ကနီ လူသတ်မှုများ အမြန်ဖော်ထုတ်ရန် BEGSC တောင်းဆို

ကနီ လူသတ်မှုများ အမြန်ဖော်ထုတ်ရန် BEGSC တောင်းဆို
ကနီ လူသတ်မှုများ အမြန်ဖော်ထုတ်ရန် BEGSC တောင်းဆို
ကနီ လူသတ်မှုများ အမြန်ဖော်ထုတ်ရန် BEGSC တောင်းဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံနှင့် မိသားစုဝင်များ အသတ်ခံရသည့် ကိစ္စရပ်ကို အမှုမှန်ပေါ်ပေါက်အောင် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးလုပ်ဆောင်ပေးရန် အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) မှ တောင်းဆိုလိုက်သည်။

ဆရာ ဦးဝင်းဌေးနှင့် မိသားစုဝင်များ အသတ်ခံရသည်မှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်နိုင်ဘဲ ကြန့်ကြာနေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု (BEGSC) မှ ဆရာ ကျော်ရဲလွင်က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

ဆရာ ကျော်ရဲလွင်က “ဒီလိုမျိုး တော်လှန်ထိန်းချုပ် စိုးမိုးနယ်မြေတွေမှာ နောက်ထပ် ဒီလိုမျိုးအမှုတွေ မပေါ်ပေါက်ဖို့ဆိုတာ အရေးကြီးပါတယ်။ အဲဒီလို မပေါ်ပေါက်ဖို့ထက် လက်ရှိဖြစ်ပွားခဲ့ပြီးသော ဖြစ်စဉ်တွေ အမှုမှန်ပေါ်ပေါက်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ ရှုမြင်ပါတယ်” ဟု ပြောသည်။

ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာ ဦးဝင်းဌေး၊ ဇနီးသည်နှင့် ၃ လအရွယ် ကလေးအပါအဝင် မိသားစုဝင် ၃ ယောက်တို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ ညက တပုန်းကျေးရွာ နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

အသတ်ခံရသူ ဆရာ ဦးဝင်းဌေးနှင့် မိသားစုတို့ နေထိုင်ခဲ့သော တပုန်းကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး ထိုဖြစ်ရပ်အတွက် လက်မခံနိုင်သလို အမှုမှန်ပေါ်ပေါက်ရန်အတွက် အရေးကြီးသည်ဟု ဆရာ ကျော်ရဲလွင်က ဆက်ပြောသည်။

၎င်းက “ဒီလိုမျိုး တော်လှန်ထိန်းချုပ် စိုးမိုးနယ်မြေတွေမှာ လူမဆန်စွာ မတရားသတ်ဖြတ်ခံရတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ ဒီလိုမျိုး သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပါတယ်။ ရှုတ်ချပါတယ်။ ဒီလိုမျိုး ဆန့်ကျင်မှုကို နိုဝင်ဘာလထဲမှာ စာတွေထုတ်ပြန်ပြီးမှ ဆန့်ကျင်ခဲ့ကြတာတွေ ရှိပါတယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနကလည်း ထိုဖြစ်စဥ်အား အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများ အားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သို့သော် လက်ရှိအချိန်ထိ ထိုအမှုကို ဖြေရှင်းမှုများ မရှိသေးသောကြောင့် CDM ပညာရေးဝန်ထမ်းများမှာ မလုံခြုံမှုများ ခံစားနေရသည်ဟု ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ ဒီလိုမျိုးဖြစ်စဉ်တွေ၊ အလားတူဖြစ်စဉ်တွေ ကျနော်တို့ရှေ့မှာ မပြီးမပြတ်ဘဲနဲ့ ကြန့်ကြာနေတဲ့အရာလည်း ရှိပါတယ်။ အဲတော့ ကျနော်တို့ မြေပြင်မှာ သွားလာလှုပ်ရှားနေကြတဲ့ ကြားကာလပညာရေး ဖော်ဆောင်နေကြတဲ့သူတွေဟာ မလုံမခြုံသောစိတ်တွေဖြစ်ပြီးတော့ ခံစားနေရပါတယ်”

အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာလ ၄ ရက်နေ့ တစ်လပြည့်နေ့တွင် မြေပြင်နှင့် Online လှုပ်ရှားမှုကို ပြုလုပ်သွားမည်ဟု (BEGSC) မှ ထုတ်ပြန်ထားသည်။

ယခုနှစ် ဇူလိုင်လဆန်းကလည်း တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် (၁၆) နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦးဆိုသူ အသတ်ခံခဲ့ရပြီး ထိုအမှုမှာလည်း ယနေ့အချိန်ထိ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးဟု ဒေသခံများက ဆိုသည်။

Most read this week

January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...
January 7, 2025
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ...
December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...