ပြီး ကာကွယ်နေရတာပေါ့” လို့  စားသောက်ကုန်တွေကို ဆိုင်ကယ်နဲ့ လိုက်လံရောင်းချတဲ့ ဈေးသည် ကိုလှမောင်က ပြောပါတယ်။

မြန်မာတစ်ဝှမ်း ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်ချက်ကြောင့် အိမ်ပြင် မထွက်ရဲ၊ ဈေးသွားမဝယ်ရဲ ဖြစ်နေကြချိန်မှာ ဆိုင်ကယ်ဈေးသည်တွေ ဘဝကတော့ ကြောက်စိတ်ကြားက အရဲစွန့်ပြီး ဖောက်သည်တွေဆီ သွားကြပါတယ်။ ဈေးသည်တွေဟာ မနက် ၃နာရီအချိန်မှာ လိုအပ်တဲ့ သား၊ငါးတွေကို ဝယ်ယူပြီး မနက် ၈နာရီအချိန် ဝယ်သူတွေဆီ ရောက်အောင် ခရီးနှင်ကြပါတယ်။



ခုလို မြန်မာနှစ်သစ် အတာသင်္ကြန်ကာလဆိုရင် ရေသဘင်မဏ္ဍပ်တွေ၊ သင်္ကြန်တေးသီချင်းတွေနဲ့ တောင်ကြီးမြို့တစ်ခုလုံး စိုပြေစေခဲ့ပေမယ့် ဒီနှစ်ကတော့ ဆိုင်ကယ်ဈေးသည်သံက လွဲပြီး တိတ်ဆိတ်နေပါတယ်။

သင်္ကြန်ကာလ ရုံးပိတ်၊ အလုပ်နားချိန်အတွင်း အခြေခံလူတန်းစားအတွက် နိုင်ငံတော်အစိုးရက  တစ်အိမ်ထောင် လျှင်  ငွေကျပ် ၂သောင်းနဲ့ညီမျှတဲ့ ဆန်၊ဆီ၊ ကြက်သွန်တွေ ဝေမျှပေမယ့် ဈေးသည် ကိုလှမောင်တစ်ယောက်ကတော့ ထောက်ပံ့မှုကို မျှော်လင့်မထားကြောင်း ပြောပြပါတယ်။

“ထောက်ပံ့တာတွေတော့ အဲလောက် မမျှော်လင့်ပါဘူး။ ကိုယ်လည်း ဒီလိုပဲ လုပ်နေရတာဆိုတော့လေ။ သင်္ကြန်တွင်းလည်း ဖောက်သည်တွေက ကျနော်တို့ လာမှ အဆင်ပြေတယ်” လို့ ကိုလှမောင်က ဆိုပါတယ်။

လက်ရှိကာလမှာ ဝယ်သူတွေကိုယ်တိုင် ဈေးမသွားကြတော့ ဈေးသည်တွေရဲ့ ဆိုင်ကယ်သံကို မျှော်လင့်နေရတဲ့ အချိန်လို့ ပြောရင်လည်း မမှားပါဘူး။ တောင်ကြီးမြို့နေ ပြည်သူတွေ အိမ်ပြင် မထွက်ကြသလို ငါးရက်တစ်ဈေးလို့ ဒေသအခေါ်အဝေါ်ရှိတဲ့ ရပ်ဓလေ့ဈေးတွေကိုလည်း  ပိတ်သိမ်းဖို့ ကြေညာထားပါတယ်။

ဒါ့ကြောင့် ဆိုင်ကယ်ဈေးသည်တွေရဲ့ ရောင်းအားက အရင်ကထက် ပိုကောင်းပါတယ်။

“ကြောက်တော့ ကြောက်တာပေါ့။ မလုပ်လို့လည်း မရဘူး။ ဒါလုပ်မှ စားရတာကို၊ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့” လို့ ဆိုင်ကယ်ဈေးသည် ကိုဇေယျာက ပြောပါတယ်။

ဒီကာလမှာ မိမိနေအိမ်ထဲ မိသားစုနဲ့အတူ နေထိုင်ချင်ကြပေမယ့် တဖက်မှာလည်း ဝမ်းရေးအတွက် ရှာစားနေရသူတွေအတွက်တော့ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။

“ကျနော်တို့ ဈေးမထွက်ရင် ကျနော်တို့ဖောက်သည်တွေ ပျက်သွားနိုင်တယ်။ နားချင်တာပေါ့။ ကျနော့်မှာလည်း မိသားစုတွေ ရှိတယ်လေ” ဟု ဈေးသည် တစ်ဦးက ဖွင့်ဟပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေအများစုဟာ ဆိုင်ကယ်ဈေးသည်ကို အားကိုးနေရတဲ့ အချိန်လို့တောင် ပြောလို့ ရပါတယ်။

