ချင်းကော်ဖီကို နိုင်ငံတကာတင်ပို့မယ့်… Ms. Nathalie Manac’h နှင့် တွေ့ဆုံမေးမြန်းခြင်း

ချင်းကော်ဖီကို နိုင်ငံတကာတင်ပို့မယ့်… Ms. Nathalie Manac’h နှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ချင်းဝေါလ်
မြန်မာနိုင်ငံနှင့် ချင်းပြည်နယ်မှ ကော်ဖီများကို နိုင်ငံတကာကော်ဖီချစ်သူများထံသို့ ပို့ပေးရန်အတွက် ရည်ရွယ်ကာ ဖွဲ့စည်းထားသည့် ဗြိတိန််နိုင်ငံ လန်ဒန်မြို့အခြေစိုက် Prisma Coffee Company နှင့် ဆွစ်ဇာလန်မှ Nat Coffee Company တို့အား တည်ထောင်သူ Ms. Nathalie Manac’h အားတွေ့ဆုံမေးမြန်းခဲ့ပါသည်။ သူမ၏ ကော်ဖီများအား ဥရောပသို့ ပထမဆုံး သယ်ဆောင်မည့် သင်္ဘောအား လာမည့် ဧပြီလအတွင်းတွင် ရန်ကုန်မြို့မှ ထွက်ခွါနိုင်ရန် ရည်ရွယ်ထားပြီး၊ လာမည့် ဥရောပနွေရာသီကာလ (ဇူလိုင်၊ သြဂုတ်)များတွင် စတင်မြည်းစမ်းနိုင်မည်ဟု ဆွစ်သတင်းစာတစောင်နှင့် အင်တာဗျူးတွင် ဖော်ပြထားသည်။

chinworld1701Ms. Nathalie Manac’h သည် ပြင်သစ်လူမျိုးဖြစ်ပြီး၊ ဆွစ်ဇာလန်နိုင်ငံတွင် ကြီးပြင်းခဲ့သူဖြစ်သည်။ ဂျာမန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ ရုရှားနှင့် ဟန်ဂေရီဘာသာစကားများအား ကျွမ်းကျင်စွာပြောဆိုတတ်သော Ms. Nathalie Manac’h သည် European Institute in Geneva မှ မဟာဘွဲ့ရရှိခဲ့ပြီး၊ ဟန်ဂေရီနှင့် သြစတီးယားရှိ ဆွစ်ဇာလန်သံရုံးများနှင့် ကမ္ဘာ့ကုလသမဂတို့တွင် Political Officer အဖြစ်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ အနောက်အာဖရိကနိုင်ငံများဖြစ်သော Ghana, Togo, Benin တို့တွင် အလုပ်ကိစ္စဖြင့် ခရီးနှင်စဉ် သောက်သုံးခဲ့ရသော ဒေသထွက်ကော်ဖီများသည် သူမအကြိုက်ဆုံးကော်ဖီဖြစ်သည်ဟု ဆိုသည်။ ယင်းနောက် International Coffee Organization (ICO) ၌ ကော်ဖီစျေးကွက်သုံးသပ်သူပညာရှင်အဖြစ်လည်းလုပ်ကိုင်ခဲ့သူဖြစ်သည်။

မေး။ ။ ချင်းပြည်နယ်နဲ့ ဆရာမ စတင်မိတ်ဆက်ဖြစ်ပုံအကြောင်းကို ပြောပြပေးနိုင်လား။

ဖြေ။ ကျမက Nat Coffee & Prisma Coffee ပိုင်ရှင်နဲ့ တည်ထောင်သူဖြစ်ပါတယ်။ ဒီ Company ကို မနှစ်ကမှ စတင်တည်ထောင်တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြည်မနဲ့ အလှမ်းဝေးတဲ့ ချင်းပြည်နယ်ကို လည်ပတ်ခွင့်ရခဲ့ပြီး၊ အဲဒီမှာ သောက်ခဲ့ရတဲ့ ရှာဖွေမတွေ့ရသေးတဲ့ကော်ဖီကောင်း (Undiscovered Coffee) ကိုမြည်စမ်းခွင့်ရရင်းနဲ့ ဒီလုပ်ငန်းကို စတင်ဖို့ခွန်အားတွေရခဲ့ပါတယ်။ ချင်းပြည်နယ်မှာ စိန်ခေါ်မှု နှစ်ခုရှိပါတယ်။ ပထမတခုက ကော်ဖီထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာ၊အတတ်ပညာမရှိတာနဲ့ နောက်တခုကတော့ တောင်ယာတွေကို မီးရှို့တဲ့ဓလေ့တခုပါ။ ကျမတို့ရဲ့ လုပ်ငန်းစဉ်ကို လူမှု့ဝန်းကျင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တခုလို့လည်း ခံယူထားပါတယ်။

