ဖယ်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်သူအားလုံး ပြည့်ဝသော ကျားမတန်းတူရေး၊ ဌာနေတိုင်းရင်းသားများ ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် အားပေးပံ့ပိုးရန်၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုရှိရေး မျှော်မှန်းချက်တို့ဖြင့် KWO ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၅ရက်သည် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဖွဲ့စည်းတည်ထောင်ခြင်း ၃၅နှစ်မြောက်ဖြစ်သည်။
ကရင်အမျိုးသမီးအစည်းအရုံးကို ၁၉၄၉ခုနှစ်တွင် ကော်သူးလေ ကရင်အမျိုးသမီးအစည်းအရုံးအနေဖြင့် စတင်ဖွဲ့ စည်းခဲ့ပြီးနောက် ၁၉၈၅ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တကွ စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့သည်။
၃၅နှစ်တာ ကာလအတွင်း KWO ၏ အမျိုးသမီးများ အခန်းကဏ္ဍ၊ လူ့အခွင့်အရေးနှင့် လုပ်ဆောင်ချက်များအပေါ် အသိအမှတ်ပြုခံရမှုနှင့်ပတ်သက်ပြီး အဖွဲ့အစည်းသီးသီးမှ ခေါင်းဆောင်အချို့၏ အမြင်များကို စုစည်းတင်ပြလိုက်ပါ သည်။
ပဒိုနော်စီဖိုးရာစိန် (ကေအဲန်ယူ ဒု-ဥက္ကဋ္ဌဟောင်း)
ကရင်အမျိုးသမီးအစည်းအရုံးကို ဒီကရင်အမျိုးသမီးတွေရဲ့ ပြုမှုဆက်ဆံခံရတဲ့အပေါ်မှာ ပြန်ပြီးကြည့်မယ်ဆိုရင် အမျိုးသမီးတွေအပေါ် ပိုပြီးတော့ အလေးထား အသိအမှတ်ပြုလာတာကိုတွေ့ရတယ်။ အထူးသဖြင့် ၂ဝ၁၉ခုနှစ်မှာ အမေရိကန်နိုင်ငံကနေပြီးတော့မှ ကရင်အမျိုးသမီးအစည်းအရုံးရဲ့လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုခဲ့တယ်။ ကရင်အမျိုးသမီးတွေဟာ ရဲရင့်တဲ့သူတွေဖြစ်တယ်။ ဒါဟာ ကရင့်အမျိုးသမီးအစည်းအရုံးရဲ့ လုပ်ဆောင်မှုတွေကို မြင်သာစေပြီး အထူးသဖြင့် အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေးအတွက် လုပ်ဆောင်တဲ့အပေါ်မှာ ကရင်အမျိုး သမီးတွေအတွက်သာမကဘဲ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အမျိုးသမီးတွေ အခြားလူမျိုးတွေဖြစ်ဖြစ် ဖိနှိပ်ချုပ်ချယ်တဲ့အရာ မှန်သမျှ ကရင်အမျိုးသမီးအစည်းအရုံးက ဒါတွေကို ဆန့်ကျင်တာဖြစ်တယ်။
ဒီလိုမျိုး လုပ်ဆောင်တဲ့အပေါ်မှာ အသိအမှတ်ပြုခြင်းကိုခံရတယ်။ အခြားနိုင်ငံတွေမှာ သွားပြီးတော့ ကရင်လူမျိုးတွေ ရဲ့ ဘဝဖြတ်သန်းမှုတွေနဲ့ ကရင်အမျိုးသမီးတွေ ဖြတ်သန်းလာရတဲ့ ဒီမြန်မာအစိုးရစစ်တပ်တွေရဲ့ ဖိနှိပ်တာတွေ၊ ရက်စက်စွာ သတ်ဖြတ် မုဒိန်းကျင့်တာတွေကို တင်ပြခဲ့တဲ့အတွက်ကြောင့် ကရင်အမျိုးသမီးတွေရဲ့ လုပ်ဆောင်မှု တွေဟာ အသိအမှတ်ပြုခြင်းခံရပြီး ကမ္ဘာ့နိုင်ငံတွေက KWO လို့ခေါ်လိုက်တာနဲ့ သူတို့အားလုံး သိကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကရင်အမျိုးသမီးအဖွဲ့အစည်းဟာ နေရာများစွာကို သွားရောက်ခဲ့တယ်။ UN အစည်းအဝေး