မိခင်နှင့် ညီမ အသတ်ခံရမှုအတွက် တရားမျှတမှု ရှာဖွေနေသော မိသားစုဝင်များနှင့် တွေ့ဆုံခြင်း

မိခင်နှင့် ညီမ အသတ်ခံရမှုအတွက် တရားမျှတမှု ရှာဖွေနေသော မိသားစုဝင်များနှင့် တွေ့ဆုံခြင်း

ဟင်္သာမီဒီယာ ။    ။ အစ်ကိုရဲ့ မိခင်နဲ့ ညီမတို့ကိုသတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး မော်လမြိုင်ခရိုင်တရားရုံးတော်က ဘယ်လိုအမိန့်ချမှတ်ခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။

ကိုဆာဂျမ်း ။   ။ တရားရုံးက အမိ်န့်ချလိုက်တာက ဦးဂေါ်ပါ (ခ) အပ္ပဒူဂါဖာနဲ့ နူရာမူဒင်ကိုအလုပ်နဲ့ ထောင်ဒဏ် အနှစ် ၄၀ ၊ လွှမ်းမိုးအောင် (ခ) ဆိုဖီရောမန်ကိုကျတော့ အလုပ်နဲ့ထောင်ဒဏ် ၄၃ နှစ်၊ ဇလာမဒင် (ခ) ဂျာလာဒင်ကိုကျတော့ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ဒေါ်ဟာဇလာဘီကို အလုပ်နဲ့ ထောင်ဒဏ် ၃  နှစ်ကျခံစေဖို့ အမိန့်ချခဲ့တယ်။

ဟင်္သာမီဒီယာ ။   ။ အဲလို မော်လမြိုင်ခရိုင်တရားရုံးတော်ကနေပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ လူသတ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထားတွေနဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ဦးဂေါ်ပါ (ပါ) လူ (၆) ဦးကို အလုပ်နဲ့ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သလို ပြစ်ဒဏ်ကျခံခဲ့့ရတဲ့ ဦးဂေါ်ပါတို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံကို ပြင်ဆင်အယူခံတင်ပြခဲ့တဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့ ရက်စွဲပါ စာအမှတ် ၅၇၈၇/ ရာပြင်- ၁၃၆၆ (ခ)/ ၁၄၀၂ (ခ)/ ၂၀၁၈ အရ ဦးဂေါ်ပါ (ပါ) ငါးဦးစလုံးကို အပြီးအပြတ်လွှတ်ဖို့ အမိန့်ချမှတ်ခဲ့တဲ့အပေါ် မိသားစုဝင် တစ်ဦးအနေနဲ့ ပြောချင်တဲ့ စကားရှိရင် ပြောပေးပါဦး။

ကိုဆာဂျမ်း ။   ။ ကျွန်တော် မိခင်နဲ့ ညီမကိုရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ သူတွေကိုတရားရုံးကနေ အပြစ်ချမှတ်တဲ့ အမိန့်ကို ကျေနပ်တယ်။ အခုဟာကျတော့ နှစ်နှစ်တောင်မပြည့်ဘဲ  ပြန်လွှတ်ပေးလိုက်တာ ကိုတော့ မကျေနပ်ဘူး။ ဒီအမှုကိစ္စကို တရားမျှတအောင် ပြန်လုပ်ပေးဖို့ ပြောချင်တယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုတရားမမျှတတဲ့ အမှုကို ပြန်ပြီး တရားမျှတမှုရအောင် ပြန်လုပ်ဖို့က တစ်ခုပဲ ငွေရေးကြေးရေးအခက်အခဲရှိနေလို့ပါ။ တရားမျှတမှုအတွက်ကိုပြန်ပြီးလိုချင်တယ်။

ဟင်္သာမီဒီယာ ။   ။ အသတ်ခံခဲ့ရတဲ့ သားအမိနှစ်ဦးနဲ့ ဦးလေးနဲ့က ဘယ်လိုတော်စပ်ပါသလဲ။

ဦးအောင် (အမည်လွှဲ) ။   ။ အသတ်ခံရတဲ့ ဒေါ်ဇော်မီလာ (ခ) ဇွန်မီလာဘီနဲ့ တစ်ဝမ်းကွဲအစ်ကိုတော်ပါတယ်။

ဟင်္သာမီဒီယာ ။  ။ သားအမိနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ မော်လမြိုင်ခရိုင်တရားရုံံးတော်ကနေ ပြစ်မှုကျူးလွန်တဲ့ သူတွေကိို ပြစ်မှုကျူးလွန်လို့ အလုပ်နဲ့ ထောင်ဒဏ်တွေ အသီးသီးအမိန့်ချမှတ်ခဲ့တာ ဦးလေးအနေနဲ့ သိလား။

