ဧရာ၀တီတိုင်းရောက် ရခိုင် စစ်‌ဘေးရှောင် ရေလုပ်သားများ ငါးဖမ်းခွင့်ကို စစ်ကောင်စီ တားမြစ်

ဧရာ၀တီတိုင်းရောက် ရခိုင် စစ်‌ဘေးရှောင် ရေလုပ်သားများ ငါးဖမ်းခွင့်ကို စစ်ကောင်စီ တားမြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းတွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ ရေလုပ်သားများ၏ ကမ်းနီးငါးဖမ်းခွင့်ကို စစ်ကောင်စီက လွန်ခဲ့သော တစ်ပတ်ကျော်ကစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု သတင်းရရှိသည်။

ထိုသို့ ပိတ်ပင်လိုက်သဖြင့် ထောင်နှင့်ချီရှိသည့် ရခိုင်မှ စစ်ဘေးရှောင်မိသားစုများ စားဝတ်နေရေးအတွက် အခက်တွေ့နေရကြောင်း ဂွဒေသခံ စစ်ရှောင်ရေလုပ်သားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ငါးဖမ်းမထွက်ရတာ ၁၀ ရက်ကျော်ရှိပြီ။ ကျနော်တို့က ရေလုပ်သားတွေ၊ ဒီပင်လယ်ပြင်ကို မှီခိုစား‌သောက်နေရတာ။ ကမ်းနီးဖမ်းနေကြတာပါ။ အခု ဒီမြို့နယ်က ရဲနဲ့ စရဖတွေက ပိတ်ပင်တားမြစ်တာ။ ရခိုင်က စစ်ရှောင်တစ်ခုထဲကို တားမြစ်တာပါ။ ‌သူတို့ဒေသခံတွေက ထွက်လို့ရတယ်" ဟု ပြောသည်။

ဂွမြို့နယ်မှ  ရေလုပ်သား စစ်ဘေးရှောင်များကို နိုဝင်ဘာလ နောက်ဆုံးအပတ်မှစ၍ ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ကို ရဲနှင့်စစ်ထောက်လှမ်းရေး (စရဖ) မှ လာရောက်တားမြစ်ထားသည်ဟု ၎င်းက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသဖြင့် အဆိုပါဒေသမှ ရေလုပ်သားများသည် ငါးဖမ်းလှေများနှင့်အတူ ဂွမြို့နယ်ကိုစွန့်ခွာကာ ပုသိမ်မြို့နယ်မှ သဘော့ကန်ချောင်း၊ ရွှေသောင်ယံမြို့နယ်ခွဲမှ မကျီးချောင်းနှင့် ချောင်းသာချောင်းတို့တွင် ဝင်ရောက်ရပ်နားပြီး ထိုချောင်းများမှတစ်ဆင့် ပင်လယ်ပြင်သို့ထွက်ပြီး ငါးဖမ်းကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြရသည်ဟု ဆိုသည်။

ယခုအခါ ရခိုင်ငါးဖမ်းလှေများကို တမင်ခွဲခြားကာ ငါးဖမ်းခွင့်တားမြစ်လိုက်ခြင်းကြောင့် မိသားစု ထောင်နှင့်ချီပြီး အခက်အခဲဖြစ်သွားကြရပြီဟု ၎င်းတို့ကပြောသည်။

နောက်ထပ် စစ်ပြေးရှောင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက "အိမ်ငှားခက နှစ်သိန်းခွဲ။ အိမ်ထောင်ဦးစီးက ရေလုပ်သား၊ အခု အလုပ်လက်မဲ့ဖြစ်သွားတော့ ကျမတို့မှာ သူများနေရာဒေသမှာ ဘယ်လိုရပ်တည်ရမှာလဲ။ ဂွမြို့က ပိုင်ဆိုင်သမျှတွေကို စွန့်လွတ်ပြီး စစ်ရှောင်လာရတာပါ။ သားသမီးတွေလည်းရှိတယ်" ဟု နိရဉ္စရာကို ပြောသည်။