တွေဖြစ်ဖြစ်၊ အခြားနိုင်ငံတွေမှာဖြစ်ဖြစ် သွားရောက်ပြီးတော့ ကရင်လူမျိုးတွေ၊ ကရင်အမျိုးသမီးတွေ ဖြတ်သန်းခဲ့ရ တဲ့ အကြောင်းအရာတွေကို တင်ပြခဲ့တယ်။ အဲဒါကြောင့် ကရင်အမျိုးသမီးအစည်းအရုံးရဲ့လုပ်ဆောင်မှုတွေကိုသိကြ တယ်။ တစ်ဖက်ကကြည့်ရင် ကမ္ဘာက အသိအမှတ်ပြုထားပေမဲ့ ရပ်ရွာထဲမှာ ပြဿနာတွေရှိနေဆဲပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အချိန် တိမ်းရှောင်ပြေးလွှားနေရပြီး ရန်သူတွေရဲ့အကြမ်းဖက်မှုအောက်မှာ နေခဲ့ ရတဲ့အတွက်ကြောင့် ကရင်အမျိုးသမီးတွေက သူတို့ရရှိရမယ့် အခွင့်အရေးတွေကို မရရှိခဲ့ဘူး။
အများအားဖြင့် အမျိုးသမီးတွေဟာ ဦးစီးဦးဆောင်တတ်တဲ့လူတွေမဟုတ်ဘူး။ သူတို့ကို အိမ်မှာပဲနေခိုင်းတယ်။ အခြားအရာတွေ သူတို့ မလုပ်တတ်ဘူး။ ဒီလိုမျိုးအတွေးအခေါ်တွေက ရပ်ရွာလူထုတွေထဲမှာရှိနေတုန်းပါပဲ။ ဒီလို အတွေးအခေါ်မျိုးတွေကို ကျင့်သုံးတဲ့အတွက်ကြောင့် အမျိုးသမီးတစ်ယောက်ဟာ အဖွဲ့အစည်းထဲမှာ ဘယ်လောက် ပဲ လုပ်နေပါစေ။ ရှေ့ဆက်မှာ ဒီထက် တိုးတက်ဖွံ့ဖြိုးဖို့အတွက် အားပေးဆွဲခေါ်ဖို့အတွက်ကျတော့ အရမ်းနည်းပါ တယ်။
အရေးကြီးဆုံးက ဦးစီးဦးဆောင်နေတဲ့တွေ ခေါင်းဆောင်အမျိုးသားတွေအနေနဲ့ ကနဦးက Gender Equality အမျိုး သမီး၊ အမျိုးသား ဆိုတာမျိုးကို ထည့်သွင်း စဉ်းစားရမယ်။ အစီအစဉ်တစ်ခုကို ချမှတ်ရတော့မယ်ဆိုရင် အမျိုးသား၊ အမျိုးသမီး ဦးရေက ဘယ်လို ပါဝင်နေရမလဲဆိုတာကို ထည့်သွင်းစဉ်းစားရမယ်။ အဖွဲ့အစည်း တော်တော်များများ မှာ ဒီလိုစဉ်းစားမှုမျိုး သိပ်မတွေ့ရဘူး။ တခါတလေ ကော်မတီတစ်ခု ဖွဲ့လိုက်တယ်ဆိုပေမဲ့ အမျိုးသားတွေချည်းပဲ ဖြစ် နေတာမျိုးရှိတယ်။ လုပ်ငန်းတွေ ခွဲဝေတဲ့အခါ ဌာနတွေကို ဖွဲ့စည်းတယ်ဆိုလည်း အမျိုးသားတွေချည်းပဲ ရှိနေတာ မျိုး၊ အမျိုးသမီးတွေ တစ်ယောက်မှ မပါဝင်နေတာမျိုး၊ တခါတလေ အမျိုးသမီးတစ်ယောက်လောက် ပါတယ်ဆိုပေမဲ့ လည်း ဒါက သူတို့အနေနဲ့ အမျိုးသမီး ပါဝင်ရမယ်ဆိုတဲ့ စဉ်းစားချက်ပုံစံမျိုး မဟုတ်ဘဲနဲ့ အစည်းအဝေးမှာ တက် ရောက်လာသူတစ်ဦးဦးက ပြောလိုက်လို့မှ ထည့်ပေးတာမျိုးပဲရှိတယ်။ သူတို့ရဲ့ စဉ်းစားချက်မှာ Gender initials က အရေးကြီးဆုံးပဲဖြစ်နေရမယ်။ အမျိုးသမီး အမျိုးသား ဆိုတဲ့ စဉ်းစားချက်က အရေးကြီးသလို ဒီလိုစဉ်းစားချက်မျိုး သာ သူတို့မှာရှိမယ်ဆိုရင် လုပ်ငန်းဆောင်တာအားလုံးကို စီမံချမှတ်တဲ့နေရာမှာ အမျိုးသမီး အမျိုးသား ပါဝင်မှုက ကိုက်ညီမှုရှိပြီးတော့ လုပ်ငန်းဆောင်တာအားလုံးက တိုးတက်နိုင်တယ်လို့ ပြောလို့ရတယ်။
