ကယား(ကရင်နီ)တိုင်းရင်းသားဒေသမှာရှိတဲ့ မိရိုးဖလာဘိုးဘွားစဉ်ဆက်က ထိန်းသိမ်းစောင့်ရှောက်လာကြတဲ့ သစ်တောတွေကို သစ်တောဥပဒေ(မူကြမ်း)မှာ ထည့်သွင်းရေးဆွဲပေးနိုင်ဖို့ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်တွေက အကြံပြုတင်ပြတောင်းဆိုသွားခဲ့ကြတယ်လို့ ဒေသခံကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ခူးလိရယ်အန်းဂျလိုက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ရက်နေ့၊ လွိုင်ကော်မြို့နယ်ခန်းမမှာ သစ်တောနည်းဥပဒေ(မူကြမ်း)ကို အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနှင့် အကြံပြုချက်များယူခြင်းဆိုင်ရာ ဆွေးနွေးပွဲမှာ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။
တက်ရောက်လာကြတဲ့ ဒေသခံ ကိုယ်စားလှယ်တွေက ဆွေးနွေးပွဲမှာ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ မိရိုးဖလာဘိုးဘွားစဉ်ဆက်က ထိန်းသိမ်းလာတဲ့ သစ်တောတွေ၊ အစုအဖွဲ့လိုက် ထိန်းသိမ်းလာတဲ့ သစ်တောတွေဟာ သူတို့ဘာသာ သူတို့စီမံပိုင်ခွင့် စတဲ့ ဓလေ့စည်းမျဉ်းစည်းကမ်းတွေ ပါထည့်သွင်းပေးဖို့ ထည့်သွင်းအကြံပြုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ကယားပြည်နယ်မှာဆိုရင် တိုင်းရင်းသားမျိုးနွယ်စုအလိုက်ထိန်းသိမ်းကြတဲ့သစ်တောတွေ၊ စော်ဘွားခေတ်၊ ဘိုးဘွားစဉ်ဆက်ကတည်း ထိန်းသိမ်းလာခဲ့ကြတဲ့ သစ်ပင်တောတောင်တွေစတာတွေက ဒေသခံတိုင်းရင်းသားတွေ လေးစားလိုက်နာကြတာဖြစ်တဲ့အတွက် ဒါတွေကို နည်းဥပဒေထဲမှာ တရားဝင်ရေးထားပြဌာန်းထားပေးသင့်တယ်လို့ ဒေသခံကိုယ်စားလှယ် ခူးလိရယ်အန်းဂျလိုက ပြောပါတယ်။
ခူးလိရယ်အန်းဂျလို ” ကယားမှာဆိုလို့ရှိရင်တော့ မျိုးစုအလိုက် သစ်တောပိုင်တာတွေရှိကြတယ်။ ဘိုးဘွားစဉ်ဆက် စော်ဘွားခေတ်ကတည်းက ဥပဒေမဖြစ်ခင်ကတည်းက ဒါက ထိန်းထားပြီးသားဖြစ်တယ်။ အဲတော့ ဒါမခုတ်ရဘူး နတ်ရှိတယ်လို့ပြောရင် ဘယ်သူမှမခုတ်ရဲဘူး။ အဲဒါက ဥပဒေအနေနဲ့ မပြဌာန်းသေးတာပဲရှိတယ်။ ဥပဒေမရှိခင်ကတည်းက လူတွေက လေးစားတယ် လိုက်နာကြတယ် ခုချိန်ထိပဲ။” လို့ ပြောပါတယ်။
အကြံပြုဆွေးနွေးတင်ပြသွားတဲ့အချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကျော်လွန်ပြီး ဖက်ဒရယ်ရရှိတဲ့အချိန်ကျမှ ထည့်သွင်းနိုင်မှာဖြစ်တယ်လို့ လွိုင်ကော်မြို့မှာ သစ်တော ဥပဒေ(မူကြမ်း) လာရောက်ဆွေးနွေးသွားတဲ့ Main Facilitator ဦးအေမိုးနိုင် ကပြောပါတယ်။
