တရုတ်အထူးကိုယ်စားလှယ် နှင့် RCSS/SSA တွေ့ဆုံမှု ဘာတွေဆွေးနွေး

တရုတ်အထူးကိုယ်စားလှယ် နှင့် RCSS/SSA တွေ့ဆုံမှု ဘာတွေဆွေးနွေး
Photo by RCSS/SSA:တရုတ်အထူးကိုယ်စားလှယ် နှင့် RCSS/SSA တွေ့ဆုံမှု
Photo by RCSS/SSA:တရုတ်အထူးကိုယ်စားလှယ် နှင့် RCSS/SSA တွေ့ဆုံမှု

တရုတ်နိုင်ငံ အစိုးရ ၏ အာရှအထူးကိုယ်စားလှယ် မစ္စတာဆွန်း ကော်ရှန် ဟာ တရုတ်နယ်စပ်အနီး အခြေချ လှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဇန္နဝါရီလဆန်းပိုင်းက လှည့်လည်တွေ့ဆုံပြီး သောကြာနေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အဆင့်မြင့်ကိုယ်စားလှယ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တရုတ်သံရုံးမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကလက်ခံတွေ့ဆုံပါတယ်။ တွေ့ဆုံမှုမှာ သျှမ်းပြည်အရေး မြန်မာ့အရေး အတွက် ဘာတွေ ဆွေးနွေးပြောဆိုကြပါသလဲ။ RCSS/SSA အတွင်းရေးမှူး (၂) လဲဖြစ် ပြောခွင့်ရသူလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးစိုင်းငင်းကို သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းယွက်ခမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။RCSS/SSA နဲ့ တရုတ်နိုင်ငံ အစိုးရ ၏ အာရှအထူးကိုယ်စားလှယ် မစ္စတာဆွန်း ကော်ရှန် တို့တွေ့ဆုံကြတယ်လို့သိရပါတယ်။ ဘယ်မှာလဲ။

ဖြေ။ ။ချင်းမိုင်မြို့ တရုတ်သံရုံးမှာတွေ့ကြတာပါ။ကျနော်တို့တွေ့ဆုံတာ ၄ ကြိမ်မြောက်ရှိပြီ။ ရန်ကုန် နေပြည်တော်တွေမှာ အရင်က မကြာခဏ တွေ့မိပါတယ်။

မေး။ ။ဘာတွေဆွေးနွေးဖြစ်ပါသလဲခင်ဗျ။

ဖြေ။ ။ အဓိကဆွေးနွေးဖြစ်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဓိကထားဆွေးနွေးပါတယ်။ အရင်ဒီကိုမလာခင်တုန်းက တရုတ်နယ်စပ်မှာဆိုရင် UWSA ၊ NDAA-ESS ၊ MNDAA၊ TNLA၊ KIO တို့နဲ့တွေ့တယ်။ ဒါ့အပြင် SSPP/SSA နဲ့လည်းတွေ့တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေကို လာမေးတယ်။ အမြန်ဆုံးအထမြောက်အောင်မြင်အောင်ပေါ့။ အားလုံးက မျှော်လင့်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး အောင်မြင်ရေးအတွက်ပါ။ ဆွန်းကော်ရှန်က မြန်မာ့ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်ဆိုတော့ လည်း အချက်အလက်တွေလဲလှယ်တာပါ။ အရင်က မိုင်ဂျာယန်တွေမှာ လော်ခီးလာတွေမှာတုန်းကလည်း သူပါတယ်လေ။

မေး။ ။အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် EAOs တို့ တွေ့ဆုံမှုတစ်ဆို့နေတယ် ဆိုတဲ့ကိစ္စကိုရောဆွေးနွေးဖြစ်လား။