အမျိုးသမီးတွေဟာ သူတို့ရဲ့ဘဝတွေက အိမ်ထောင်ကျသွားပြီဆိုရင် သူတို့ရဲ့အစွမ်းအစတွေ အားလုံးက အဲဒီမှာပဲ အဆုံးသတ်သွားရတယ်။ အမျိုးသမီးအနည်းစုကသာ ဒါကို ကျော်ဖြတ်နိုင်ကြတယ်။ သူတို့က မိသားစုနဲ့ရှိပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မူကြောင့် သူတို့ကျော်လွှားနိုင်ခဲ့တယ်။ သူတို့ဒီလိုလုပ်ဆောင်နိုင်တာက သူတို့ရဲ့ ကလေး၊ ခင်ပွန်းတို့က တိုက်တွန်းအားပေးကြပြီး ရပ်ရွာလူထုတွေကလည်း သူတို့ကိုနားလည်အားပေးလို့ သူတို့လုပ်နိုင်တာ ဖြစ်တယ်။ မိသားစုတွေရဲ့အားပေးမှု၊ ရပ်ရွာလူထုတွေရဲ့တိုက်တွန်းမရှိဘူးဆိုလို့ရှိရင် အမျိုးသမီးတွေအတွက် အခက်အခဲများစွာ ဖြစ်စေတယ်။ အရေးကြီးတာက ရပ်ရွာထဲမှာ ဦးစီးဦးဆောင်တာဖြစ်စေ၊ အဖွဲ့အစည်းထဲမှာဖြစ်စေ အမျိုးသမီးတွေအတွက် အရေးကြီးတာက သူတို့အခွင့်အရေးတွေရှိတာကို ဘယ်လောက်ပဲသိနေပါစေ၊ ရပ်ရွာလူကြီး တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေက မတိုက်တွန်းဘူး၊ သူတို့တွေရဲ့လမ်းကို ပိတ်ဆို့နေမယ်ဆိုရင် အမျိုးသမီး တွေက သူတို့မှာ အခွင့်အရေးရှိပေမဲ့လည်း ရှေ့ဆက်သွားလို့မရဘူး။ အဲဒါကြောင့်မို့ အမျိုးသမီးတွေမှာ အခွင့်အရေး ရှိတယ်ဆိုတာကို သိသလို အမျိုးသားတွေကလည်း ကျားမတန်းတူအခွင့်အရေးကို နားလည်သဘောပေါက်ရမယ်။ အမျိုးသားခေါင်းဆောင်တွေ ရပ်ရွာခေါင်းဆောင်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေဟာ ကျားမတန်းတူအခွင့် အရေးကို ပိုမို သိရှိနားလည်အောင် လေ့လာသင်ယူရမယ်။
ပဒိုနော်မြိုင်ဖိုး (ကေအဲန်ယူ၊ ဗဟိုတရားသူကြီးချုပ်)
ဟိုးအရင်က အမျိုးသမီးအဖွဲ့အစည်းကိုပြန်ပြီး သတိရမိတယ်။ ကျမတို့အခွင့်အရေးကို ကျမတို့မသိခဲ့ဘူး။ ကျမတို့ အခွင့်အရေးသိဖို့အတွက် ကျမတို့ခေါင်းဆောင်တွေက ကျမတို့ကို မျက်စိဖွင့် နားဖွင့်ပေးတယ်။ အဲမှာ ကျမတို့ တဖြည်းဖြည်း စလုပ်တယ်။ အဲဒီအချိန်တုန်းက ခရိုင်အတွင်းမှာရှိတဲ့ အမျိုးသမီးအစည်းအရုံးတွေရဲ့ ခေါင်းဆောင် တွေက များသောအားဖြင့် အမျိုးသားတွေပဲ၊ ဘာကြောင့်လဲဆိုတော့ ကျမတို့အခွင့်အရေးကို ကျမတို့မသိသေးဘူး။ ကျမတို့ ဘာမှမလုပ်ရဲဘူး။ အမှားလုပ်မိမှာကို ကျမတို့ကြောက်တယ်။ အဲဒါကြောင့် ခရိုင်တော်တော်များမှာ အမျိုး သားတွေပဲ ဦးဆောင်တယ်။ အမျိုးသမီးခေါင်းဆောင် ရွေးပြီးဆိုရင် အမျိုးသားတွေပဲဖြစ်ရမယ်။ အဲဒါတွေကို ကျမတို့ မြင်တွေ့ရတာကြာလာတော့ အမျိုးသားက အမျိုးသမီးအဖွဲ့အစည်းကို ဦးဆောင်တော့ ကျမတို့ အမျိုးသမီးများရဲ့ အခွင့်အရေးအတွက် ဘယ်လိုနည်းနဲ့မှ ထိရောက်စွာ ပြောဆိုနိုင်လိမ့်မယ်လို့ ကျမတို့မထင်ဘူး။
အဲဒါကြောင့် အမျိုးသမီးများက ရုန်းကန်လှုပ်ရှားလာတော့ ခုနက ခရိုင်အတွင်း အမျိုးသမီးအစည်းအရုံးကို ဦးဆောင် နေတဲ့ အမျိုးသားတွေ မရှိတော့ဘူး။ အမျိုးသမီးတွေဖြစ်ကုန်ပြီ။ အမျိုးသမီးများက သူတို့ရဲ့အခွင့်အရေးတွေကို သူတို့ ပိုသိလားပြီး။ နိုင်ငံတကာကလည်း ကျမတို့ အမျိုးသမီးအစည်းအရုံးကို သိနေပြီး။ အများကြီး တိုးတက်မှုရှိ လာတယ်။ မြင်တွေ့ရတာ ပီတိဖြစ်မိတယ်။ ဒါပေမယ့် အားရကျေနပ်မှု