ဦးအောင် (အမည်လွှဲ) ။     ။ သိပါတယ်။

ဟင်္သာမီဒီယာ ။    ။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ထောင်ဒဏ်အသီးသီးချမှတ်ထားရာကနေပြီး ထောင်ဒဏ် ကျခံနေခဲ့ရတဲ့ ဦးဂေါ်ပါ(ပါ) ၅ ဦးကို အခု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အမိန့်နဲ့ အပြီးအပြတ်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး အသတ်ခံခဲ့ရတဲ့ ဆွေ

မျိုးတစ်ဦးအနေနဲ့ရော ရပ်ကွက်နေ ပြည်သူတစ်ဦးအနေနဲ့ရော ဒီလိုအမိန့်ချမှတ်တဲ့အပေါ်မြင်တဲ့အမြင် ပြောပေးပါဦး။

ဦးအောင် (အမည်လွှဲ) ။     ။ ကျွန်တော်တို့ရပ်ကွက်က အခုရဲစစ်ဆေးဂိတ်နဲ့ မလှမ်းမကမ်းမှာ မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်တယ်။ ဒီအမှုကို ရဲတပ်ဖွဲ့တွေနဲ့ ဌာနဆိုင်ရာအားလုံးတွေက စုံစမ်းစစ်ဆေးပြီးမှတကယ်ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို သက်သေခံပစ္စည်းတွေနဲ့ တကွ ဖမ်းဆီးပြီးတော့ ဥပဒေကိုအပ်တယ်။ ဥပဒေကို အပ်ပြီးမှ တရားရုံးက အမိန့်ချတယ်။

အမိန့်ချလိုက်တာက တစ်ဦးကို အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၄၀ ၊ နောက်တစ်ဦးကို အလုပ်နဲ့ထောင်ဒဏ် ၄၃ နှစ်၊ နောက်ထပ်တစ်ဦးကိုကျတော့ အလုပ်နဲ့ ထောင်ဒဏ်၅ နှစ်နဲ့ နောက်တစ်ဦးကိုလည်း အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ကျခံစေဖို့ အမိန့်ချခဲ့တယ်။ အခု ဒီအမှုနဲ့ စပ်လျဉ်းပြီးတော့ အခုနိုင်ငံတော်ကနေ ခိုင်လုံတဲ့အထောက်အထားမရှိပါဘူးဆိုပြီး  အခုဒီနှစ်နှစ်အတော အတွင်းမှာ ပြန်လွှတ်လိုက်တယ်။ တကယ်လို့ အခုပြန်လွှတ်လိုက်တဲ့တရားခံတွေ မဟုတ်ပါဘူးလို့ ပြောရင် သတ်တဲ့သူလူသတ်တရားခံတွေက ဘယ်သူလဲ။ ဘယ်နတ်ကလာသတ်သွားတာလဲ။ တစ်ရပ်ကွက်လုံးမှာရှိတဲ့ လူပေါင်း ၁၀၀ ကျော်လောက်ကို ခေါ်ယူစိစစ်ပြီးမှ မဟုတ်တဲ့ လူတွေကို ဖယ်လိုက်တယ်။ ဟုတ်တဲ့လူတွေကို သေသေချာချာဖမ်းဆီးပြီးမှ စနစ်တကျ သက်သေခံပစ္စည်းတွေနဲ့ တကွ တရားရေးဌာနကို အပ်နှံလိုက်တာကို အခု လွှတ်လိုက်တယ်။ ဒါက်ုိ ကျွန်တော်တို့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ အားလုံးကလည်း မကျေနပ်နိုင်ဘူး။ သတ်တဲ့လူ တရားခံမပေါ်တဲ့အတွက်ကြောင့်မို့၊သူတို့သတ်တာမဟုတ်ဘူးဆိုရင်ဟုတ်တဲ့သူ လူသတ်တရားခံကိုရှာပေး။ အခုဆိုကျွန်တော်တို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း တိုင်မယ်။ နိုင်ငံတော်သမ္မကြီးဆီကိုလည်း တိုင်မယ်။ ဒီအမှုကိစ္စကို ပြန်ပြီး စိစစ်အကောင်အထည်ဖော်ပေးဖို့။ အခုဟာက တောထဲတောင်ထဲမှ သတ်လိုက်လို့တရားခံမရဘူးဆိုရင် ကျွန်တော်တို့ ကျေနပ်တယ်ဗျာ။

