သျှမ်းပြည် ခိုရိုနာ ဗိုင်းရပ်စ် အခြေအနေ

သျှမ်းပြည် ခိုရိုနာ ဗိုင်းရပ်စ် အခြေအနေ
by -
Nang Seng Nom

တရုတ်နိုင်ငံ ဝူဟန်မြို့ က စတင်လာတဲ့ Novel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) အဆုတ်ရောင် ရောဂါ ဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းတွင် စတင်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၂၈နိုင်ငံထိ ပြန့်နှံ့ခဲ့ပြီး ထို ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း (၄၀၅၅၄) ဦး၊ သေဆုံးသူပေါင်း (၉၁၀) ဦးရှိခဲ့ပါပြီ။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ နှင့် လာအို နိုင်ငံ နယ်ချင်းထိစပ်နေတဲ့ နိုင်ငံတခုဖြစ်တဲ့အလျောက်၊ တရုတ်နဲ့ နယ်စပ်ဂိတ်တွေ များစွာရှိပြီး၊ နေ့စဉ် ဝင်၊ထွက်သွားလာမှု အများဆုံးသည် သျှမ်းပြည် ဖြစ်ပါတယ်။

ဒါ့ကြောင့် သျှမ်းပြည်တွင် ခိုရိုနာ ဗိုင်းရပ်စ် အသိပညာပေးမှု၊ လုပ်ဆောင်မှု နဲ့ လက်ရှိ ဗိုင်းရပ်စ် သံသယရှိသူ အခြေအနေ ကို သျှမ်းသံတော်ဆင့် မှ သတင်းထောက် နန်းဆိုင်နွမ် က သျှမ်းပြည် ကုသရေး နှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ ဒေါက်တာ နှင်းအိဖြူ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

...

မေး။ ။ လက်ရှိ သျှမ်းပြည် အတွင်း မှာ ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူ ဘယ်နှဦးရှိပါသလဲ။ ဘယ်ဒေသတွေမှာပါလဲ။

ဖြေ။ ။ လက်ရှိမှာတော့ သျှမ်းပြည်တောင်ပိုင်း အနေနဲ့ တောင်ကြီး စဝ်စံထွန်း ဆေးရုံမှာ သံသယရှိ လူနာ တဦး တက်ရောက်နေပါတယ်။ လက်ရှိမှာတော့ ခိုရိုနာ ဗိုင်းရပ်စ် ဟုတ်၊ မဟုတ် ဓာတ်ခွဲခန်း အဖြေကို စောင့်နေရတယ်။

နောက် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဆေးရုံမှာ သံသယရှိသူ ၄ဦး ရှိပါတယ်။ သံသယရှိသူနဲ့ ထိတွေ့တဲ့ သူ ၃ဦးကိုလည်း ဆေးရုံမှာ စောင့်ကြည့်နေရတဲ့အနေအထားပါ။ ခိုရိုနာ ဗိုင်းရပ်စ် ဟုတ်၊မဟုတ် ဓာတ်ခွဲခန်း အဖြေ စောင့်နေတာကတော့ ၄ဦးပါပဲ။

နောက် သျှမ်းပြည် မြောက်ပိုင်း ဘက်ဆိုရင် နမ္မတူဆေးရုံမှာ ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူ တဦး ရှိပါတယ်။ စုစုပေါင်း သံသယရှိသူ ဆိုရင်တော့ ၆ဦးပါပဲ။ ဓာတ်ခွဲခန်းကို ပို့တာက ၆ဦးပါ။

သျှမ်းပြည် အရှေ့ပိုင်းကျိုင်းတုံမှာ ရှိတဲ့ သံသယ ရှိသူတဲ့သူတွေကတော့ ခိုရိုနာ ဗိုင်းရပ်စ် မရှိပါဘူး။ အခု သျှမ်းရှေ့တော့ ခိုရိုနာ သံသယရှိသူ မရှိ တော့ဘူး။

မေး။ ။ ခိုရိုနာ ဗိုင်းရပ်စ် သံသယ ရှိသူတွေ က ဘယ်မြို့ ကနေ ပြန်လာတဲ့ သူတွေလဲ ဆိုတာ ဒေါက်တာအနေနဲ့ ပြောပြလို့ ရပါသလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ သူတို့တွေ က တရုတ်နိုင်ငံ ရွှေလီမြို့ ကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေပါ။ ရွှေလီ စားသောက်ဆိုင်မှာ ၁နှစ်နဲ့ ၈လသွားနေပြီး၊ ရှေ့လ ၃၁ရက်နေ့မှ ပြန်ရောက်လာတဲ့သူတွေပါ။