အပြည့်အဝမရှိသေးဘူး။ ကျမတို့ လှုပ်ရှားဖို့ လိုသေးတယ်။ အားနည်းသေးနေတဲ့ ကျမတို့အမျိုးသမီးတွေ အများကြီးရှိသေးတယ်။ အဲဒါကြောင့် တိုးတက်သော အမျိုးသမီးများရှိသလို သူတို့ရှိတဲ့နေရာလောက်မှာပဲ သာယာနေပြီး ဘာနဲ့မှကို မပတ်သက်ချင်တဲ့ အမျိုးသမီးတွေ ရှိနေသေးတယ်။ အဲလိုမဖြစ်ရဘူး။ ကျမတို့အားလုံး အတူတကွ စုပေါင်းလုပ်ဆောင်ရမယ်။ အဲလိုလုပ်ဆောင်မှသာ လျှင် ကျမတို့အခွင့်အရေး၊ ကျမတို့တောင်းဆိုသောအရာတွေကို ကျမတို့ရမှာဖြစ်ပါတယ်။
ကျမတို့ ကရင်အမျိုးသမီးများအစည်းအရုံး (KWO) ကြိုးစားအားထုတ်မှုအပေါ်မှာ ကမ္ဘာတစ်ဝှမ်းလုံးက သိခဲ့ပြီ။ ထိုနည်းတူ မြန်မာပြည်မှာ နေထိုင်ကြတဲ့တိုင်းရင်းသားများလည်း ကျမတို့ကို အသိအမှတ်ပြု လေးစားတယ်။ မြန်မာပြည်အစိုးရကတော့ ကျမတို့ကို လေးစားအသိအမှတ်ပြုမှု မရှိဘူး။ မသိချင်ယောင်ဆောင်တယ်။ ဘာကြောင့် လဲဆိုတော့ ကျမတို့အမျိုးသမီးအစည်းအရုံးကတော့ သူတို့ရဲ့အားနည်းချက်၊ သူတိုရဲ့မုဒိန်းမှု၊ အမျိုးသမီးအခွင့်အ ရေးတွေ ချိုးဖောက်နေတဲ့ အကြောင်းအရာတွေ ဖော်ပြနေခြင်းကြောင့် ကျမတို့ကို အသိအမှတ်မပြုဘူး။ ဒါပေမယ့် ကျမတို့ကတော့ လူ့အခွင့်အရေးအတွက် ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ဖို့ကို လုပ်ဆောင်နေတယ်လို့ ကျမ မြင်တယ်။
အခုသွားနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့လည်း အမျိုးသမီး ပူးပေါင်းပါဝင်ခွင့်က အရမ်းအားနည်းသေးတယ်။ အမျိုးသမီးတွေကို အထင်အမြင်သေးကြတယ်။ သူတို့နဲ့ အဆင့်အတန်းမမှီသေးဘူးလို့ မြင်နေကြသေးတယ်။ အဲဒါကြောင့် အားရကျေနပ်မှု မရှိဘူး။
ကျမတို့ မိခင်အစည်းအရုံးလည်းပဲ အမျိုးသမီးပါဝင် အားကောင်းလာဖို့အတွက် ပိုလုပ်ပေးစေချင်တယ်။ အရင်က အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲအထင်သေးသေး မိခင်အစည်းအရုံး(ကေအဲန်ယူ)အနေနဲ့ လက်တွဲ ခေါ်စေချင်တယ်။ အားပေးလမ်းပြစေချင်တယ်။ အဖက်ဖက်မှာပေါ့နော်။ ကျမတို့တော်လှန်ရေး ခက်ခဲကြမ်းတမ်း တဲ့ကာလမှာဆိုရင် အမျိုးသမီးများလည်း စိတ်အားထက်သန်စွာနဲ့ ပူးပေါင်းပါဝင်ခဲ့တာပဲ။ ပြောရမယ်ဆိုရင် ဟိုး အင်းစိန်တိုက်ပွဲကတည်းက အမျိုးသမီးတွေက စတင်ပါဝင်ခဲ့တယ်။ အင်းစိန်တိုက်ပွဲတုန်းက အမျိုးသမီးများက ထမင်းချက်၊ ကျည်ဆံတွေကို စစ်မြင်ပြင်ကြားမှာ ထမ်းပိုးသယ်ပေးရတာရှိသလို မဲ့သဝါ၊ မော်ဖိုးကေ၊ မာနယ်ပလော တိုက်ပွဲ၊ ဖြတ်လေးဖြတ်အချိန် တိုက်ပွဲအရှိန်မြင့်တုန်းကလည်း အမျိုးသမီးတွေက ပူပေါင်းပါဝင်တယ်။ ရွာသူကြီးလုပ် တယ်။ အဲချိန်မှာ အမျိုးသားတွေက ရွာသူကြီး မလုပ်ရဲကြတော့ဘူး။ ပေးအပ်လာတဲ့တာဝန်ကို အမျိုးသမီးတွေက လည်း စိတ်ရောကိုယ်ပါ နစ်ပြီးတော့ လုပ်ဆောင်ခဲ့ကြတယ်။ အမျိုးသားတွေရဲ့အသက်ကို သေခြင်းတရားနဲ့ လွတ် မြောက်ဖို့ အမျိုးသမီးတွေက ဆွဲထုတ်ကယ်တင်ခဲ့တယ်။