“ဒီကတိကိုသာ ကျတော်တို့ တည်အောင်လိုက်နာနိုင်မယ်ဆိုရင် ဒီနည်းဥပဒေထဲမှာ တိုင်းရင်းသားတွေ အရင်ခေတ်တုန်းကလို မပါချင်တာတွေ ပါမသွားတော့ဘူးပေါ့နော။ ပါစေချင်တာတွေလည်း ပြန်ပါလာမယ်ပေါ့။ ဒါပေမယ့် အကန့်အသတ်တစ်ခုရှိတာကတော့ သူတို့ရဲ့ အကြံပြုဆွေးနွေးချက်တွေက လက်ရှိ ကျတော်တို့ ဖွဲ့စည်းပုံကို ကျော်လွန်တဲ့အထိ အကြံပေးနေတာ ဖယ်ဒရယ်အထိ မျှော်မှန်းပြီးတော့ အကြံပေးတာမျိုးဆိုရင်တော့ လောလောဆယ်ပါဖို့ခက်တယ်။ ဒါပေမယ် ဒီအကြံပြုချက်တွေက အလဟတတော့ မဖြစ်ဘူး နောင်တစ်ချိန် ဖွဲ့စည်းပုံကို ပြင်နိုင်ရင် သို့မဟုတ် ဖယ်ဒရယ်ဆိုတာမျိုးကို တကယ်တက်လှမ်းနိုင်ပြီဆိုရင် ပြန်ပြီးသုံးလို့ရတဲ့ အကြံပြုချက်တွေပဲဖြစ်မှာပါ။”လို့ ဦးအေးမိုးနိုင်က ပြောပါတယ်။
လက်ရှိ ထွက်ထားတဲ့ သစ်တောနည်းဥပဒေ(မူကြမ်း) ကို ပြန်ပြင်ဆင်တဲ့နေရာမှာ ဌာနေတိုင်းရင်းသားတွေ မလိုချင်တဲ့ မပါချင်တဲ့ ဥပဒေတွေကို ပြင်ဆင်ခွင့်ရှိပေမယ့်လည်း ဆွေးနွေးချက် အကြံပြုချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်လွန်မယ်ဆိုရင် အကန့်အသတ်တစ်ခုဖြစ်စေတယ်လို့ ဦးအေမိုးနိုင်က ပြောပါတယ်။
ဆွေးနွေးပွဲမှာ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောဖွဲ့စည်းခြင်း၊ သတ်မှတ်တည်ထောင်ခြင်း၊ သစ်တောရေးရာစီမံခန့်ခွဲရေးနဲ့ သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနဲ့ ပုဂ္ဂလိက စိုက်ခင်တည်ထောင်ခြင်း၊ သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့် သယ်ယူရွှေ့ပြောင်းခွင့် စတဲ့ခေါင်းစဉ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
သစ်တောနည်းဥပဒေကို သစ်တောဦးစီးဌာနအနေနဲ့ ရေးဆွဲထားပြီးဖြစ်ပေမယ့်လည်း တစ်ချို့သစ်တောတွေကို စီမံအုပ်ချုပ် ထိန်းသိမ်းတဲ့အပိုဒ်မှာ အားနည်းချက်လေးတွေ ရှိခဲ့တာကြောင့် လက်ရှိသစ်တောဥပဒေကို ပြင်ဆင်ပြီး နည်းဥပဒေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ပြည်သူလူထုကို ဆွေးနွေးရှင်းလင်းတာတွေ ပြုလုပ်သွားမှာဖြစ်သလို ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ဆုံးရှုံးနစ်နာမှုမရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်းက ပြောဆိုထားပါတယ်။
သစ်တောဥပဒေ(မူကြမ်း)ကို အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနဲ့ အကြံပြုချက်တွေကို တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ခုမှာ ပြုလုပ်ပြီးပြီဆိုရင် သစ်တောရေးရာကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီးတော့ ကျွမ်းကျင်သူ စကားဝိုင်းပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
အကြံပြုချက်တွေက အကြောင်းအရာတွေက ပါသင့်၊ မပါသင့် ဘောင်ကျော်နေတဲ့ အကြံပြုချက်စတာတွေရှိမယ်ဆိုရင် ကျွမ်းကျင်သူစကားဝိုင်းမှာ ဆွေးနွေးမှာဖြစ်ပြီး ဥပဒေပညာရှင်တွေရဲ့ အကြံညဏ်တွေနဲ့ နည်းဥပဒေမူကြမ်းကို ပိုပြည့်စုံတဲ့ မူကြမ်းအဖြစ် ပြန်လည်ပြင်ဆင်သွားမယ်လို့သိရပါတယ်။