(၂၀၁၉ခုနှစ်၊ ဧပြီလ ၁၃ရက်) - ယခုအခါ တိုင်းရင်းသားလူမျိုးများရေးရာ အခွင့်အရေးအချို့ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိလာတဲ့အပေါ် တချို့က အကောင်းမြင်လွန်းသောစိတ်နဲ့ ပိုတွက်ကြပြီး တချို့ကတော့ သတိကြီးသော သံသယအမြင်နဲ့ အကဲခတ်နေကြပါတယ်။ ဒီနေရာ မှာ သတိကြီးသော သံသယအမြင်ဟာ အကောင်းမြင်လွန်းသောစိတ်နဲ့ ပိုတွက်တာထက် ပိုမိုပြီး လက်တွေ့ကျပါတယ်။
တကယ်တော့ မျက်မှောက်ဖြစ်ထွန်းလာသမျှ ဖြစ်စဉ်ဖြစ်ရပ်များနဲ့ပတ်သက်လာရင် လက်တွေ့ အခိုင်အမာ အချက်များ အရလည်းကောင်း၊ သမိုင်းလက်တွေ့သင်ခန်းစာများအရလည်းကောင်း ဆန်းစစ်သုံးသပ်ကြဖို့သာဖြစ်ပါတယ်။ သို့မှသာ အဖြစ် မှန်နဲ့ နီးစပ်သောအဖြေကို ကျနော်တို့ ရရှိနိုင်ပါလိမ့်မယ်။
ဒီကနေ့မှာ ရရှိလာတယ်ဆိုတဲ့ တိုင်းရင်းသားရေးရာ အခွင့်အရေးအချို့ဆိုတာဟာ စစ်မျက်နှာ နှစ်ရပ်ကနေ အနိုင်မခံ အလျော့မပေးစတမ်း တိုက်ပွဲဆင်မှုတွေကြောင့် မလွဲမသွေရရှိလာတာပါ။ ပထမစစ်မျက်နှာက လက်နက်ကိုင် ခုခံတော်လှန်ရေး စစ်မျက်နှာဖြစ်ပြီး ဒုတိယ စစ်မျက်နှာကတော့ ပြည်တွင်းလူထုအုံကြွမှု (ကြီး – လတ် – ငယ်) များပဲဖြစ်ပါတယ်။ ဒီကနေ့မှာ ရရှိ လာတယ်ဆိုတဲ့ တိုင်းရင်းသားရေးရာ အခွင့်အရေးအချို့ဆိုတာဟာ ဒီစစ်မျက်နှာ နှစ်ရပ်ကနေ အသက်သွေးချွေးများနဲ့ ပေးဆပ် ပြီး တိုက်ပွဲဆင်မှုများရဲ့ တိုက်ရိုက် အကျိုးရလဒ်ပဲဖြစ်ပါတယ်။ အုပ်စိုးသူများက စေတနာနဲ့ ပေးကမ်းစွန့်ကြဲလို့ ရရှိလာတာ လုံးဝ မဟုတ်ပါဘူး။ ဒီအချက်ကို ဘယ်တော့မှ မျက်ခြည်ပြတ်လို့ မဖြစ်ပါဘူး။
ဒီလို စစ်မျက်နှာ နှစ်ရပ်ကနေ တိုက်ပွဲသဏ္ဍာန်မျိုးစုံနဲ့ အဆင့်ဆင့်သော အရေးဆိုမှုတွေ၊ တိုက်ပွဲတွေကြောင့် အုပ်စိုးသူ လူတန်းစားတွေဟာ နဂိုအတိုင်း ဆက်လက်အုပ်စိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ သူတို့ အုပ်စိုးမှုနည်းနာထဲက တချို့အစိတ် အပိုင်းတွေကို မလွဲမသွေ ပြင်လာ၊ ပြောင်းလာရပါတော့တယ်။ ဒီအချက်ကိုလည်း မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ သတိမပြတ်ဖို့ လိုပါတယ်။
အုပ်စိုးသူ လူတန်းစားက နဂိုအတိုင်း ဆက်လက်အုပ်စိုးဖို့ မဖြစ်နိုင်တော့တဲ့အတွက် တစိတ်တပိုင်း အပြောင်းအလဲ အပေါ်ယံ အပြောင်းအလဲတချို့ကို အောက်ပါ ရည်ရွယ်ချက်နှစ်ရပ်နဲ့အတူ လုပ်ဆောင်လာပါတော့တယ်။
