ရှမ်းပြည်ထဲက ရွှေနှင့်သတ္တု တူးဖော်မှုများကြောင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ရေကြီးမှုတွင်း နုန်းမြေဖုံးလွှမ်းမှု အမြင့်ဆုံးဖြစ်ခဲ့သည်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုများက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။
ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အနီး၌ ရွှေနှင့်သတ္တု တူးဖော်မှုများကြောင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် အောက်တိုဘာလအတွင်း ရေကြီးပြီးနောက် နုန်းမြေများဖုံးလွှမ်းမှု အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ထိုင်းအစိုးရဘက်က လေ့လာတွေ့ရှိထားသည်ဟု SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။
“ရေကြီးတာက မယ်ဆိုင်မှာ ဒီလိုရေကြီးတာကတော့ ခဏခဏကြီးတယ်။ ဒီနှစ်မှာက နုန်းတင်တာတွေရယ်၊ နုန်းထုက အကြီးဆုံး အထူဆုံးဖြစ်ခဲ့ပြီး ဒီနှစ်က အဆိုးဆုံးလည်းဖြစ်ခဲ့တယ်။ အရင်တုန်းကဖြစ်တယ်။ ဒါပေမယ့် ဒီလောက်မဆိုးဘူးလို့ ပြောလို့ရမယ်။ ဒါက ပညာရှင်တွေ တွေ့ရှိထားတာ ကျမတို့ သုတေသနပညာရှင်တွေရဲ့ စမ်းသပ်တွေ့ရှိချက်အရ ဒီလိုမျိုးဖြစ်တာပါလို့ ထိုင်းဘက်က ပြောတာ” ဟု ပြောသည်။
ရေကျသွားပြီးနောက် တင်ကျန်နေသည့် နုန်းမြေ အမြင့်မှာ ၄၁၀၀ ကုဗမီတာရှိပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အပြင် မြန်မာနိုင်ငံဘက်ခြမ်းက တာချီလိတ်မြို့တွင်လည်း နုန်းမြေများ ဖုံးလွှမ်းခဲ့သည်။
ထိုင်းနိုင်ငံ၏ သဘာဝအရင်းအမြစ်ဌာနကလည်း စက်တင်ဘာလအတွင်း လေ့လာတွေ့ရှိချက်အရ မယ်ဆိုင်မြို့ မြောက်ပိုင်း၊ မြန်မာ-ထိုင်း နယ်စပ်ဒေသတစ်လျှောက်က ရေကြီးရေလျှံမှုအတွင်း နုန်းမြေများတင်ကျန်မှုနှင့် မြေပြိုမှုများသည် ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ အကြီးစား ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း ပြောသည်။
ရှမ်းပြည် အရှေ့ပိုင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများသည် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်များ၏ အကျိုးစီးပွားများအတွက်သာဖြစ်သည်ဟု SHRF က ဆိုသည်။
မိုင်းဆတ်မြို့သည် ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်အတွင်း စီးဆင်းနေသည့် မယ်ဆိုင်မြစ်တွင် ရွှေနှင့်သတ္တုများ တူးဖော်နေခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် တူးဖော်မှုများ ပိုမိုမြင့်တက်လာကြောင်း SHRF ပြောရေးဆို ခွင့်ရှိသူက ပြောသည်။
ယိင်းလျန်းဟန်က “ရွှေတူးဖော်မှုလုပ်ကွက်တွေ ၂၀၂၁ နောက်ပိုင်းမှာ ပိုများလာတယ်။ ရွှေတူးတာကတော့ ၂၀၀၆ – ၂၀၀၇ ကတည်းက စပြီးတူးနေပြီ။ ဒါပေမယ့် နောက်ပိုင်းက ပိုပိုများလာတယ်။ ပိုပိုပြီးဆိုးလာတယ်။ နောက်တစ်ခုက တရားမဝင် တူးဖော်တာတွေ၊ အထိန်းအကွပ်မဲ့ တူးဖော်တာတွေ ပိုပြီးမှ ဒီ ၂၀၂၁ နောက်ပိုင်းမှာ ပိုများလာတာပါ” ဟု ပြောသည်။
ထို့အပြင် ရှမ်းပြည်ဘက်ထဲမှ မဲခေါင်မြစ်အတွင်း စီးဆင်းနေသည့် နမ့်ခုတ်၊ နမ့်လင်းမြစ်ထဲတွင်လည်း ကျောက်မီးသွေး၊ မန်းဂနိစ်နှင့် ရွှေတူးဖော်မှုတို့မှ ထွက်လာသည့် ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေက ထိခိုက်မှုများရှိလာနိုင်သည်ဟု ယိင်းလျန်းဟန်က ဆက်ပြောသည်။
“ဒေသခံတွေရဲ့ ကျန်းမာရေးပေါ့နော် ရေရှည် ဒီလိုမျိုး ဒီလိုသတ္တုတူးဖော်မှုတွေ၊ ရွှေတူးဖော်မှုတွေကနေ ထွက်လာမယ့် စွန့်ပစ်ပစ္စည်းရေတွေ၊ စွန့်ပစ်သတ္တုအညစ်အကြေးတွေနဲ့ ကြုံတွေ့နေရမယ်။ ဒီရေတွေကို သုံးစွဲနေရမယ်၊ ဒီရေတွေကို စိုက်ပျိုးရေးမှာ သုံးစွဲနေရမယ်ဆိုရင် ကျန်းမာရေးက ပိုပိုပြီးတော့မှ ဆိုးရွားလာနိုင်တယ်” ဟု ပြောသည်။
မိုင်းခုတ်ဒေသတွင်းရှိ နမ့်ခုတ်မြစ်တလျှောက်တွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီဖြစ်သည့် Sahakol Equipment Co.Ltd (SQ) နှင့် မြန်မာ ရွှေရေကန် (Golden Lake Co.Ltd) တို့ ပူးပေါင်းပြီး ကျောက်မီးသွေးတူးဖော်ရန် ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ကြသည်။
ထို့အပြင် နမ့်ခုတ်မြစ် အထက်ပိုင်း၊ မိုင်းဆတ်မြို့ တောင်ဘက်တွင် ၂၀၂၃ ခုနှစ်မှစတင်၍ တရုတ်ကုမ္ပဏီ (၇) ခု ‘ဝ’ တပ်ဖွဲ့ UWSA နှင့် ချိတ်ဆက်ကာ ရွှေတူးဖော်မှုများကို လုပ်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများမှာ ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။
ယခုနှစ် စက်တင်ဘာလအတွင်းဖြစ်ခဲ့သည့် မြန်မာ-ထိုင်း နယ်စပ်မြို့များဖြစ်သည့် မယ်ဆိုင်နှင့် တာချီလိတ်မြို့တို့က ရေကြီးရေလျှံမှုများထဲ ထောင်နှင့်ချီသောပြည်သူများ ရွှေ့ပြောင်းခဲ့ကြရသည့်အပြင် အိုးအိမ်များ၊ လမ်းတံတားများအပြင် စိုက်ပျိုးမြေများ၊ လယ်ယာများ ပျက်စီးမှု စံချိန်တင်ခဲ့သည်။
ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်ထဲ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရေကြီးမှုမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်ခဲ့သည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။