မေး။ ။ ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူ ရဲ့ ဆေးစစ်ချက် နမူနာ ဓာတ်ခွဲခန်းကို ဘယ်ကို ပို့ပြီးစစ်ပါသလဲ။ အချိန်ဘယ်လောက်ကြာပါသလဲ။

ဖြေ။ ။ ကျမတို့ မြန်မာနိုင်ငံမှာ ဒီခိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ ဓာတ်ခွဲခန်းမရှိသေးပါဘူး။

ကျမတို့ ပထမဆုံး သံသယရှိသူရဲ့ ဆေးစစ်ချက် နမူနာ ဓာတ်ခွဲခန်းကို ရန်ကုန်မြို့ အမျိုးသား ဓာတ်ခွဲခန်းကို အရင်ပို့ပါတယ်။ အဲ့ကနေ တဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကို ပို့ပါတယ်။ ဘန်ကောက်ကို ပို့လိုက်ရင်တော့ ခိုရိုနာ ဗိုင်းရပ်စ် ရှိ၊ မရှိ အနည်းဆုံး ၃ရက် စောင့်ရပါတယ်။

မေး။ ။ သျှမ်းပြည် က တရုတ်ပြည်နဲ့ နယ်မြေ ထိစပ်တဲ့မြို့ ဖြစ်သလို တရုတ်ပြည်မှာ အလုပ်သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း အများကြီးရှိပါတယ်။ လက်ရှိ ခိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မှာ အလုပ်တွေ ပိတ်တော့ နေရပ်ပြန် အလုပ်သမား တွေ စာရင်းကို ကျန်းမာရေး ဌာန အနေနဲ့ ဘယ်လိုများ စာရင်းကောက်ထားပါသလဲ။

ဖြေ။ ။ ကျမတို့ သျှမ်းပြည် ဟာ လာအို နဲ့ တရုတ်နဲ့ဆက်နေပါတယ်။ နယ်စပ်ဂိတ်ဆိုရင် သျှမ်းရှေ့ မှာ ၈ ဂိတ်၊ သျှမ်းမြောက်မှာ ၁၅ ဂိတ်ရှိပါတယ်။

အဲ့ဂိတ်တွေမှာ နေ့တိုင်း မြန်မာပြည်ထဲ ဝင်လာတဲ့သူ တွေ ၃သောင်းကျော်လောက်ရှိပါတယ်။ ကျမ တို့ ကျန်းမာရေး ဝန်ထမ်းတွေ ဂိတ်တိုင်း မှာ အစောင့်ချထားပြီး စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။

ဂိတ်တခုမှာ ကျား၊မ ဘယ်နှယောက်ဖြတ်တယ်၊ နိုင်ငံသားဘယ်နှယောက်၊ နိုင်ငံခြားသား ဘယ်နှယောက် ဖြတ်တယ်ဆိုတာ နေ့တိုင်း သတင်းပို့ရပါတယ်။

နယ်စပ်ဂိတ်မှာ ဖြတ်လာတဲ့သူတွေ မှာ အဖျားမရှိတဲ့သူတွေကို ဝင်ခွင့်ပေးရတယ်။

ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရရင် ၂ပတ်ကြာမှ သိတာဆိုတော့ ဂိတ်ဖြတ်လာတဲ့အချိန်မှာ ရောဂါ ရှိ၊ မရှိ မသိနိုင်ဘူး။

ကိုယ့်အိမ်၊ ကိုယ့်ရွာ ကို ပြန်ရောက်တဲ့အချိန်မှ ဖျားနာတာ၊နှာချေးတာ၊ ချောင်းဆိုးတာတွေဖြစ်နိုင်တယ်။

အရေးကြီးတာက ကျေးလက်ဒေသ ကျန်းမာရေး ဝန်ထမ်းတွေ မကဘဲ ကျေးရွာမှာနေထိုင်တဲ့သူတွေ အနေနဲ့ တရုတ်ပြန်ကနေ ပြန်လာတဲ့ သူရှိရင် ကျမတို့ ကျန်းမာရေး ဌာနကို အကြောင်းကြားပေးစေချင်ပါတယ်။

မေး။ ။ တရုတ်ပြည် မိမိနေရပ်ကို ပြန်လာတဲ့ ပြည်သူတွေနဲ့ ကျေးလက်ဒေသ ပြည်သူတွေကိုရော ဆရာမတို့ အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ တရုတ်ပြည်ကနေ ပြန်လာတဲ့သူတွေ ဟာ ကျေးရွာမှာ ရှိ၊ မရှိ ဆိုတာ ကျန်းမာရေး ဝန်ထမ်းတွေ အားလုံးမသိနိုင်ဘူး။ ကျေးရွာ ပြည်သူတွေ သတင်းပို့မှ သိမယ်