ကျမအနေနဲ့ ကျမတို့အမျိုးသမီးအားလုံးအတွက် ဂုဏ်ယူတယ်။ အမျိုးသားတွေ မလုပ်ရဲတဲ့အရာတွေဟာ ကျမတို့ အမျိုးသမီးတွေက လုပ်ရဲတယ်။ အဲဒါကြောင့် အားမလျှော့နဲ့ အားအင်တွေကို ကျမတို့ဒီထက်မက ဆက်ပြီး ယူရမှာ ဖြစ်ပါတယ်။ တချို့က အိုနာသွားတာလည်း ရှိမယ်။ ဒါပေမယ့် ကျမအနေနဲ့ လိုချင်တာက သူတို့ကို အသိအမှတ်ပြု မှုပဲ။ ဒီအမျိုးသမီးတွေက တချိန်က ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လှုပ်ရှားလာခဲ့ရသူတွေဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ကို အသိအမှတ်ပြုပေးပါ။
ပဒိုစောလှထွန်း (ကေအဲန်ယူ တွဲဖက် အထွေထွေအတွင်းရေးမှူး -၂)
ဒီနှစ်မှာဆိုရင် ၃၅နှစ် ပြည့်ပြီးပေါ့။ အခက်အခဲကြားမှာ မွေးလာပြီးတော့ ကရင်အမျိုးသမီးတွေက ကရင်အမျိုးသား ရေးနဲ့ ကရင်တော်လှန်ရေးမှာ ပါဝင်ဖို့ ဖွဲ့ခဲ့တာပဲလေ။ စဖွဲ့တဲ့အချိန်မှာဆိုရင် တကယ့်အခက်အခဲကြားမှာ ဖွဲ့စည်းခဲ့ တယ်လေ။ အခုဆို ၃၅နှစ်တိုင် သူတို့ ဖြတ်သန်းလာခဲ့ပြီ သူတို့ကို မော်ကွန်းတင်ပြီး အသိအမှတ်ပြုရမယ်။
အမျိုးသမီးရဲ့ပါဝင်မှုတွေက အရင်ကဆိုရင် မိသားစုအတွက် မီးဖိုချောင် ထမင်းချက်တွေမှာပဲ တွေ့ရတယ်လေ။ အခု ဆိုရင် အမျိုးသားရေးနဲ့ နိုင်ငံရေးမှာ ကရင်အမျိုးသမီးအပြင် အခြားတိုင်းရင်းသားတွေပါ ပါဝင်လုပ်ဆောင်လာတယ်၊ ဒါကြောင့် အမျိုးသမီးရဲ့အခန်းကဏ္ဍတွေ ပိုပြီးမြင့်လာတယ်။ အခုဆိုရင် အမျိုးသမီးတွေက ကမ္ဘာ့ရဲ့နိုင်ငံရေးအရ သော်လည်းကောင်း၊ အခုသွားနေရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာသော်လည်းကောင်း ပါဝင်ဖို့က ပိုပြီးတော့ လိုအပ် လာတယ်။ ဒီအတိုင်းပဲ သူတို့ရဲ့ပါဝင်မှုတွေ၊ လုပ်ဆောင်မှုတွေ များလာတဲ့အတွက်ကြောင့် ပြောင်းလဲမှု၊ ဖြစ်တည်မှု တွေကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေက အမျိုးသမီးတွေရဲ့ ကြိုးစားမှုအပါ် ဖြစ်လာခဲ့တယ်လို့ ကျနော်တို့ ပြောလို့ ရတယ်။
ဒါတွေက တကယ်အရေးကြီးတယ်။ ကရင်အမျိုးသမီးတွေက ကရင်တစ်မျိုးသားလုံးရဲ့ ပြောင်းလဲမှုတွေကို တွန်းအား ဖြစ်စေတယ်။ နောက် အမျိုးသားရေးလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုအောင်ပွဲအတွက် ဖြည့်ဆည်းပေးမှုကို လုပ်ဆောင် တဲ့အတွက်ကြောင့် ဒီအမျိုးသားရေးမှာ အမျိုးသမီးတွေရဲ့ အင်အားကိုလည်း ကျနော်တို့အများကြီး လိုအပ်နေတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်ကမ္ဘာလုံးမှာလည်း သူတို့ရဲ့လှုပ်ရှားမှုတွေ လိုအပ်နေတာဖြစ်တယ်။ ဒီအမျိုးသား ရေးမှာသော်လည်းကောင်း၊ ဒီတစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာသော်လည်းကောင်း သူတို့က တကယ်ကို လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီ ၃၅နှစ်ပြည့်အောင် လုပ်ဆောင်လာတဲ့ ကရင်အမျိုးသမီးခေါင်း ဆောင်တွေကို ကျနော်တို့အနေနဲ့ (မော်ကွန်း)တင် အသိအမှတ်ပြုရမယ်။ လေးစားရမယ်။ တန်ဖိုးထားရမယ်ဆိုတာ ကို ကျနော်ထည့်ပြောချင်ပါတယ်။
