မွန်အမျိုးသားနေ့နှင့် သူတို့ အသံ

မွန်အမျိုးသားနေ့နှင့် သူတို့ အသံ
အခမ်းအနားမတိုင်မီ ဖေဖော်ဝါရီ ၁၉ ရက်ည မြင်ကွင်းတစ်ရပ်။
အခမ်းအနားမတိုင်မီ ဖေဖော်ဝါရီ ၁၉ ရက်ည မြင်ကွင်းတစ်ရပ်။

ဖေဖော်ဝါရီ ၂ဝရက်တွင် ပဲခူးမြို့၌ ကျင်းပမည့် (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့နှင့် ပတ်သက်ပြီး မွန်ပြည်နယ်အတွင်းမှ ဒေသခံတိုင်းရင်းသားများ၏ အသံများကို ဟင်္သာမီဒီယာက အခမ်းအနားမတိုင်မီ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

( ၇၂- ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ)

ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က သုံးချက်ပေါ့နော်။ မွန်တိုင်းရင်းသားဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းမယ်။ ဖော်ထုတ်မယ်။ မြှင့်တင်မယ်။

နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ ဇာတိသွေး ဇာတိမာန် တက်ကြွနှိုးကြားပြီးတော့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့ပေါ့။ တတိယအချက်ကတော့ ပြည်ထောင်စုမှာ မွန်အမျိုးသားတန်းတူညီမျှရရှိဖို့ပါ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ရယ်ပေါ့။

ဒီနှစ်က ထူးထူးခြားခြားပေါ့လေ။ လွန်ခဲ့တဲ့နှစ်တွေကတည်းက ပဲခူး(ဟံသာဝတီ)မှာ မွန်အမျိုးသားနေ့ ဗဟိုကို လုပ်ဖို့အတွက် ဦးတည်ချက်ရှိခဲ့တယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ မွန်အမျိုးသားနေ့ ဖြစ်တည်ရာနေရာမှာ လာလုပ်တဲ့အတွက် တကယ့်ကို အမျိုးသားနိုင်ငံရေး အနှစ်သာရရှိရှိနဲ့ ကျင်းပဖို့ စိတ်အားထက်သန်ခဲ့တာပေါ့။ တစ်နှစ်နဲ့ တစ်နှစ်က ပိုပြီးစည်ကားမှုရှိတယ်။ ကျွန်တော်တို့က (၄၉)ကြိမ်မြောက်ကနေ စပြီးတော့ ဗဟိုကော်မတီဖွဲ့ခဲ့တယ်။

ဖွဲ့ပြီးတာနဲ့ ဆယ်နှစ်တိုင်တိုင် မွန်ပြည်နယ်မှာပဲ အတည်တကျ ကျင်းပခဲ့ကြတယ်။

(၆၁)ကြိမ်မြောက်ကနေပြီးတော့ မွန်အမျိုးသားနေ့ အခမ်းအနားက မော်လမြိုင်ကနေပြီးတော့ ထွက်ခွာခဲ့တယ်။ အဲလိုထွက်လာခဲ့တော့ ကရင်ပြည်နယ်မှာလည်း လုပ်ဖြစ်တယ်။

ကော့ဘိန်းမှာလုပ်တယ်။ ဇာသပြင်မှာလုပ်တယ်။ ကျွန်တော်တို့က မြို့တွေကို လှည့်ပြီးတော့ တချို့မြို့တွေမှာဆိုရင် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နှစ်ကြိမ်တောင်လုပ်ခဲ့တယ်။

ရေးမှာဆိုရင် ရေးမြို့နယ်မှာ တစ်ခါ၊ လမိုင်းမှာ တစ်ခါလုပ်ခဲ့တယ်။ မုဒုံမှာဆိုရင် မြို့ပေါ်မှာ တစ်ကြိမ်၊ ကမာဝက်မှာ တစ်ကြိမ်၊ ချောင်းဆုံမှာလည်း လုပ်တယ်။

ဒီနှစ်မှာကျတော့ ကျွန်တော်တို့က ဟံသာဝတီကို ချီဖို့က အချိန်အခါကောင်းဖြစ်တယ်။ ဒါကြောင့်မို့လို့ မွန်တို့ရဲ့ အမျိုးသားနေ့အပေါ်မှာ စိတ်ဝင်စားမှုက တော်တော်လေးကို မြှင့်တက်လာတဲ့အပိုင်းတော့ ရှိတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပေါ့။ ဒီနှစ်ပဲခူးမှာ လုပ်တဲ့အခါ ကျွန်တော်တို့အတွက် စိန်ခေါ်ချက်တော့ရှိတယ်။ ကျွန်တော်တို့ရဲ့ အင်အားက မွန်ပြည်နယ်မှာရှိနေတယ်။ ပဲခူးမှာက ရှိတော့ရှိတယ်။ ဒါပေမဲ့ အပြည့်အဝတော့ မဟုတ်ဘူးပေါ့။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ လုပ်တုန်းကတော့ တော်တော်များများက စိတ်ဝင်စားတယ်။ လာရောက်ကြတယ်။ မွန်တို့ရဲ့ ဌာနေ ပဲခူး(ဟံသာဝတီ)မှာ မြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်အတိုင်း အဲဒီနေရာမှာ မွန်အမျိုးသားနေ့ လုပ်ရတာကိုက တကယ်ကို တန်ဖိုးကြီးလှတယ်။ ဂုဏ်ယူပါတယ်။

ပဲခူး(ဟံသာဝတီ)မှာလုပ်တဲ့အခါကျတော့ ကျန်တဲ့တိုင်းရင်းသားတွေအတွက်ပေါ့။ အခုရှိနေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးမှာ နေတဲ့ ဒေသခံတွေပေါ့။ သူတို့က အဆက်စပ်မရှိပေမယ့်် ကိုယ့်မြို့နယ်မှာ လုပ်ခွင့်ရှိတယ်။ လုပ်လည်းလုပ်နိုင်တယ်ဆိုတဲ့ စိတ်မျိုးပေါ့။

ပဲခူး(ဟံသာဝတီ)မှာလုပ်မယ့် ၇၂ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားပေါ့နော်။ ကျွန်တော်တို့ မွန်တိုင်းရင်းသားတွေရယ်။ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရယ်။ နောက် ပြည်ထောင်စုမှာ မဟုတ်ဘဲ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မွန်လူမျိုးတွေရယ်။ မွန်လူအမျိုးအပေါ်မှာ ကူညီရိုင်းပင်းနေကြတဲ့ တိုင်းရင်းသားတွေလည်း မပျက်မကွက် တက်ရောက်ကြဖို့ ကျင်းပရေးကော်မတီကိုယ်စား ဒုတိယဥက္ကဋ္ဌတစ်ယောက်အနေနဲ့ အလေးအနက် ပြောကြားချင်ပါတယ်။

နိုင်လယီတမ (ညီညွတ်သောမွန်ပါတီ တွဲဖက်အတွင်းရေးမှူး- ၁)

(၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ ၊ဒီနှစ်ကတော့ ထူးခြားတဲ့နှစ်ပေါ့။ ထူးခြားတယ်ဆိုတာက မွန်လူမျိုးတို့ရဲ့ တကယ့်ရာဇဌာနေဖြစ်တဲ့ ဟံသာဝတီမှာ ကျင်းပနိုင်တာက တကယ့်ထူးခြားတဲ့ အခြေအနေတစ်ခုပါပဲ။ ထူးခြားတဲ့ အခြေအနေမှာ ကျွန်တော်တို့ မွန်တိုင်းရင်းသားတွေ ဟိုအရင့်အရင်က ရှိခဲ့တဲ့ ရာဇဌာနေ ဟံသာဝတီနိုင်ငံတော်ကို ပြန်လည်အောက်မေ့ခွင့် သတိရခွင့် ရအောင် မွန်တစ်မျိုးသားလုံးက မွန်အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ကြဖို့ တိုက်တွန်းပါတယ်။

ဒီလို ထူးထူးခြားခြားကျင်းပတဲ့ နှစ်တစ်နှစ်မှာ လူငယ်တွေကလည်း အင်တိုက်အားတိုက် ပါဝင်တက်ရောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒေါက်တာ မောင်မောင်ဦး (စာရေးဆရာ မောင်နောင်မွန်)

လူငယ်တွေအမြင်နဲ့ပြောရရင်တော့ ဒီလိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာ ကြိုဆိုရမှာပေါ့။ လက်ဆင့်ကမ်းပေးသင့်တဲ့တာဝန်တစ်ခုပဲလေ၊ ဒီဘက်ခေတ်မှာ လူငယ်တွေကိုနေရာတစ်နေရာပေးလာတယ်လို့ယူဆပါတယ်။ ခုဆိုမွန်လူငယ်တွေက မိမိတို့ယဉ်ကျေးမှုနဲ့အမှတ်လက္ခဏာတွေကို တန်ဖိုးထားတတ်လာကြတယ်၊ ပိုမိုမြတ်နိုးလာကြတယ်။ ကျွန်တော့်အမြင်ဆို ဒီထက်ပိုပြီးတော့ ကျယ်ပြန့်စေချင်တယ်။ အခြားတိုင်းရင်းသားတွေနဲ့ ပိုမိုချိတ်ဆက်ကျယ်ပြန့်စေချင်တယ်။

အခု ပဲခူးဟံသာဝတီမှာလုပ်တာဆိုတော့ မွန်လူမျိုးတစ်ယောက်အနေနဲ့ဂုဏ်ယူတယ်၊ ပဲခူးဆိုတာ မွန်သမိုင်းမှာ အဓိကကျတဲ့နေရာကိုး၊ အဲဒီတော့ ဒီမှာလုပ်တဲ့အတွက် မွန်လူငယ်တွေအနေနဲ့ သမိုင်းကိုပြန်လည်လေ့လာနိုင်မယ်၊ မျိုးချစ်စိတ်ပိုမိုရှင်သန်နိုင်မယ်။ ပဲခူးမှာလုပ်တဲ့အတွက် သွားရေးလာရေးတော့ နည်းနည်းခက်ခဲတာပေါ့လေ။ ဒါပေမဲ့ မွန်လူငယ်ကွန်ရက်တွေပိုမိုချိတ်ဆက်လာမယ်လို့ယုံကြည်တယ်။ ထိုင်းမွန်လူငယ်အဖွဲ့တွေလည်းလာမယ်ဆိုတော့ ထိုင်းဘက်မှာကျန်နေသေးတဲ့မွန်ရိုးရာအစစ်တွေ၊ ဓလေ့တွေကိုဖလှယ်နိုင်မှာပေါ့။

နောက်တစ်ခုကတော့ ကျွန်တော်အမြင်ပေါ့လေ။ မွန်အမျိုးသားနေ့တွေကျင်းပတဲ့အခါ မွန်ဘာသာစကားပဲ သီးသန့်ဟောပြောကြတာတွေ့ရတယ်၊ ဒါကလည်းမွန်ဆိုတာကကိုယ့်စာပေ၊ ကိုယ့်ဘာသာစကား၊ကိုယ့်ယဉ်ကျေးမှုနဲ့နေခဲ့တာကိုပြချင်တာကိုး၊ ကျွန်တော်ကတော့ ဒီထက်ပိုကျယ်ပြန့်ချင်၊ လူငယ်တွေဆီပိုရောက်ချင်ရင် မွန်ဘာသာအပြင် မြန်မာလိုရော အင်္ဂလိပ်လိုတွေပါ ပါစေချင်တယ်။ ကျွန်တော်တို့မွန်ပြည်နယ်မှာ အထူးသဖြင့် မြို့ပေါ်တွေမှာတောင် မွန်ဘာသာစကား နားမလည်တဲ့ မွန်စကားပြောမတတ်တော့တဲ့ မွန်လူငယ်တွေရှိသေးတယ်လေ။ အဲဒီတော့ သူတို့တွေပါနားလည်လာရင် ပါဝင်လာရင် ပိုကောင်းတာပေါ့၊ ခုတော့တချို့လူငယ်တွေက လေ့လာချင်ရင်တောင် ဘာသာစကားက အတားအဆီးလိုဖြစ်နေတယ်။

ခုလိုမွန်အမျိုးသားနေ့ဆိုတာက မွန်လူမျိုးတွေအတွက်တော့ အရေးကြီးတဲ့နေ့ပေါ့။ လူကြီးလူငယ်တွေအားလုံးအတွက် အရေးကြီးပါတယ်။ လူငယ်တွေပါဝင်တာကို လူကြီးတွေကလည်းအားတက်သရောကြိုဆိုမယ်၊ လက်ဆင့်ကမ်းမယ်ဆိုရင်တော့ မွန်ပြည်နယ်အတွက်ရော မွန်လူမျိုးတွေအတွက်ရော အတော်ကောင်းမယ့်ရလဒ်တွေရလာမှာပါ။

မိစန္ဒာမိုးမြင့် (မော်လမြိုင်တက္ကသိုလ် တတိယနှစ်ကျောင်းသူ)

မွန်အမျိုးသားနေ့က ကျွန်မတို့အတွက်တော့ အရမ်းကို အရေးပါတဲ့နေ့တစ်နေ့ပေါ့နော်။ အရင်နှစ်တွေကတော့ မွန်နဲ့ ကရင်မှာ လုပ်ခဲ့တယ်ပေါ့။ ဒီနှစ်ကတော့ ပဲခူး(ဟံသာဝတီ)မှာလုပ်မယ်။

အဲဒီနေရာက မွန်လူမျိုးရဲ့ အစလို့ သိရတယ်၊ နောက်ပြီး တစ်နှစ်ထက် တစ်နှစ်ပေါ့နော်။ အခမ်းအနားတွေက ပိုပြီး စည်ကားလာတယ်။ လူငယ်တွေကလည်း ဒီပွဲကို သွားဖို့အတွက် အရမ်းကို စိတ်ပါလာကြတယ်။ ပိုပြီးတော့ စည်ကားလာတယ်လို့ မြင်မိပါတယ်။

ပဲခူး(ဟံသာဝတီ)မှာ လုပ်တယ်ဆိုတော့ တချို့တွေအတွက်က သွားရတာတော့ အခက်အခဲရှိတာပေါ့နော်။ လူငယ်တွေကျတော့ တစ်စုတစ်စည်းသွားဖို့ ပြင်ဆင်နေကြပါတယ်။ ဘာကောင်းလာလဲဆိုတော့ ရင်းနှီးမှုရှိ လာတယ်။ အဖွဲ့တွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်မှုရှိလာတယ်။

ဒီပွဲမှာတွေ့ကြတယ်။ ခင်ကြတယ်ဆိုတော့လေ။ နောက်ပြီး မွန်ရိုးရာဓလေ့တွေ၊ သမိုင်းကြောင်းတွေကို ဒီနေ့မှာ သေသေချာချာသိမြင်လာမယ်၊ ဗဟုသုတတွေ လည်း အများကြီးရလာမယ်လို့ ထင်ပါတယ်။

၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားမှာ သူငယ်ချင်းတွေ ပြန်တွေ့ကြတယ်။ ပြန်ဆုံကြတယ်။ နောက်ပြီးတော့ ပြိုင်ပွဲတွေလည်း ရှိတယ်ဆိုတော့ ပျော်စရာလည်း ကောင်းသလို၊ ဒီလိုပွဲမျိုးရှိတယ်ဆိုတော့ မွန်လူမျိုးတွေအတွက်ကတော့ ဂုဏ်ယူစရာကောင်းပါတယ်။ ကျွန်မတို့လို အနာဂတ်လူငယ်တွေအတွက် အကျိုးတွေ အများကြီးရှိလာစေမယ့် အခမ်းအနားတစ်ခုဖြစ်ပါတယ်။

အဲဒါကြောင့် ပွဲကို တက်ရောက်စေချင်ပါတယ်။ ပဲခူးမှာ လုပ်တယ်ဆိုပေမယ့် ကျွန်မတို့က မဖြစ်မနေသွားရမယ့် တာဝန်ရှိပါတယ်။ အဲဒါကြောင့် သွားစေချင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...