ပထမအချက်က သူတို့ အုပ်စိုးမှု အနှစ်သာရကို နဲနဲမှ အထိပါးမခံရဖို့နဲ့ ဒုတိယက ရေရှည်အကျိုးစီးပွားရေး ထိန်းသိမ်း ကာကွယ်တိုးချဲ့ဖို့ဆိုတဲ့ အခြေခံပေါ်ကနေ အချိုသပ်ဖို့ ချခင်းလာတဲ့ ပရိယာယ်ဝေဝုစ်တွေမျှသာ ဖြစ်တယ်ဆိုတာပါပဲ။ ဆိုရှယ် လစ်စနစ် ရေပန်းစားတဲ့ ခေတ်ကာလမှာ “အတုအယောင်ဆိုရှယ်လစ်” မျက်နှာဖုံးတပ်ပြီး လှည့်စားသလို ဒီမိုကရေစီ ရေပန်း စားတဲ့ခေတ်ကာလမှာ “အတုအယောင်ဒီမိုကရေစီ” နဲ့ မျက်လှည့်ပြတာပါပဲ။ “အတုအယောင်ဆိုရှယ်လစ်မျက်နှာဖုံး”ကို ပြည်သူ တွေ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနဲ့ ဆုတ်ဖြဲပစ်လိုက်တော့ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” ဆိုတဲ့ မျက်နှာဖုံး ကို ကောက်စွပ်လာကြပြန်ပါတယ်။ အခုတော့ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” ဆိုတဲ့ မျက်နှာဖုံးကို စွန့်ပယ်လိုက်ကြပြီး လူမျိုးရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး “အမျိုးသားနိုင်ငံရေး” ဆိုတဲ့ မျက်နှာဖုံးကို စွပ်ထားပါတယ်။
သေချာတာကတော့ အပေါ်ယံမှာ ဘယ်လို မျက်နှာဖုံးပဲစွပ်ထားထား၊ ဘယ်လိုဝတ်စုံပဲ ဝတ်ဆင်ထားပါစေ ပင်ကိုယ် အနှစ်သာရဖြစ်တဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အုပ်စိုးမှု ဆိုတဲ့အစွယ်နဲ့ အဆိပ်အတောက်တွေကို တာရှည် ဖုံးကွယ်နိုင်စွမ်း မရှိတော့တဲ့ အချက်ဖြစ်ပါတယ်။ သူတို့မှာ နောက်ဆုံးကျန်နေတဲ့ ခံကတုတ်ကတော့ စစ်တပ်ကြီးကို တစ်လက်ကိုင် လုပ်ထားနိုင် သေးတဲ့အချက်ပဲ ကျန်ပါတော့တယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ထည့်ပြောစရာလေးတစ်ခုကို ပြောပါရစေ။ တချိန်က (နဝတ-နဖအ) စစ်အစိုးရအုပ်စိုးစဉ် မှာ ဓားထက်မိုးကောင်းခဲ့တဲ့ ဗိုလ်ခင်ညွန့်ကို ဖယ်ရှားပြီး စစ်ကောင်စီရဲ့ အင်္ဂါစဉ် “နံပတ် ၃နေရာ” မှာ ရှိတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ် ကြီးဟောင်း ဗိုလ်ရွှေမန်းရဲ့ ပြောကြားချက်ပဲ ဖြစ်ပါတယ်။ ဘီဘီစီနဲ့ အင်တာဗျူးမှာ သူက အခုလို ထည့်သွင်းပြောသွားတာ ရှိပါတယ်။