မေး။ ။ ချင်းပြည်နယ်ရဲ့ ကော်ဖီအရည်အသွေးနဲ့ ပတ်သက်ပြီး ဆရာမရဲ့ သုံးသပ်ချက်ကို သိလိုပါတယ်။

ဖြေ။ ။ ကော်ဖီအရည်အသွေးဆိုရာမှာ အချက် ၄ ချက်ကို ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်။ အဲဒါတွေကတော့ ပထမအချက်ကတော့ ပင်လယ်ရေမျက်နှာပြင်အမြင့်၊ ဒုတိယအချက်ကတော့ ရာသီဥတု၊ တတိယအချက်ကတော့ မြေဆီလွှာဝန်းကျင်နှင့် စတုတ္တအချက်ကတော့ သဘာဝပတ်ဝန်းကျင်တို့ဖြစ်ပါတယ်။ ချင်းပြည်နယ်ရှိ ကျွန်မတို့စီမံကိန်းရှိရာ မင်းတပ်၊ ကန်ပလက်တို့မှာ သင့်လျှော်တဲ့  ပင်လယ်ရေးမျက်နှာပြင်ရှိတာကို တွေ့ရတော့ ကျွန်မတို့ အလွန်ဝမ်းသာမိပါတယ်။ ဤမြို့နယ်နှစ်ခုမှာ  ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ ၅၀၀၀-၇၀၀၀ တွေမှာရှိတဲ့အတွက် ဒါဟာ နိုင်ငံတကာတန်းဝင် ကော်ဖီစိုက်ဖို့အတွက် ကောင်းမွန်တဲ့အမြင့်ပေဖြစ်ပါတယ်။ ရာသီဥတုကလည်း အေးမြပြီးသာယာနေပါတယ်။ ဆောင်းတွင်းရာသီဥတုမှာတော့ အလွန်အေးပြီး ကော်ဖီစိုက်မှုကြီထွားဖို့စိန်ခေါ်မှုရှိတဲ့အတွက် အဲဒါတော့ သတိထားဖို့ လိုအပ်ပါတယ်။ ချင်းပြည်နယ်ဟာ သဘာဝအလှတရားကြွယ်ဝပါတယ်၊ ကျေးငှက်မျိုးစုံနဲ့ သစ်ပင်မျိုးစုံရှိတယ်၊ ဒါတွေက ချင်းပြည်နယ်မှာ နေထိုင်ချင်တဲ့ အကြောင်းတရားတွေ ဖြစ်သလို အဲလို သဘာဝပတ်ဝန်းကျင်ကြီးကြောင့် ကော်ဖီအရည်အသွေးအထူးကောင်းမွန်စေနိုင်ပါတယ်။ ချင်းပြည်နယ်ဟာ သီးသန့်တည်ရှိနေတဲ့ သဘာဝမြေဆီလွှာ ကောင်းပြီး ဓာတ်မြေသြဇာတွေ အသုံးမပြုတဲ့အတွက် ကော်ဖီ ဖွ့ံဖြိုးတိုးတက်ဖို့အတွက် အထူးအခွင့်ကောင်းဖြစ်နေပါတယ်။

မေး။ ။ မြန်မာနိုင်ငံနဲ့ ချင်းပြည်နယ်က ကော်ဖီတွေကို နိုင်ငံတကာတန်းနဲ့ နှိုင်းယှဉ်ပေးပါဦးဆရာမ

ဖြေ။ ။ မြန်မာနိုင်ငံအနေနဲ့ဖြစ်ဖြစ် (သို့မဟုတ်) အထူးသဖြင့် ချင်းကော်ဖီလို့ ပြောရရင် သမိုင်းကို နောက်ပြန်လှည့်ရအောင်။ မနှစ်က ကွန်တင်နာနှစ်ခုစာ မြန်မာကော်ဖီကို အမေရိကန်ကို တင်ပို့ခဲ့ပါတယ်။ အထူးသဖြင့် ချင်းကော်ဖီအတွက် နိူင်ငံတကာအဆင့်မှီဖို့ဆိုတာ အလှမ်းဝေနေသေးတယ်။ သမိုင်းအရ မြန်မာမှ တင်ပို့မှုက အရမ်းနုနယ်သေးပါတယ်။ Nat နဲ့ Prisma ကော်ဖီအနေဖြင့် နိူင်ငံတကာ အဆင့်ရှိဖို့ စီမံကိန်းကြီးကို အခြေခံကစ ထောက်ပ့ံခြင်းဖြင့် အရည်အသွေးမြင့်တင်ပေးပို့ဖို့ ရည်မှန်းထားပါတယ်။