အခုဟာက ရဲစစ်ဆေးဂိတ်ရှိတဲ့နေရာနဲ့ တစ်ထွာပဲဝေးတဲ့ဆီမှာလူသတ်မှုဖြစ်တာကိုတရားခံရှာလို့မရပါဘူးလို့ နိုင်ငံတော်က ပြောတာသိပ်ကိုအံ့သြနေတယ်။ အဲဒီတော့ ကျွန်တော်တို့ဖြစ်စေချင်တာက အခုအမိန့်ကို ပြန်ရုပ်သိမ်းပြီးဒီလိုလူတွေကို ပြန်ပြီးတော့အရေးယူဆောင်ရွက်ပေးပါလို့ ပြောချင်တယ်။ အခုက မှားယွင်းတဲ့အမိန့်တွေကို ချပေးလိုက်တာလို့ ပြောချင်တယ်။ ဒီလူတွေ မသတ်ပါဘူးဆိုပြီး လွှတ်ပေးလိုက်တာမှားယွင်းတဲ့ အမိန့်တစ်ခုပဲလို့ ထင်တယ်။

ဟင်္သာမီဒီယာ ။   ။ အခုလို လူသတ်မှုကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်အပြည့်အဝမခံရဘဲ ပြန်လွှတ်ခဲ့တဲ့အပေါ်မှာ ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေကို ဘယ်လိုဝေဖန်ပြောဆိုမှုမျိုးတွေ ရှိနေတယ်ဆိုတာ ပြန်ပြောပေးပါဦး။

ဦးအောင် (အမည်လွှဲ) ။   ။ ကျွန်တော်တို့ တစ်ရပ်ကွက်လုံးမှာ လူတစ်ရာကို မေးရင် အဲဒီလူတစ်ရာလုံးက အံ့သြသလို လုံးဝလည်းမကျေနပ်နိုင်ဘူး။ ဘယ်သူကို တိုင်ရမလဲ။ ဘယ်သူကိုပြောရမလဲ ဒါတွေကို လူတွေ ဖြစ်နေကြတယ်။အခုဘယ်သူဆီတိုင်ရမလဲ။ ဘယ်ဌာနကို တိုင်ရမလဲ။ ဘယ်သူက အရေးယူပေးမလဲ။ ဘယ်သူကဒီအမှုကိစ္စကို ပြန်စိစစ်ပေးမလဲဆိုတာကို လူတွေက သို့လော သို့လော ဖြစ်နေပြီ။ ကျွန်တော်အပြင် သွားတဲ့အခါမှာ လူတွေကမေးတယ်။ ကျွဲခြံကုန်းက လူတွေက စာမတတ်လို့လား။ ဒါတွေမသိလို့လား။ ဒါတွေနားမလည်လို့လား။ ဒီလောက်အံ့သြစရာကြီး ဖြစ်သွားတာကို။ အံ့လည်း အံ့သြစရာကြီးပဲ။

နောက်ဆုံး တစ်ခု ပြောချင်တာက ဘာမှမဟုတ်ဘူး။ ဒီလို ရည်ရွယ်ချက်ရှိှရှိနဲ့ လူလာသတ်တယ်ပြောမှ မင်္ဂလာဆောင် သွားသလို TV ရိုက်သွားမလား။ ညကြီးသန်းခေါင် မိုးတွေအကြီးအကျယ်ရွာနေတဲ့ အချိန်မှာခပ်ရှင်းရှင်းပြောမယ်။ ရန်ကုန်မြို့ထဲမှာ ဦးကိုနီကို သေနတ်နဲ့ ပစ်လိုက်တာတောင်မှ အဲဒီနေ့က တက္ကစီသမားမတွေ့ရင် သက်သေခံရှာမရဘူး။ CCTV အလုံးတစ်ထောင်ကြားထဲမှာ။

ဟင်္သာမီဒီယာ ။ ။ အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အမိန့်ကို ကျေနပ်မှုမရှိတဲ့အတွက် ဆွေမျိုးတော်စပ်တဲ့ ဦးလေးအနေနဲ့ဘာတွေဆက်ပြီး လုပ်ဆောင်သွားဖို့ရှိလဲ ဆိုတာပြောပေးပါဦး။

ဦးအောင် (အမည်လွှဲ) ။   ။ အခုဒီအမှုကိစ္စမှာသက်သေခံ ပစ္စည်းတွေ ရထားတာတောင်မှ သက်သေလိုသေးတယ်ဆိုရင် လူသတ်နေတာကိိုTV ရိုက်သွားမလား။ အခုကိစ္စ ကျွန်တော်တို့မကျေနပ်ဘူးဗျ။ ဒီအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုလည်းတိုင်မယ်။

နိုင်ငံတော်သမ္မတထံကိုလည်း စာပို့မယ်။ ဒီကြားထဲမှာ အမြန်ဆုံးလုပ်မယ်။ ၃ လအချိန်ရတယ်လို့ ပြောတယ်။ ဒီ ၃ လ မတိုင်ခင်မှာ ကျွန်တော်တို့ ကွန်ပလိမ်းတက်ဦးမယ်။ ဒီအမိန့်ကို နေပြည်တော်ကချတယ်လို့ပြောတယ်။ ဒီအမိန့်ကို ကျွန်တော် နေပြည်တော်ကနေ သွားပြန်ကူးလာမယ်။