“တပ်မတော်ကို အလွဲသုံးစား မလုပ်ပါနဲ့၊ တပ်မတော်ကို အလွဲသုံးစားသဘောနဲ့ မပြောပါနဲ့”တဲ့။ ဒီစကားကို ကြားတာနဲ့ ချက်ချင်းပဲ ၁၉၈၈ အရေးတော်ပုံကြီး ဒီရေမြင့်လာကာစကာလမှာ ဗိုလ်အောင်ကြီး ပြောခဲ့တဲ့ “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” ဆိုတဲ့စကားကို သွားသတိရမိပါတယ်။ ဗိုလ်အောင်ကြီးကလည်း တော်လှန်ရေးကောင်စီမှာ “နံပတ်နှစ်”နေရာ ရခဲ့ဖူး သူဖြစ်တယ် မဟုတ်လား။ ဗိုလ်ရွှေမန်းပြောစကားက ဗိုလ်အောင်ကြီးပြောသလို တုံးတိ မဟုတ်ဘူး။ အကြောင်းသိချင်း ပြောတဲ့ စကားဖြစ်တယ်။
ရွဲကုန်သည် ရွဲကစားသလို ဗိုလ်ရွှေမန်းစကားလုံးတွေ၊ စကားသုံးတွေက အခြေအနေမဟန်ရင်လည်း ဖော့ပစ်၊ လျောချ ပစ်လို့ ရသေးတယ်။ ခေတ်စကားနဲ့ဆိုရင် အရူးကွက်နင်းလို့ရတယ်။ ဒါပေမယ့် မြွေ – မြွေချင်းတော့ ခြေမြင်တယ်ဆိုတဲ့ စကား လိုပေါ့။ ဗိုလ်ရွှေမန်းရဲ့ ဒီပြောစကားဟာ လက်ရှိစစ်တပ်ထဲက စစ်ဗိုလ်ချုပ်ထိပ်သီးတွေအဖို့တော့ အနာပေါ်တုတ်ကျတဲ့ စကား ဖြစ်တယ်။ ပြီးတော့ နာတာကို အသံကျယ်ကျယ်နဲ့ အော်ဟစ်ငြီးတွားလို့ မရတဲ့ အနေအထားလည်းဖြစ်ပြန်တယ်။
“တပ်မတော်ကို အလွဲသုံးစား မလုပ်ပါနဲ့။ တပ်မတော်ကို အလွဲသုံးစားသဘောနဲ့ မပြောပါနဲ့”လို့ ဆိုတဲ့စကားဟာ စီနီယာက ဂျူနီယာတွေကို သတိပေးသလိုလို၊ တပ်မတော်မှာ နှစ်ပေါင်း ၄၅နှစ် တာဝန်ထမ်းဆောင်လာသူက တပ်မတော်ကို သံယောဇဉ်ရှိသူက ဆုံးမသြဝါဒ ပေးသလိုလို ပြောလိုက်တဲ့ အချက်ပါပဲ။ ဒီစကားရဲ့ မြားဦးက “စစ်တပ်မှာ တာဝန်ထမ်းဆောင် ဆဲ ထိပ်သီးတွေနဲ့ တပ်ကနေ အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီထဲက ထိပ်သီးတွေ”ကို ဦးတည်နေတာဖြစ်တယ်လို့ ယူဆရင် လည်း ရနိုင်ပါတယ်။
ဒါကြောင့် ပြန်တည့်ရရင် အုပ်စိုးသူလူတန်းစားမှာ ပကတိအားဖြင့် တိုင်းရင်းသားလူမျိုးရေးရာအခွင့်အရေးတွေအပေါ် သွေးရိုးသားရိုး သဘောရိုးသာ ရှိရိုးမှန်ရင် အခုလို မီးစတဖက် ရေမှုတ်တစ်ဖက် ဘယ်လုပ်နေမှာလဲ။ အခုတော့ အင်အားကြီးတဲ့ “ဝ”ကို ချိုထားချိန်မှာ ကရင်နဲ့ မွန်ကို ခွေထားပြီး ရခိုင်ဖက်မှာ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ ထိုးစစ်ဆင်နေတယ်။ ကချင်ကို ဝိုင်းပတ်ထားတယ်။
