မေး ။ ။ ကိုယ်စားလှယ်လောင်းအဖြစ် နှစ်နှစ်ဆက်တိုက်ဝင်ရောက်အရွေးခံတယ်ဆိုတော့ ဆရာကြံုတွေ့ရတဲ့ အခက်အခဲ နဲ့ စိန်ခေါ်မှုကို သိပါရစေ။
ဖြေ ။ ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဒေသခံအများစုက ပြည်ခိုင်ဖြိုးပါတီကို မြန်မာပါတီလို့ထင်ပြီး မဲမထည့်ဘူးဆိုပြီးတော့ ပြောခံရတာလည်း ရှိတယ်ပေါ့နော်၊ နောက် ဘီလူးကျွန်းမှာလည်း ပြည်ခိုင်ဖြိုးပါတီက အင်အားကြီးတဲ့ပါတီမဟုတ်တော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲက ကိုယ်စားလှယ်တစ်ယောက်ပဲ ရခဲ့တယ်၊ အခုကြားဖြတ်ရွေးကောက်ပွဲမှာ အများကြီးကြိုးစားဖို့ လိုတယ်ပေါ့နော်။
မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် မြို့နယ်မှာ ပါတီကနေ ဘယ်လောက်ထိ အကူအညီပေးတာလဲ?
ဖြေ ။ ။ ကျနော်တို့ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စည်းရုံးရေးစရိတ်ထောက်ပံ့ပေးတာရှိပါတယ်။
မေး ။ ။ ၂၀၁၇ ကြားဖြတ်ရွေးကော်ပွဲအပေါ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ ယုံကြည်ထားလဲ?
ဖြေ ။ ။ ကျနော့ရဲ့ ယုံကြည်ချက်ကတော့ ဒေသခံပြည်သူတွေကို လက်တွေ့ကျကျ အလုပ်လုပ်ပေးစေချင်တဲ့ ဆန္ဒပါ၊ ကျနော်ကိုယ်တိုင်က မွန်လူမျိုးဖြစ်တဲ့အတွက် လူမျိုးအတွက်ကိုပဲ ဦးစားပေးလုပ်ဆောင်သွားမယ်၊ ဆည်မြောင်းဌာနမှာ လုပ်ခဲ့တဲ့ အလုပ်အတွေ့အကြံုကိုအခြေခံပြီးတော့ ဒေသခံ လယ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းသွားမယ်လို့ ယုံကြည်ထားပါတယ်။
မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ မြင်ပါသလဲ?
ဖြေ ။ ။ ဒေသခံတွေရဲ့ လိုအပ်ချက်က အများကြီးရှိပါတယ်၊ အဓိကကတော့ ဘီလူးကျွန်းမှာ လယ်ဧကတွေ ရေနစ်မြုပ်နေတာရှိတယ်၊ မြောင်းတွေကို ပြန်တူးဖော်ဖို့ ရှိပါတယ်၊ နောက်ပြီးတော့ လယ်သမားတွေ စပါးမျိုးစေ့ ကောင်းကောင်းတွေရရှိဖို့အတွက် စိုက်ပျိုးရေးပညာရှင်များနဲ့ ချိတ်ဆက်ပေးသွားဖို့ရှိပါတယ်။
မေး ။ ။ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရလျှင် ဘယ်ကိစ္စကို အဓိကဦးစားပေး လုပ်သွားမှာလဲ?
ဖြေ ။ ။ ကျနော့ရဲ့ ပထမဦးစားပေးက လယ်သမားတွေရဲ့ အခက်အခဲတွေကို ဝိုင်းဝန်းကူညီဖြေရှင်းသွားမယ်၊ နောက်ပြီးတော့ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို တစ်ခြားသောပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။
မေး ။ ။ မဲဆန္ဒရှင်တွေကို ဘာများ မှာကြားချင်ပါသလဲ ?
ဖြေ ။ ။ ဒီမိုကရေစီခေတ်မှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရတာပါ၊ ဒေသခံတွေ နှစ်သက်ရွေးချယ်တဲ့သူပဲ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှာပါ၊ ဘယ်ပါတီပဲဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်တဲ့ ဘီလူးကျွန်းဖြစ်လာမယ်လို့ မှာချင်ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက်ကို မွန်သတင်းအေဂျင်စီမှ ကျေးဇူးအထူးတင်ပါတယ်။
အမတ်လောင်းကိုယ်ရေးအကျဉ်း-
အမည်- ဦးအောင်ကြည်သိန်း
အလုပ်အကိုင်- လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန (ညွှန်ကြားရေးမှူး/ ငြိမ်း)
ပညာအရည်အချင်း- B.E (စက်မှု)
လူမျိုး/ ဘာသာ - မွန်/ ဗုဒ္ဓ
အဖအမည် - ဦးမြမွှေး
အမြဲတမ်း နေရပ်လိပ်စာ - ကွမ်ရိုက်ကျေးရွာ၊ ချောင်းဆုံမြို့နယ်၊ မွန်ပြည်နယ်။
ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်- ချောင်းဆုံမြို့နယ်
ပါတီတာဝန် - ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ မွန်ပြည်နယ်ပါတီ ဥက္ကဌ
လူမှုရေး/ အမျိုးသားရေးလှုပ်ရှားခဲ့မှုများ (အကျဉ်း)- ၁၉၆၄ ခုနှစ်- အ.မ.က (ကွမ်ရိုက်)၊ အ.ထ.က (ရွာလွတ်)၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ စက်မှု အ.ထ.က မော်လမြိုင်၊ ၁၉၇၇ ခုနှစ်မှာ ၁၉၇၉ ခုနှစ်ထိ ဒေကောလိပ် (မော်လမြိုင်)၊ ၁၉၈၂ ခုနှစ် စက်မှုတက္ကသိုလ်၊ ရန်ကုန်တွင် B.E (စက်မှု) ဘွဲ့ရရှိခဲ့သည်။
(၁၃-၁၀-၁၉၈၃) မှ စ၍ လယ်ယာ နှင့် သစ်တောဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း၊ ဒု- လုပ်ငန်းမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး (၁-၁-၂၀၁၅) တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စီမံ) ရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။
ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်- ညောင်လမ်း လမ်းမ၊ ဒေါင်းဥ- ကလွီလမ်း ကတ္တရာလမ်းခင်းခြင်း၊ စာသင်ကျောင်းများတွင် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်း စသော လူမှုရေးပရဟိတ လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် မွန်ပြည်နယ် ဂုဏ်ဆောင်လက်မှတ်၊ ၂၀၀၃ ခုနှစ်တွင် စီမံထူးချွန် တံဆိပ် (တတိယအဆင့်) ချီးမြှင့်ခံခဲ့ရသည်။
ယခုအခါ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ မွန်ပြည်နယ် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။