ကူးလာပြီ ဒီက ရဲစစ်ချက်၊ ခရိုင်တရားရုံးက အမိန့်ချတာတွေ နေပြည်တော်က လွှတ်လိုက်တာတွေ အားလုံး ဒီမှာ စာပြန်ရိုက်ပြီးတော့ စာပြန်တင်မယ်။ ဒါတွေက အဓိပ္ပာယ်မဲ့ လုပ်သွားတဲ့ အလုပ်လို့ မြင်တယ်။ ကျွန်တော်တို့ လူတစ်ဦး တစ်ယောက်ကို မုန််းတာတို့ စိတ်ဆိုးတာ မပါဘူး။ ရွာအလယ်မှာဖြစ်တဲ့အလုပ်ဟာ ဒီနေ့ သူမဟုတ်ဘူး။ သူမဟုတ်ဘူး။ သူမဟုတ်ဘူးဆိုရင် ဘယ်သူ့ကိုရှာရမလဲ။ ဘယ်သူလုပ်တာလဲ။ ကျွန်တော်တို့ သိစေချင်တာ ဒါပဲ။ တောထဲ တောင်ထဲမှာ ဖြစ်သွားတဲ့ ကိစ္စဆိုရင် မပြောတော့ဘူး။ ဘယ်သူလာလို့ ဘယ်သူက သတ်သွားတယ်ဆိုတာ မသိနိုင်ဘူး။ အခုအမှုဖြစ်တာက ရဲစစ်ဆေးရေးဂိတ်နဲ့ လက်ငါးလုံးလောက်ပဲဝေးတယ်။ ကျွန်တော်တို့လည်း ရသမျှ အင်အားနဲ့ ကြိုးစားပြီး လုပ်သွားမယ်။

မှတ်ချက် ။ ။ အင်တာဗျူး ဖြေဆိုသူ ၏ လတ်တလော လုံခြုံရေးအခြေအနေအရ အမည်လွှဲထားခြင်း ဖြစ်ပါသည်။

“ဒီအမှုကို တရားရုံးကနေပဲ ပြန်ပြီး စစ်ဆေးပေးစေချင်တယ်”

အမေနှင့် ညီမ အသတ်ခံရမှုအတွက်တရားလိုတိုင်တန်းသူ ကိုစိုးဝေ နှင့်တွေ့ဆုံခြင်း

ဟင်္သာမီဒီယာ။ ။ အစ်ကိ့ုရဲ့ မိခင်နဲ့ ညီမအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ သူတွေကို ပြစ်ဒဏ်အပြည့်အဝမခံရဘဲ ပြန်လွတ်လာတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့အပေါ်မှာ ဘာပြောချင်တာရှိလဲ။

ကိုစိုးဝေ (ခ) အာရ်စွတ်။ ။ ကျွန်တော်မှာ အမေရော ညီမရော ဆုံးရှုံးသွားရတော့ ဘယ်လိုလုပ် ကျေနပ်နိုင်မှာတုံး။ သူတို့တွေက ထောင်ထဲမှာ နှစ်နှစ်တောင်မပြည့်သေးဘူး။ အနှစ်လေးဆယ်ကျတဲ့သူတွေ ထောင်ထဲကပြန်ထွက်တယ်ဆိုတော့ ဘယ်ကျေနပ်နိုင်မလဲ။

ဟင်္သာမီဒီယာ။ ။ အစ်ကို့အနေနဲ့ ဦးဂေါ်ပါ (ပါ) ၅ ဦးကို အခုပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အမိ်န့်နဲ့ အပြီးအပြတ်လွှတ်ပေးတဲ့အပေါ် မကျေနပ်ဘူးဆိုတော့ ရှေ့ဆက်ဘယ်လိုဆက်ပြီး လုပ်ဆောင်သွားဖို့ရှိလဲ။

ကိုစိုးဝေ (ခ) အာရ်စွတ်။ ။ ဒီအမှုကို တရားရုံးကနေပဲ ပြန်ပြီး စစ်ဆေးပေးစေချင်တယ်။ သူတို့ အတင်းအဓမ္မငြင်းတယ်။ တရားခံက သူတို့မဟုတ်ဘူးဆိုရင်လည်း တရားခံအစစ်ကို ပြန်ရှာပေးရမယ်ပေါ့။ နိုင်ငံတော်က ပြောလို့ တရားရုံးက လွှတ်ပေးတာဆိုတော့ ကျွန်တော်တို့က ဘယ်ကိုသွားပြောလို့ရမှာတုံး။ ကျွန်တော်တို့ကတော့ ကျွန်တော့်စိတ်မှာ မကျေနပ်တာတစ်ခုပဲ ရှိတာပေါ့။

ဟင်္သာမီဒီယာ

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...