နော်ကညောဖော (KWO အထွေထွေ အတွင်းရေးမှူး)
ကျမတို့ပြန်ကြည့်မယ်ဆိုရင် ကျမတို့အမျိုးသမီးတွေရဲ့ လုပ်ဆောင်မှုတွေအများကြီး ရှိပါတယ်။ တက်သစ်စ အမျိုး သမီးတွေကို ကျမတို့ မွေးထုတ်ပေးနိုင်တယ်။ နောက်ပြီးတော့လည်း ရှေ့ဆက်အမျိုးသမီးလှုပ်ရှားမှုတွွေကို ကျမတို့ လိုအပ်ပါတယ်။ ကျမတို့ အဖွဲ့အစည်းရဲ့ အင်အား ပိုမို များလာနိုင်ဖို့အတွက်ပေါ့နော်။ ကရင်အမျိုးသမီးတွေက ကျမ တို့ရဲ့လှုပ်ရှားမှုမှာ ပိုပြီးတော့ ပါဝင်လာသလိုပဲ ခေါင်းဆောင်အခန်းကဏ္ဍမှာ ပိုပြီးပါဝင်လာတယ်။
၃၅နှစ်အတွင်းမှာ တိုးတက်မှုက အနည်းငယ်ရှိလာတယ်။ အမျိုးသမီးအခွင့်အရေး သိရှိနားလည်မှု၊ လူမှုအဝန်းအဝိုင်း အတွင်း အမျိုးသမီး ပါဝင်မှုဖြစ်ဖြစ်၊ ဦးဆောင်မှုအခန်းကဏ္ဍမှာပဲဖြစ်ဖြစ် အဲဒါတွေကို ပိုမိုသိရှိလာတယ်။ ဒါပေမယ့် အသိအမှတ်ပြုမှုအပိုင်းမှာကတော့ အားနည်းမှုတွေ အများကြီးရှိသေးတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအ ရုံးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးပါဝင်မှု အရေအတွက်က အနည်းငယ်များလာ တယ်။ အရင်က အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဒါတွေမရှိဘူး။ ဒါပေမယ့်လည်း နည်းနေပါသေးတယ်။ ကျမတို့ တောင်းဆိုထားတဲ့ ၃၀ရာခိုင်နှုန်းကို လက်မခံသေးဘူး၊ မဖြည့်ဆည်းပေးနိုင်သေးပါဘူး။
ထိုနည်းလည်းကောင်းပဲ ကျမတို့ လူမှုအဝန်းအဝိုင်းမှာဖြစ်ဖြစ် ဦးဆောင်မှု အခန်းကဏ္ဍမှာ၊ ပူးပေါင်းပါဝင်မှု အခန်း ကဏ္ဍတွေမှာ အမျိုးသမီးတွေပါဝင်ရမယ်ဆိုတာ သူတို့ နားလည်သဘောပေါက်ကြပေမယ့် အမျိုးသမီး မဖြစ်မနေ ပါရမယ်ဆိုတဲ့ အသိအမှတ်ပြုမှုအပိုင်းမှာကျတော့ အားနည်းသေးတယ်ပေါ့နော်။ သို့သော် အမှန်တကယ် လိုက်နာ ကျင့်သုံးဖို့က အားနည်းပါသေးတယ်။ မြန်မာနိုင်ငံထဲမှာလည်း ထိုနည်းတူပါပဲ အမျိုးသမီးအခွင့်အရေးကို ပိုမို သိရှိနား လည်လာပေမယ့် ဦးဆောင်မှုအခန်းကဏ္ဍမှာ ပူးပေါင်းပါဝင်ဖို့ကျတော့ တန်ဘိုးထား အသိအမှတ်ပြုဖို့ အားနည်းနေ သေးတယ်လို့ မြင်ပါတယ်။
ကျမအနေနဲ့ပြောချင်တာက ကျမတို့ဟာ လူသားတစ်ယောက်ပဲ။ ကျမတို့ကို လက်မခံတာ နားမလည်တဲ့အတွက် ကြောင့် ကျမတို့အနေနဲ့တောင်းဆိုရတာပါ၊ အဲဒါကြောင့် တန်းတူညီမျှမှုကို ကျမတို့က တောင်းဆိုတယ်။ တန်းတူညီ မျှမှုလို့ ပြောမယ်ဆိုရင် (ကျားမ) တန်းတူညီမျှမှုရှိရမယ်။ အဲဒါတွေကို သူတို့နားလည်ရမယ်။ နောက်ပြောချင်တာက အမျိုးသမီးတွေ လုပ်ဆောင်မှုအပိုင်းမှာ ၃၀ရာခိုင်နှုန်းပါဝင်ရမယ်။ ပြီးတော့ ခေါင်းဆောင်အပိုင်းမှာ ကရင်အမျိုးသမီး တွေကို