စစ်ရှောင်ငါးဖမ်းသမားများကို ပင်လယ်ပြင်တွင် ငါးဖမ်းထွက်မည်ဆိုပါက စက်လှေများတွင် ငါးဖမ်းရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (VMS-Vessel Monitoring System) တပ်ဆင်ထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဧရိယာတွင် ဖမ်းရမည်ဟု စစ်ကောင်စီမှ ပြောဆိုထားကြောင်းလည်း ဒေသခံများက ပြောသည်။

ဂွဒေသခံတစ်ဦးက "အဓိက သူတို့ ရခိုင်ကလူတွေကို သံသယဖြစ်နေတာ။ ဒါကြောင့် VMS တပ်ခိုင်းတာ။ AA ဆီကို ငါးတွေသွားပို့မှာကြောက်ကြတယ်။ ကျနော်တို့က ဘာမှမ‌‌ဆိုင်ပါဘူး။ ကိုယ့်မိသားစုအတွက်ပဲ ရုန်းကန်နေတာပါ။ ငါးဖမ်းခွင့်ပြုစေချင်ပါတယ်။ VMS က ကမ်းဝေးသင်္ဘောတွေမှာ တပ်ခိုင်းတာ။ ဒါကို ကမ်းနီး တစ်ပိုင်တစ်နိုင်လုပ်စားနေတဲ့ လှေတွေမှာတပ်ခိုင်းတော့ တပ်ဖို့ အများစု ငါးဖမ်းလှေတွေက မတတ်နိုင်ကြဘူး" ဟု ပြောသည်။

ဂွမြို့နယ်မှ ရေလုပ်သားများမှာ ကျော့ပိုက်လုပ်ကိုင်သူများပြီး ကျော့ပိုက်မှာ ညအချိန် မီးထွန်း၍ ငါးဖမ်းရသည်ဟု သိရသည်။

“ကျော့ပိုက်ဆိုတာက ဒီပုသိမ်ဘက်မှာ ဖမ်းတာမျိုး သိပ်မရှိဘူး။ ရခိုင်ဘက်မှာ အဖမ်းများတယ်။ ညမှာ မီးထွန်းပြီး ဖမ်းရတာပါ။ ဒါကိုလည်း အနီးအနား သွားဖမ်းမယ်ဆို သူတို့က ဖမ်းခွင့်မပြုဘူး။ ည ၆ နာရီက မနက် ၆ နာရီ ဖမ်းခွင့်ပြုဖို့ တောင်းတာလည်း ခွင့်မပြုဘူး။ အခုကတော့ အလုပ်လက်မဲ့ဖြစ်သွားရပါပြီ” ဟု ပြောသည်။

ဂွမြို့နယ် ဆပ်သွား၊ မကျည်းငူ၊ ရဟိုင်းကူး၊ ဂွမြို့ပေါ်မှ စစ်ရှောင်လာကြသည့် ဒေသခံများမှာ ရေလုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်ကြပြီး လက်ရှိ မိသားစုများအပါအဝင် လူဦးရေ ၁၅၀၀ ခန့်မှာ ပုသိမ်မြို့နယ်၊ ချောင်းသာ၊ သဘော့ကန်၊ ရွှေသောင်ယံတို့တွင် စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်နေစဉ် မိသားစု စားဝတ်နေရေးကို ပင်လယ်ပြင်တွင် ငါးဖမ်း၍ ဖြေရှင်းနေကြစဉ် ယခုလို ငါးဖမ်းခွင့်ကို တားမြစ်ခြင်းက အခက်အခဲဖြစ်ရကြောင်း ၎င်းတို့က ပြောဆိုသည်။

ပုသိမ်မြို့နယ်တွင် ရခိုင်မှ စစ်ရှောင်လာသည့် ဂွဒေသခံ ရေလုပ်သား (၅၀၀) ကျော်နှင့်  ငါးဖမ်းစက်လှေ အစီး (၇၀) ကျော်ရှိကြောင်း သိရှိရသည်။

January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...
January 2, 2025
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊...