မွန်တိုင်းရင်းသား အဆိုတော် ဇွဲလေး

မွန်တိုင်းရင်းသား အဆိုတော် ဇွဲလေး

ကိုယ်ပိုင် ဖန်တီးထားတဲ့ Rap သီချင်းအခွေတွေ ရောင်းရတဲ့ ငွေတွေနဲ့ မွန်ပြည်နယ်မှာရှိတဲ့ စာသင်ကြားခွင့်မရဘဲ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်တွေအတွက် လှူဒါန်းသွားမယ်ဆိုတဲ့ မွန်တိုင်းရင်းသား အဆိုတော် ဇွဲလေး

မေး။ ။ ညီလေးအနေနဲ့ အခုလို သီချင်းခွေ ထုတ်ဖို့အတွက် ဘယ်လောက်အချိန်ယူခဲ့ရလဲ။ ဒီ ဂီတအနုပညာအလုပ်ကို ဘယ်အချိန်ကတည်းက လျှောက်လှမ်းခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ဒီအခွေထုတ်ဖို့အတွက် ၃ နှစ်လောက်အချိန်ယူခဲ့ရတယ်။ စိတ်ကူးထားတာတော့ ဂီတလမ်းကို လျှောက်လှမ်းခဲ့တာ ၉ နှစ်ကျော်ခဲ့ပါတယ်။

မေး။ ။ အခုထွက်ရှိတဲ့ သီချင်းတွေထဲမှာ ဘယ်သီချင်းကို အကြိုက်နှစ်သက်ဆုံးလဲ။

ဖြေ။ ။ဒီသီချင်းအခွေထဲမှာေတာ့ ၁၀ ပုဒ်ပါတယ်။ အားအရဆုံးသီချင်းကတော့ “ဖိတ်ခေါ်ပါရစေ ရာမညမြေ” ဆိုတဲ့ သီချင်းကို တော်တော်လေးကို အားရပါတယ်။

မေး။ ။ ညီလေးအနေနဲ့ ခုထွက်ရှိတဲ့ သီချင်းခွေ ရောင်းချရတဲ့ ငွေတွေကို ကိုယ့်ပြည်နယ်အတွင်းမှာ အခက်အခဲဖြစ်နေတဲ့ စာသင်ကြားခွင့် မရရှိတဲ့ ကလေးတွေကို ထောက်ပံ့ပေးမယ်လို့ သိရတယ်။ ဘာကြောင့် အခုလို စိတ်ကူးမိခဲ့တာလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ အချို့တွေက ခွေထုတ်ပြီး စီးပွားရှာကြတယ်။ ကိုယ်ကျိုးအတွက်လုပ်ကြတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ပြည်နယ်ကို ချစ်တယ်။ ဘီလူးကျွန်းသားတစ်ယောက်ဆိုတော့ ဒီမှာရှိတဲ့ ကလေးတွေအကြောင်း ထဲထဲဝင်ဝင် လေ့လာသိရသလောက်တော့ ငွေကြေးမတတ်နိုင်လို့ စာသင်ကြားခွင့် မရတဲ့ ဒီကလေးတွေအတွက် အနုပညာရှင်တစ်ဦးအနေနဲ့ ဘာတွေထောက်ပံ့ပေးနိုင်မလဲဆို စဉ်းစားမိပြီး ဒီလိုအခွေထုတ်ပြီး ကျွန်တော့်ကိုယ်ကျိုးအတွက် မလုပ်ဘဲ ပြည်နယ်အတွက် အထောက်အပံ့ဖြစ်မယ့်ဟာ လုပ်ဖြစ်သွားတာပါ။ ဒီအခွေထုတ်ပြီး ရောင်းရတဲ့ ပိုက်ဆံတွေကို လှူသွားမယ်ဆိုပြီး အခုလိုလုပ်ဖြစ်သွားတာပါ။