တွဲခေါ်ဆွဲခေါ်လုပ်ပေးရမယ်၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အရည်အချင်းရှိပြီး မွေးဖွားမလာဘူး။ အဲဒီအ တွက်ကြောင့် ကျမတို့အားလုံးက လုပ်ဆောင်သွားဖို့လိုပါတယ်။ နောက်ဆုံးပြောချင်တာက ကရင်အမျိုးသမီးတွေက အိမ်မှာနေ ယောက်ျားက အပြင်ထွက် ငွေရှာ၊ ဒါတွေက ပတ်ဝန်းကျင်က ပြောင်းလဲလိုက်တာပါ။ ဒါတွေအားလုံးကို ရပ်ပြီးတော့ ကောင်းမွန်အောင် ကျမတို့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
နော်အုန်းလှ (KWU ဥက္ကဋ္ဌ)
KWO က ၃၅နှစ်ရှိခဲ့ပြီ။ ဒါပေမယ့်လည်း ငြိမ်းချမ်းဖြစ်စဉ်မှာလည်း အမျိုးသမီးအဖွဲ့တွေတော့ ပါဝင်တယ်ပေါ့နော်။ တကယ်တမ်းကျတော့ အမျိုးသမီးတွေ ပါဝင်မှုသာရှိတာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာကတော့ ပါဝင်မှု အားနည်းနေ သေးတယ်ပေါ့နော်။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဥပမာ ငြိမ်းချမ်းရေးကိစ္စရပ်ပဲဖြစ်ဖြစ်၊ ပါတီတွင်းကိစ္စပဲဖြစ်ဖြစ် အဖွဲ့ ကိစ္စပဲဖြစ်ဖြစ်ပေါ့။ ဦးဆောင်မှုအခန်းကဏ္ဍမှာကျတော့ ကျမတို့ မိခင်အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့တွေကပဲ ပေါ့နော်။ အမျိုးသမီးတွေရဲ့ ပါဝင်မှုရဲ့ အလေးမထားသလို အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကိုလည်း အသိအမှတ် ပြုတာနည်းတယ်။ ဘာကြောင့်နည်းတယ်လို့ ပြောတဲ့အခါကျရင် အစိုးရကိုယ်တိုင်က အမျိုးသမီးတွေရဲ့ ပါဝင်မှုအ ပေါ်မှာ အာရုံစိုက်မှုက နည်းတယ်။ ဦးဆောင်လိုတဲ့ အမျိုးသမီးတွေရဲ့ ပံ့ပိုးမှုလည်း အားနည်းတာ တွေ့ရတယ်ပေါ့နော်။
အမျိုးသမီးတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီးတော့ ကျမကိုယ်တိုင် အခုချိန်ထိလည်း ချိုးဖောက်ခံရတာပဲ။ ကိုယ့်ဘက်က ဥပဒေအရ ဘယ်လိုပဲ ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ခဲ့ ဥပဒေနဲ့အညီ လုပ်ခဲ့ရင် တောင်မှ အာဏာရ အဖွဲ့အစည်းတွေကတော့ လုပ်ပိုင်ခွင့်ရှိတဲ့ ဌာနဆိုင်ရာကလည်း ဒီအပေါ်မှာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ကရင်အာဇာနည်နေ့သော်လည်းကောင်း၊ မြဝတီက လူထုတွေရဲ့နစ်နာလို့ သွားတဲ့အခါမှာ ကျမကိုယ် တိုင် မပါဝင်ပဲနဲ့ တရားစွဲဆိုခံရသေးတယ်။ ဒါက အမျိုးသမီးတွေ အခွင့်အရေးချိုးဖောက်ခံနေရတုန်းပဲ။ တရားရုံးက ချမယ့်အမိန့်တောင်မှ အစိုးရ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာ အန်တီတို့အားလုံး သိပြီးသား ဖြစ်ပါတယ်။