ဒီလိုလက်တွေ့ အထင်အရှား ပြုမူနေတဲ့အချက်တွေကို ဖြတ်သန်းလာတဲ့ သမိုင်းမှာ ခါးသီးနာကျည်းဖွယ် ကြုံခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ ဆက်စပ်ကြည့်လိုက်တော့ ဖက်ဒရယ်ဆိုတာကို တချိန်က လုံး၀ ဆန့်ကျင်ခဲ့ပြီး ခွဲထွက်ရေးလို့ သရုပ်ဖျက် သတ်မှတ်ခဲ့ကြသူတွေက ပြောလာနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို ဘယ်သူက ရဲရဲယုံဝံ့မှာလဲ။
ဒါ့အပြင် (RCSS) နဲ့ (SSA/SSPP) တိုက်နေတာ၊ (RCSS) နဲ့ (TNLA) တိုက်ပွဲတွေဖြစ်နေတာကို သူတို့ဖက်က ဖော် ထုတ်ဖွင့်ချလာနေပါတယ်။ ဒီလို အချင်းချင်း တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်စဲပစ်ဖို့လိုအပ်ပါတယ်။ ဒီလိုတိုက်ခိုက်နေတာ ဟာ နိုင်ငံရေးအရ၊ စစ်ရေးအရ ဘယ်လို အကျိုးဆက်ကောင်းမှ မရရှိနိုင်ပါဘူး။
၂၀၀၈ အခြေခံဥပဒေထဲက “ပုဒ်မ ၂၆၁”ကို ပြင်ဆင်နိုင်ရုံမျှနဲ့ “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးစောင့် ရှောက်သည့် ဥပဒေ” ပြဋ္ဌာန်းထားနိုင်ရုံမျှနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး မနီးစပ်နိုင်သေးပါဘူး။ အင်မတန်မှ ခရီးဝေးပါသေး တယ်။ ဒါတွေကို လှေကားထစ်သဖွယ်တက်သွားပြီး အရင်းခံဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ဋ္ဌာန်းခွင့် ပီပီပြင်ပြင် ရရှိရေးအထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားကြရမှာဖြစ်ပါတယ်။
လူမျိုးတစ်မျိုးရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြားလူမျိုးတစ်မျိုးက တားဆီးကန့်သတ်ပိတ်ပင်ထားလို့ ရကောင်းတဲ့အရာ မဟုတ်ပါဘူး။ အခုတော့ “၂၀၀၈ အခြေခံဥပဒေ”ဆိုတဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်”ထဲ ဝင်သွား သူတွေ၊ တခုတည်းသော ထွက်ရပ်လမ်းလို့ ဆိုနေတဲ့ “(NCA )စာချုပ်ဘောင်”ထဲ ဝင်သွားကြသူတွေ သူတု့ိဝင်သွားတဲ့ ဘောင်ထဲ မှာ ရှေ့ဆက်မရဘဲ တစ်ဆို့နေပါတယ်။
ဒီတစ်ဆို့မှုတွေရဲ့ အရင်းခံဇစ်မြစ်ဟာ “၂၀၀၈ အခြေခံဥပဒေ၊ တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူ ၆ချက်” ဖြစ်ပါတယ်။ တန်း တူညှိနှိုင်းဆွေးနွေးလိုမှုမရှိတဲ့ တစ်ဖက်သတ် သဘောထားတွေ၊ အသေဆုပ်ကိုင်ထားတဲ့ မူဝါဒပေါ်လစီတွေကို မဖျက်သိမ်း ဘဲ ရှေ့ခရီးဆက်နိုင်လိမ့်မယ် မဟုတ်ပါဘူး။