မေး။ ။ အနုပညာဂီတအမျိုးအစားတွေ အများကြီးရှိရဲ့သားနဲ့ ဘာကြောင့် ဒီ Rap ဂီတဘက်ကို ရွေးချယ်ခဲ့တာလဲ။

ဖြေ။ ။ ကျွန်တော်ငယ်ငယ်တုန်းက ၄ တန်း ၅ တန်းကျောင်းသားဘဝကတည်းက မြန်မာနိုင်ငံမှာ Rap ဂီတ စပေါ်လာတယ်။ အဲဒီမှာ ကျွန်တော်တို့ နားထောင်ဖူးတဲ့ သီချင်းတွေအများကြီးထဲက ဂီတဆန်းသစ်မှုတစ်ခုဖြစ်နေတော့ ဒီသီချင်းတွေကို လိုက်လေ့လာတယ်။ ဆိုကြည့်တယ်။ ကျွန်တော်တို့လူငယ်တွေနဲ့ အဆင်ပြေတယ်ဆိုပြီးတော့မှ အဲဒီ ဂီတကို ရူးသွပ်သွားတယ်။ ရူးသွပ်သွားတဲ့ နောက်ပိုင်းမှာ အဲဒီ Rap ဂီတ အနုပညာဖန်တီးတဲ့ လူတစ်ဦးအဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တယ်။

မေး။ ။ ညီလေး အခု ဂီတအနုပညာလောကကို လျှောက်လှမ်းတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာရှိလဲ။ ရှိခဲ့တဲ့ အခက်အခဲတွေကိုရော ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့လဲ။

ဖြေ။ ။ ရင်ဆိုင်နေခဲ့ရတဲ့ အခက်အခဲကတော့ ခုခေတ်အချိန်ခါမှာ အော်ဒီယို စီဒီထုတ်တာဆိုတော့ ခုဂီတလောကမှာ နည်းနည်းတော့ပျောက်သွားပြီ။ အဓိကတော့ ပရိသတ်နဲ့ ထိစပ်မှုပေါ့။ ဒီပရိသတ်နဲ့ ထိစပ်မှုနဲ့ ကျွန်တော်တို့က နည်းနည်း အလှမ်းဝေးသွားခဲ့တယ်။ ဘာလို့ဆိုရင် အင်တာနက်ကနေပြီးတော့ သီချင်းတွေပြန့်နေပြီး ပရိသတ်တွေ ဘယ်လောက်အထိ အားပေးမှုရှိလည်း မရှိလည်းဆိုတာ ကျွန်တော်တို့ မသိရဘူး။ နောက်တစ်ခု ကျွန်တော်က အလုပ်တစ်ဖက်နဲ့ဆိုတော့ အချိန်လေးတွေ ဟသွားပြီး ဒီအနုပညာ ဂီတဘက် လွတ်သွားတာတွေ ရှိတာပေါ့။ အဲဒီမှာ အချိန်မနည်းရအောင်ပြန်လုပြီး ဒီအခွေလေး ထုတ်ဖြစ်ခဲ့တာပါ။

မေး။ ။ ဂီတ အနုပညာအပြင် တခြား ဘာအလုပ်တွေ လုပ်နေတာလဲဆိုတာ ပရိသတ်သိအောင် ပြောပေးပါဦး။

ဖြေ။ ။ တခြား အလုပ်ဆိုတာ SKY NET မီဒီယာမှာလုပ်တာပါ။ အဲဒီအလုပ်မှာ ပိတ်ရက်ဆိုရင် ကျွန်တော် သီချင်းသွားသွင်းတယ်။ ဂျူတီထွက်ပြီးတာနဲ့ မအိပ်ဘဲ သီချင်းသွင်းပြီးမှ နားတယ်။ အဲဒီလိုအချိန်လုပြီး သွားနေရတယ်။