ကျေးရွာ ပြည်သူတွေ သတင်းပေးက လိုအပ်တယ်။ အရေးကြီးတယ်။ နောက် တရုတ်ပြည် ပြန်လာတဲ့ သူတွေကို ၂ပတ် အတွင်း အိမ်ထဲကနေ အပြင်မထွက်ရအောင် ထားရမယ်။

ရောဂါလက္ခဏာ ပေါ်လာရင်လည်း လိုအပ်တဲ့နေရာ သတ်မှတ်တဲ့ ဆေးရုံ ကို ပို့ရမယ်။

ကျမတို့ သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ်မှာ ဖြစ်တဲ့ ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူ ဆိုရင် တကယ်တမ်း လူနာ တွေက ဆေးရုံ ဆေးခန်း လာပြန်တာမဟုတ်ဘူး။

မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ကဦးဆောင်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေးတွေ နဲ့ ပူးပေါင်းပြီး တရုတ်ပြည်က ပြန်လာတဲ့ မိသားစု ကို စစ်ဆေးရင်း နဲ့တွေ့တာ။ ဒါက ကွင်းဆင်းပြီး လူနာရှာရင်းတွေ့ခဲ့တာပါ။

ကျမတို့ ကျန်းမာရေး ဘက်က တတ်နိုင်တာ လုပ်ပေးနေတာပေါ့။

ကျမတို့ အရေးကြီးဆုံးက ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့ က အရေးကြီးဆုံးပါပဲ။

တရုတ်ပြည်က ပြန်လာတဲ့ သူ ၂ပတ်အတွင်း ပဲ ရှိသေးတယ်ဆိုရင် ကျမတို့ ကျန်းမာရေး ဌာနကို သတင်းပို့ဖို့လိုပါတယ်။

မေး။ ။ သျှမ်းပြည် က တရုတ်နယ်စပ်ဖြစ်တဲ့အတွက် ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူတွေ များလာနိုင်ပါသလား။

ဖြေ။ ။ တရက် တရက် နယ်စပ်ကနေ လူဦးရေ ၃သောင်းလောက်ဝင်လာတယ်။ ရွာထဲကို ရောက်သွားတယ်။

သူတို့ ဝင်လာတဲ့အချိန် ရောဂါလက္ခဏာ မပြဘူး။ ဒါပေမယ့် သူတို့က ခိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ အရမ်းဖြစ်နေတဲ့ တရုတ်ပြည်ကနေ ပြန်လာတဲ့အတွက်ကြောင့် ရောဂါဖြစ်နိုင်တဲ့ သူတွေ ဖြစ်နေတာပါ။

မေး။ ။ လက်ရှိမှာ ပြည်သူတွေ အနေနဲ့ ခိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဖို့ အတွက် ကျန်းမာရေး ဌာန အနေနဲ့ အသိပညာပေးမှုတွေ ဘယ်လို လုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ကျမတို့ ပညာပေး ကတော့ ကျေးရွာ အဆင့်ထိ ကျန်းမာရေးဝန်ထမ်းတွေက လက္ခဏာရှိတဲ့သူ ရှိရင် သတင်းပို့ပါ။

လက်ဆေးပါ။ လူစုလူဝေး ရှိတဲ့နေရာ မသွားပါနဲ့။ ကိုယ်တိုင် နေမကောင်းတဲ့သူဖြစ်ရင် နှာခေါင်းစည်းတွေကို အသုံးပြုပါ။ နေမကောင်းတဲ့သူကို ပြုစုရင်လည်း နှားခေါင်းစည်း သုံးပါဆိုပြီးတော့ ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆင့်ကနေပြီး ရွာကိုကြေညာပေးတာတွေ လုပ်နေပါတယ်။

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပါ။

ရောဂါကို ကာကွယ်ဖို့ချက်ချင်းသိနိုင်ဖို့ကျမတို့ ပြည်သူလူထု အနေနဲ့ ကတော့ ဘေးအိမ်က ဘယ်သူကတော့ တရုတ်ပြည်ကပြန်လာတယ် ဆိုတာ သတင်းပေးဖို့ လိုပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဒေါက်တာ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ကျမ အနေနဲ့ ပြောချင်တာကတော့ ရောဂါနဲ့ ပတ်သက်ပြီးတော့ ကျမတို့ ကျန်းမာရေး ဌာန တခုတည်း လုပ်လို့မရဘူး။ ပြည်သူလူထု တယောက်ချင်းစီ ကနေပြီးတော့ တာဝန်ခံတဲ့စိတ် တာဝန်သိတဲ့စိတ်နဲ့ ပေါင်းပြီးလုပ်မှ ကျမတို့ ဒီကူးစက်ရောဂါ ကို ထိန်းချုပ်နိုင်မှာပါ။ အဲ့အချက် က အရေးကြီးဆုံးပါပဲ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...