မြန်မာနိုင်ငံမှာ ၂၀၀၈ အခြေခံဥပဒေနှင့်အတူ ပထမဦးဆုံး လိုက်ပါလာတဲ့ ပြဿနာဟာ လယ်ယာမြေ သိမ်းမှုပြဿနာပဲ ဖြစ်ပါတယ်။ ၈၈ အရေးခင်းမတိုင်ခင်အချိန်ထိ လယ်ယာမြေနှင့် ပတ်သက်တဲ့ ပြဿနာဟာ လယ်ယာမြေ အငြင်းပွားမှုပြဿနာပဲဖြစ်ပါတယ်။ လယ်ယာမြေသိမ်းမှုပြဿနာမဟုတ်ပါဘူး။
၈၈ အရေးအခင်းပြီး ၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်လာပြီးမှသာ လယ်ယာမြေသိမ်းဆည်းမှုပြဿနာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လယ်ယာမြေသိမ်းဆည်းရေးပေါ်ပေါက် လာရခြင်းအကြောင်းရင်းကို သိရှိတာနှင့် လယ်ယာမြေသိမ်းမှုပြဿနာ ဖြစ်ပေါ်လာရခြင်းအကြောင်း အလိုလိုသိပြီးသားဖြစ်သွားစေပါတယ်။ ဘာကြောင့်လဲဆိုရင် ၈၈ အရေးအခင်းမတိုင်ခင် ဖြစ်ပေါ်လာတဲ့ လယ်ယာမြေပြဿနာဟာ တပ်နှင့်သာ ပတ်သက်တဲ့ ပြဿနာပဲဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်လာရခြင်း အဓိကအကြောင်းရင်းကတော့ ၁၉၉၀ ရွှေးကောက်ပွဲမှာအနိုင်ရတဲ့ အုပ်စုအပေါ် မြန်မာ့တပ်မတော်ရဲ့ ယုံကြည်မှု ကျဆင်းခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ရွှေးကောက်ပွဲပြီး နှစ်လအကြာမှာ အနိုင်ရတဲ့အုပ်စုထဲက ဒု-ဥက္ကဌ တစ်ဦးကို နိုင်ငံခြားသတင်းစာဆရာ ဒေါမနတ်ဖော်လ်ဒါက “ရွှေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့တဲ့အခါ စစ်ခေါင်းဆောင်တစ်ချို့ကို စစ်ဆေးဖို့အစီအဆင်ရှိပါသလား “ လို့မေးတဲ့အခါ အနိုင်ရတဲ့အုပ်စုခေါင်းဆောင်က ”စစ်ခေါင်းဆောင်ကို စစ်ဆေးဖို့ မရှိပေမဲ့ အရေးပါတဲ့ခေါင်းဆောင်တစ်ချို့ကတော့ ကိုယ့်ကိုယ်ကို လုံခြုံမှု သိပ်မရှိကြဘူး “ လို့ပြန်ဖြေလိုက်ပါတယ်။
(၁ – ၁၀ – ၂၀၁၈) ထုတ်ဒီလိုင်းစာစောင်မှ ကောက်နုတ်ချက် ) ၉၀ အနိုင်ရအုပ်စုခေါင်းဆောင်ရဲ့ ဖြေကြားပေါ်ထွက်လာပြီးနောက် စစ်ခေါင်းဆောင်များဟာ ၂၀၀၈ အခြေခံဥပဒေရေးဆွဲဖို့ ချက်ချင်းစီစဉ်လိုက်ပါတယ်။ စာဖတ်သူတစ်ချို့အနေနဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ တပ်မြေသိမ်းတာဘာဆိုင်လဲလို့ စောဒကတက်ချင်လဲ တက်နိုင်ပါတယ်။ တပ်တို့ရဲ့ သဘောသဘာဝအရ သူတို့ယုံကြည်အားကိုးရတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာမှသာ သူတို့မိသားစု စားဝတ်နေရေးအတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ သူတို့ယုံကြည်အားကိုးရတဲ့ အစိုးရတစ်ရပ် မပေါ်ပေါက်ဘူးဆိုရင် သူတို့မိသားစု စားဝတ်နေရေးအတွက် သူတို့ကိုယ်တိုင်ဘဲဖန်တီးကြရပါတယ်။
၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်မိသားစုများအတွက် စားဝတ်နေရေးပြဿနာကို ဖြေရှင်းတဲ့ အခါမှာ အကာအကွယ်ပေးဖို့အတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ မြန်မာ့တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်နိုင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်ခြင်း မရှိသရွှေ့ ၂၀၀၈ အခြေခံဥပဒေက ဆက်လက်တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။