ကျမတို့ အမျိုးသမီးတွေအနေနဲ့ပေါ့နော်။ လက်ရှိ ဆောင်ရွက်ခဲ့တဲ့ အဆင့်ဆင့် ခေါင်းဆောင်တွေ နောက်ထပ်တက် လာမယ့် အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့လည်း အမျိုးသမီးကဏ္ဍကို ဒီ့ထက်မက အသိအမှတ်ပြုဖို့ရယ်၊ အဓိက ပြည်သူတွေပေါ့နော်။ အမျိုးသမီးတွေရဲ့ ဆောင်ရွက်တဲ့အပေါ်မှာ အသိအမှတ်ပြုလာအောင် အန်တီတို့ အများကြီး ကြိုးစားရအုံးမှာ။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ အချိန်ထိ အမျိုးသမီးတွေ ဘာပဲလုပ်လုပ် အင်တိုက်အားတိုက် လုပ်ပေမယ့်လို့ တကယ့်တကယ် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်မှုမရှိသေးတဲ့အတွက် ဒါကိုရော အမျိုးသမီးတွေ အများကြီး ဆက်ကြိုးစားရအုံးမှာဖြစ်ပါတယ်။
နော်ထူးထူး (ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ဒါရိုက်တာ)
လူထုနဲ့ အမျိုးသမီးများအခွင့်အရေးအတွက် ကိုယ်စားပြောပေးရုံမကပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့အ ချိန်တွေမှာ အမျိုးသမီးများအသံ ထွက်လာဖို့နေရာရဖို့အတွက် သူတို့ (KWO) အမှန်တကယ် ကြိုးစားကြတဲ့အတွက် ကြောင့် သူတို့လုပ်ရပ်အပေါ်မှာ ကျမ ဂုဏ်ယူမိပါတယ်။
လက်ရှိ နိုင်ငံလုပ်ငန်းစဉ်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပဲဖြစ်ဖြစ် အမျိုးသမီးကိုယ်စားလှယ်တွေ ကျမတို့ သိပ်မ တွေ့ရဘူး။ NCA(တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ်) စစပေါ်ကတည်းက ကရင်အမျိုးသမီးများ ပါဝင်မှုတအား အားနည်းတယ်။ ဘာကြောင့်အားနည်းရသလဲဆိုတော့ သူတို့ကို အခွင့်အရေး သိပ်မပေးထားဘူး။ လက်တွဲခေါ်တာ လည်း နည်းတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အမျိုးသမီးတွေ ပူးပေါင်းပါဝင်နိုင်ဖို့အတွက် အရမ်းတောင်းဆိုခဲ့လို့ အခု တော့ အသေးအမွှားတော့ တွေ့မြင်နေရပြီး။ ဒါပေမယ့် အားမလိုအားမရ ဖြစ်နေသေးတယ်။
အမျိုးသမီးတွေကို အားပေးချင်တာကတော့ ကျမတို့မှာရှိတဲ့ ကျမတို့အခွင့်ရေးတွေကို ကျမတို့သိအောင် ကြိုးစားကြ ပါ။ အကယ်၍ တစ်ဦးတစ်ယောက်က ကျမတို့အခွင့်အရေးကို ထိပါးအောင် လာချိုးဖောက်ပြီးဆိုရင် ကျမတို့ ငြိမ်မနေ သင့်ဘူး။ ကျမတို့ အခွင့်အရေးတွေကိုသိပြီး ကျမတို့ခံစားချက်တွေကို ထုတ်ဖော်တင်ပြရမယ်။ အကယ်၍ ကျမတို့ ထုတ်မပြောဘူးဆိုရင် အခြားသော အမျိုးသမီးတွေက ကျမတို့ကို အတုယူပြီး ကြောက်လန့်သွားမယ်။ သူတို့ထုတ် ဖော်ပြောပြလာမှာလည်း မဟုတ်ဘူး။ အမျိုးသမီးအပေါ် အဓမ္မပြုကျင့်မှုတွေ များလာမယ်။ ဘယ်တော့မှ လျော့နည်း သွားတော့မှာ မဟုတ်ဘူး။
အမျိုးသမီးများအားလုံးကို တိုက်တွန်းလိုတာက စိတ်အားထက်သန်မှု ရှိကြပါ။ ရဲရင့်ကြပါ။ နိုင်ငံရေးကို စိတ်ဝင်စား ကြပါ။ ဟိုးအရင်က အမျိုးသမီးတွေဆိုရင် များသောအားဖြင့် အိမ်နောက်ဖေးမှာပဲနေရပြီး ကလေးထိန်း၊ ထမင်းချက်၊ ဟင်းချက်အိမ်မှုကိစ္စပဲ သူတို့လုပ်ရတယ်။ အမျိုးသမီးများက နိုင်ငံရေးနဲ့ မပတ်သက်ဘူးလို့ သူများသတ်မှတ်ထားခဲ့ ကြတယ်။ ဒါပေမယ့် အခုချိန်မှာ အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်တွေ အများကြီး ရှိလာပြီးပေါ့နော်။ အဲဒါကြောင့်ကျမတို့ အတုယူပြီး သင်ခန်းစာယူရမယ်။