မေး။ ။ မြန်မာနိုင်ငံနဲ့ ချင်းပြည်နယ်ရဲ့ ကော်ဖီထွက်နှုန်းတွေကိုလည်း သိလိုပါတယ်။

ဖြေ။ ။ မြန်မာနိုင်ငံကော်ဖီအသင်းကနေ သိရတာက မြန်မာနိုင်ငံမှာ တနှစ်ကို ကော်ဖီ ၅၀၀ မက်ထရစ်တန်ထွက်တယ်လို့ သိရတယ်။ အဲဒီအထဲကနေ ချင်းပြည်နယ်ကနေတော့ မက်ထရစ်တန် ၈၀ ထွက်တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာမှ ချင်းပြည်နယ်တောင်ပိုင်းကနေ ၆၀နဲ့ မြောက်ပိုင်းကနေ ၂၀နှုန်းလို့ သိရပါတယ်။ ကျမတို့ရဲ့ အစီအစဉ်ကနေ လာမယ့် ငါးနှစ်မှာတော့ ချင်းပြည်နယ်ကနေ တနှစ်ကို ၂၀၀ မက်ထရစ်တန်တော့ အနည်းဆုံးထွက်နိုင်ဖို့ရည်ရွယ်ချက်ထားထားပါတယ်။

မေး။ ။ ချင်းကော်ဖီတွေနိုင်ငံတကာကို ထိုးဖောက်ဖို့အတွက် ဘယ်လိုထူးခြားမှုတွေ ရှိဖို့လိုမယ်လို့ သုံးသပ်ပါသလဲ။

ဖြေ။ ။ ချင်းကော်ဖီကို နိုင်ငံတကာကို တင်ပို့တဲ့အခါမှာ အာရှယဉ်ကျေးမှုတခုကို မိတ်ဆက်သလိုမျိုးဖြစ်ရမယ်။ ဥပမာ- လန်ဒန်မှာဆိုရင် ရာသီအလိုက် ကော်ဖီတွေ၊ လက်ဖက်ရည်တွေကို သောက်ချင်၊ စမ်းသပ်ကြည့်ချင်တဲ့ ဓလေ့ရှိပါတယ်။ အဲဒီမှာ ကျမတို့အနေနဲ့ အာရှယဉ်ကျေးမှုဖြစ်တဲ့ ဒီချင်းကော်ဖီကို သူတို့မိတ်ဆက်ပေးရမယ်။ ဒီချင်းကော်မဖီရဲ့ ထူးခြားတဲ့ အန့ံ၊ အရသာကို မိတ်ဆက်ပေးရမှာပါ။

မေး။ ။ ဒေသခံကော်ဖီတောင်သူတွေနဲ့ ဆက်စပ်လုပ်ဆောင်မှုအပိုင်းတွေနဲ့ ပတ်သက်ပြီးလည်း သိလိုပါတယ်။

ဖြေ။ ။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ကျမတို့ Nat နဲ့ Prisma ကော်ဖီရဲ့အဓိကအချက်ဖြစ်ပါတယ်။ နောက်ပြီး ကျမတို့ အထူးသတိပြုတာတခုကတော့ လူ့အခွင့်အရေးလေးစားဖို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းလုပ်ဆောင်ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိအောင်ကို အထူးသတိပြုလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီနှစ်ချက်က ကျမတို့ရဲ့ အဓိက သတိပြုမယ့်အပိုင်းတွေပါ။  နောက်ပြီး အရေးကြီးတာတခုက တယောက်နဲ့ တယောက်အကြားမှာ ယုံကြည်မှုရှိဖို့ကလည်း အထူးပဲ အရေးကြီးပါတယ်။ ကျမတို့ရဲ့ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၁-၂၃ အတွင်းမှာ မင်းတပ်မှာ လုပ်ပါမယ်။ သူတို့နဲ့ ထိတွေ့မှုများပြီး အပြန်အလှန်အမြင်ဖလှယ်ဖို့လိုပါတယ်။ နောက်ပြီး ကော်ဖီရိတ်သိမ်းခြင်း၊ ခြွေခြင်းနှင့် ကော်ဖီလုပ်ငန်းစီစဉ် စသည့်အသိပညာ ကျွမ်းကျင်သူများမှ တစ်ဆင့် ပညာပေးဖို့ ကျွန်မတို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...