မေး။ ။ ညီလေးအနေနဲ့ ရှေ့ဆက် ဂီတအနုပညာနဲ့ပတ်သက်ပြီး ဘာတွေ ထပ်ပြီး လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။ ။ ရှေ့ဆက်ပြီး ကျွန်တော် အော်ဒီယို စီဒီ ထွက်ပြီးသွားရင် MTV ထွက်ဖို့ ထပ်လုပ်နေပါတယ်။ ပရိသတ်တွေ ဘယ်လောက်ာအားပေးမှုရှိတယ်ဆိုတာ သိပြီးရင် ဒီနှစ်အတွင်းမှာ MTV ဆက်လုပ်ဖို့ရှိပါတယ်။ နောက်ပြီး “တူတူတန်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ အချစ်ဇာတ်လမ်း ဟာသဇာတ်လမ်းတွေ ရိုက်ထားတယ်။ နောက်ထပ် သရုပ်ဆောင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အနုပညာနဲ့ ပတ်သက်တာမှန်သမျှ ဆက်ပြီး လုပ်သွားဖို့ရှိတယ်။

မေး။ ။ ညီလေးအနေနဲ့ ဒီသီချင်းခွေကို မွန်ပြည်နယ်မှာ လာရောက်မိတ်ဆက်တာ ဘယ်နှကြိမ်ရှိပြီလဲ။

ဖြေ။ ။ ကျွန်တော့်အနေနဲ့ ဒါပထမဦးဆုံးအကြိမ် ကျွန်တော့် သီချင်းခွေကို လာရောက်မိတ်ဆက်တာဖြစ်ပါတယ်။

မေး။ ။ ညီလေးအနေနဲ့ မွန်ပြည်နယ်က ပရိသတ်တွေနဲ့ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းေတွကို ပြောချင်တဲ့ စကားလက်ဆောင်များရှိရင် ပြောပါဦး။

ဖြေ။ ။ ကျွန်တော့်ပြည်နယ်ကို ကျွန်တော်ပြန်လာရတဲ့ အတွက် အရမ်း ဝမ်းသာပျော်ရွှင်ပါတယ်။ ဒီမှာ ပရိသတ်တွေကို လာရောက်ဖျော်ဖြေခွင့်ရတယ်ဆိုတာေမာ်လမြိုင်၊ မင်းရွာမှာရှိတဲ့ Water World က တာဝန်ရှိသူတွေက လိုလေသေးမရှိ ကူညီပေးကြလို့ပါ။

ပရိသတ်တွေထဲမှာက ကျွန်တော်ကို ချစ်တဲ့သူတွေရှိသလို မုန်းတဲ့သူတွေလည်းရှိမှာပါ။ ကျွန်တော့်အနေနဲ့ အားလုံးကို ချစ်ပါတယ်။ ဘယ်သူ့ကိုမှ အချစ်တွေမလျော့သွားပါဘူး။ ပြည်နယ်မှာရှိတဲ့ မွန်လူမျိုးဖြစ်ဖြစ် အခြားတိုင်ရင်းသားတွေပဲ ဖြစ်ဖြစ် အကုန်လုံးကိုချစ်နေ မှာပါ။

ကျွန်တော် အားတဲ့အချိန်မှာ အနုပညာတွေလုပ်မယ်။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမားခြင်းနဲ့ ပြည့်စုံကြပါစေ။ ဒီထက်မကလည်း ကျွန်တော့်ကို သတိရပြီး အားပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

ပြည်နယ်မှာရှိတဲ့ အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို ဒီအခွေရောင်းရတဲ့ ပိုက်ဆံတွေ လှူသွားမယ်။ အခုလို အခွေတွေရောင်းရတဲ့ ငွေပမာဏက အရမ်း နည်းနေသေးတယ်ဆိုရင်လည်း နောက်ပွဲတွေကရတဲ့ ငွေနဲ့ ထပ်ဖြည့်ပြီး လှူဒါန်းပေးသွားမယ်။ လာမယ့် မေလပိုင်းလောက်မှာလည်း ဘီလူးကျွန်းမှာ ရန်ပုံငွေအတွက် ပွဲတစ်ခုလုပ်ဖို့ရှိပါတယ်။ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...