“ခုချိန်က ဈေးသည်တိုင်းလိုလို ရောင်းကောင်းကြတယ်။ ဘာလို့လဲဆိုတော့ လူတွေက ဈေးကို မထွက်ကြတော့ ပိုပြီး အရောင်းသွက်လာကြတယ်” လို့ ဈေးသည် ကိုဇေယျာက ဆိုပါတယ်။

ကိုဗစ်-၁၉ လူနာ အမှတ် (၂၉ ) ဟာ တောင်ကြီးမြို့သားတစ်ဦး ဖြစ်ပြီး စဝ်စံထွန်းဆေးရုံမှာ ဧပြီ ၁၁ ရက်က စလို့  ဆေးကုမှုသခံယူနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ အဲဒီကြေညာချက် ထုတ်ပြန်ပြီးနောက်မှာတော့ အရင်က  အစဉ်အမြဲ စည်ကားနေခဲ့တဲ့ တောင်ကြီးမြို့ မြို့မဈေးနဲ့ အမှတ်(၅) ဈေးဟာ ရောင်းသူ၊ ဝယ်သူမရှိသလောက်  တိတ်ဆိတ်ခြောက်ကပ်ခဲ့ကာ မြို့ပေါ်က ကုန်စုံဆိုင်တွေ၊ အိမ်တွေမှာလည်း တံခါးကိုယ်စီ ပိတ်ထားတာကို တွေ့မြင်ရပါတယ်။

“ ကျမတို့က မလိုအပ်ဘဲနဲ့ အိမ်အပြင်ကို မထွက်ကြတော့ဘူး။ ဆိုင်ကယ်ဈေးသည်ဆီကပဲ ကိုယ် လိုအပ်တဲ့ဟင်းတွေ မှာယူ ဝယ်ယူတော့တယ်” လို့ တောင်ကြီးဒေသခံ နန်းယိင်းက ပြောပါတယ်။

အိမ်တွင်းက အိမ်ပြင်ကို မထွက်ရဲကြတော့ လုပ်ငန်းတွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေဟာ ယာယီ ရပ်ဆိုင်းနေရကာ ပြည်သူတွေအတွက် ဆိုင်ကယ်နဲ့ လိုက်လံရောင်းချတဲ့ ဈေးသည်ကို အားကိုးနေရတဲ့ ဘဝ ဖြစ်နေပါတယ်။

“ ဈေးသွားစရာ မလိုတော့ လူတွေနဲ့ ထိတွေ့မှု မရှိတော့ဘူး။ စိတ်ထဲမှာ ပို လုံခြုံတယ်လို့ ခံစားရတယ်။ ဆိုင်ကယ်ဈေးသည်တွေလည်း ဈေး အများကြီးမတင်ထားတော့ ကျနော်တို့ အတွက်လည်း အဆင်ပြေတယ်” လို့ ဒေသခံ ကိုစိုင်းက လက်ရှိ ကြုံတွေ့နေရတာကို ပြောပြပါတယ်။

ဈေးသည်တွေ နေ့စဉ် လာရောက် ရောင်းချနေမှုကြောင့် လတ်တလောမှာ အဆင်ပြေကြပေမယ့် တဖက်မှာလည်း ဈေးသည်တွေရဲ့ ကျန်းမာရေးကို စိုးရိမ်ပေးနေရကြောင်း တောင်ကြီးဒေသခံတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာသလို ရောဂါကို ထိန်းချုပ်နိုင်ဖို့ အချိန် ဘယ်လောက်ယူရမယ်၊ အချိန် ဘယ်လောက်ကြာ အိမ်တွင်းမှာ ခုလို နေထိုင်ရမယ်ဆိုတာတော့ မသိရှိကြရသေးပါဘူး။

“ကျမတို့တွေ ဘယ်လောက်ထိ ဒီတိုင်း ဆက်သွားရမှာလဲ မသိဘူး။ ဆိုင်ကယ်ဈေးသည်တွေ မရှိတော့ရင်တော့ ကျမတို့လည်း အခက်အခဲ ကြုံနိုင်ပါတယ်” လို့ နန်းယိင်းက ဆိုပါတယ်။

ကိုဗစ် အသံတိတ်စစ်ပွဲကို စိုးထိတ်ကြောက်ရွံ့စိတ်နဲ့ အိမ်တွင်းအောင်း နေထိုင်ကြသူတွေ ရှိနေပေမယ့်လည်း ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ အခြေခံလူတန်းစားတွေအတွက်ကတော့ အိမ်တွင်းအောင်းဖို့ အလှမ်းဝေးနေဆဲပါ။

December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...
တရုတ်နိုင်ငံသို့ တင်သွင်းနေမည့် ကြံကားများ
December 18, 2024
တရုတ်အာဏာပိုင်များသည် စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီးနောက် ညီနောင်မဟာမိတ်တပ်...