၉၀ ရွှေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွဲပေးမယ်ဆိုတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌဦးစောမောင်ရဲ့ ကတိစကားဟာ ရွေးကောက်ပွဲ အနိုင်ရတဲ့အုပ်စုနှင့် မြန်မာ့တပ်မတော်အကြား ယုံကြည်မှုတည်ဆောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးထားတဲ့ကတိဘဲဖြစ်ပါတယ်။ ဒါပေမဲ့ရွေးကောက်ပွဲ အနိုင်ရတဲ့ အုပ်စုဟာ ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့ထက် အာဏာရဖို့ကိုသာ အလေးထားဦးစားပေးတာကြောင့် မြန်မာ့တပ်မတော်ရဲ့ အနိုင်ရအုပ်စုအပေါ် ယုံကြည်မှုတည်ဆောက်ရေးအစီအစဉ် အောင်မြင်မှုမရှိပဲ ဖြစ်ခဲ့ရပါတယ်။
၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အုပ်စုနှင့် မြန်မာ့တပ်မတော်အကြား ယုံကြည်မှုပျက်ပြားပြီးနောက် တိုင်းရင်းသားဒေသမှာ အစိုးရတပ်စခန်းများ ပိုမိုတိုးချဲ့ထားတာကို တွေ့ရှိရပါတယ်။ တစ်နည်းအားဖြင့် အားကိုးလို့မရရင် ကိုယ့်ဟာကိုယ်ပဲ ရှာစားတော့မယ်ဆိုတဲ့လမ်းကို မြန်မာ့တပ်မတော်က ရွေးချယ်လိုက်တာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတက်လာတဲ့ လက်ရှိ NLD ပါတီ အရပ်သားအစိုးရဟာ ၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ အုပ်စုထဲကပဲ ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေဟာ လက်ရှိအနိုင်ရပါတီကိုသာ ကန့်သတ်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးကို ကန့်သတ်ထားတဲ့ ဥပဒေမဟုတ်ပါဘူး။ ဒါကြောင့် တိုင်းရင်းသားဒေသမှာ ဖြစ်နေတဲ့ လယ်ယာမြေပြဿနာကို အာဏာရပါတီဟာ မြန်မာ့တပ်မတော်နှင့် ပြန်လည်ရင်ကြားစေ့ရေး မပြုလုပ်နိုင်သေးတာကြောင့် ဖြစ်ပါတယ်။
ဒေသခံတိုင်းရင်းသား နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး၊ ကာကွယ်ရေးဦးစီးချုပ်ဆီအကူအညီတောင်းတဲ့ နည်းလမ်းနဲ့သာ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ လယ်ယာမြေပြဿနာနှင့် ပတ်သက်ပြီး လတ်တလောဖြေရှင်းရမည့် နည်းလမ်းဖြစ်ပါတယ်။ တိုင်းရင်းသားဒေသမှာ ဖြစ်ပေါ်နေတဲ့ လယ်ယာမြေသိမ်းမှုပြဿနာမျိုး နောက်ထပ်မဖြစ်ပွားဖို့ဆိုရင် တိုင်းရင်းသား ပြည်နယ်ဒေသရဲ့ လက်ထဲမှာရှိပြီးဆိုရင် မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားဒေသကို ထင်သလို ဝင်ရောက်စွက်ဖက်လို့မရတော့ပါဘူး။
တိုင်းရင်းသားများနေထိုင်တဲ့ ပြည်နယ်ဒေသဟာ ဗဟိုအစိုးရက ငွေကြေးအကုန်ခံပြီး ဝယ်ပေးထားတဲ့ ဒေသမဟုတ်ပါဘူး။ သမိုင်းကပေးထားတဲ့ ဘိုးဘွားတို့ရဲ့ စစ်မှန်တဲ့ အမွေဖြစ်ပါတယ်။ တိုင်းရင်းသားတို့ရဲ့ ဘိုးဘွားအမွေကို ဒေသခံများက မထိန်းသိမ်းမစောင့်ရှောက်ဘူးဆိုရင် ဘယ်သူက စောင့်ရှောက်မှာလဲ ။
ကိုယ့်ရဲ့ ဒေသအခွင့်အရေးကို မကာကွယ်ပဲ ကိုယ်တစ်ဦးတည်း အကျိုးအတွက် ဗဟိုအစိုးရနှင့် ဆက်လက်ပြီး ပူးပေါင်းမယ်ဆိုရင် တိုင်းရင်းသားတောင်သူလယ်သမားတို့ရဲ့ ဘဝဟာ ဖိနှိပ်မှုအောက်က ဘယ်တော့မှ ရုန်းထွက်လို့ရမှာမဟုတ်သလို လယ်ယာမြေပိုင်ရှင်များလည်း ထောင်နန်းစံဘဝက ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ပြည်နယ်ဒေသရဲ့အချုပ်ခြာအာဏာက ဒေသခံရဲ့ လက်ထဲမှာမရှိသရွေ့ လယ်ယာမြေသိမ်းမှုပြဿနာက ဘယ်တော့မှပြီးဆုံးနိုင်မှာမဟုတ်ဘူး။ လယ်ယာမြေသိမ်းမှုပြဿနာ အဆုံးသတ်နိုင်ဖို့အတွက် ဖက်ဒရယ်စနစ်ကို အခြေခံသည့် တိုင်းရင်းသားအစိုးရတစ်ရပ် ပေါ်ထွက်လာနိုင်အောင် အတူတကွ ဝိုင်းဝန်းကြိုးပမ်းကြဖို့ အလေးအနက် တိုက်တွန်းရေးသားလိုက်ရပါတယ်။ တိုင်းရင်းသားဒေသမှာ တောင်သူလယ်သမားတို့၏ မျှော်လင့်ချက်အိပ်မက် ရောင်ခြည်အလင်းတန်းများ အမြန်ဆုံး ကျရောက်နိုင်ပါစေ။
ဘိုထီး(ငွေတောင်ပြည်) ရေးသားသည်။