ဖြေ။ ။ ဆွေးနွေးဖြစ်တယ် ။ ဒီကိစ္စ သူကိုယ်တိုင်လည်း စိုးရိမ်မှုဖြစ်နေတယ်။ ကျနော်တို့ ဒီအစိုးရကခေါ်တဲ့တရားဝင်တွေ့ဆုံမှုတွေညီလာခံတွေကိုခေတ္တရပ်ဆိုင်းထားတာ ဘာကြောင့်လဲ။ ဘယ်အခြေအနေဖြစ်နေလဲဆိုတာလည်း သူမေးပါတယ်။ ကျနော်တို့ပြန်ပြောပြပါတယ်။ ထိပ်သီးအစည်းအဝေးပြီးနောက်ပိုင်းမှာ တစ်ဆို့မှုတွေ ဆွေးနွေးဖို့ခက်ခဲနေတာတွေအများကြီးရှိခဲ့ တယ်ဆိုတဲ့အကြောင်း ။ အဓိက ၃ ချက်ပြောပြတယ်။ ခွဲမထွက်ရေးမူကိုလက်ခံခိုင်းတာ၊ အဲတာလက်ခံမှ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ပတ်သက်တာဆွေးနွေးခွင့်ပေးမယ် ၊ NCA ထဲမှာလည်းမပါတော့ ဒီမှာလာထည့်တာက မဟုတ်သေးဘူးလေ။ ဒါ လက်ခံဖို့ခက်တယ် – ဒါပထမအချက်ပေါ့နော်။ နောက်တချက်က တပ်မတော်တ ခုတည်းထားရှိရေးမူ။ တပ်မတော်တခုတည်းထားဖို့က သူက အခု လက်ရှိ အစိုးရရဲ့တပ်မတော်ကိုရည်ညွန်း တယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး တပ်မတော်အောက်မှာဘဲ နေရမယ်။ ဒီအချက်ကိုလည်း ကျနော်တို့ လက်ခံလို့မရဘူး ဆိုတာ ပြောပြတယ်။ နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုတည်းထားရှိဖို့ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံကြီးတွေအားလုံးက ကျင့်သုံးနေပါတယ်။ ဒါမူအရ ကျနော်တို့ကလက်ခံတယ်။ ဒါပေမယ့် ဒီ ကျနော်တို့လုပ်ချင်နေတဲ့ တပ်မတော်တခုတည်းထားရှိဖို့ဆိုတာလုပ်ဖို့အတွက် ဖက်ဒရယ်တပ်မတော်ကို ဘယ်လို တည်ထောင်မလဲဆိုတာ ကျနော်တို့မဆွေးနွေးရသေးဘူး။ နောက်ဆုံးတခုက အစိုးရဘက်ကပြော တယ်။ ၂၀၂၀ ဆိုရင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကုန်လုံးပြီးစီးအောင်လုပ်မယ်ဆိုတဲ့အချက်။ အဲဒီအ ချိန်ကျရင် တပ်တခုတည်းအဖြစ်စုစည်းလိုက်မယ်။ လက်နက်တွေဖြစ်သိမ်းလိုက်မယ်။ ဒါမလွယ်ဘူးဆိုတာ ကျနော်တို့ ဆွေးနွေးတင်ပြတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ၂၀ ကျော်တယ်။ အခု အပစ်ရပ်လက်မှတ်ရေးထိုးထားတာက အနဲစုဘဲဖြစ်တယ်။ လက်မှတ်မထိုးရသေးတာက အများကြီးကျန်သေးတယ်။ ဒီအဖွဲ့တွေကို တခါတည်းခေါ်ယူဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလေ။ ဆိုတော့ ဆွန်းကျော်ရှန်ကမေးတယ် – ဒီလိုဆိုရင် ဆက်လက်ဆွေးနွေးဖို့ ဘယ်လိုပြင်ဆင်ထားသလဲ ဆိုတော့ ကျနော်က – အခုဆိုရင် တဆင့်ချင်းစီ သွားရမယ်။ ဥပမာ ကျနော်တို ့RCSS/SSA ၊ အစိုးရနဲ့ကော တပ်နဲ့ပါ ပွင့်လင်းမြင်သာစွာနဲ့ နားလည်မှုတွေရတဲ့အထိ အလွှတ်သဘောဆွေးနွေးသွားမယ်။ အဲဒီကနောက်တဆင့်တက်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အားလုံးစုပေါင်းပြီးအစိုးရနဲ့ဆွေးနွေးမယ်။ ဆွေးနွေးပြီးလို့ နားလည်မှုတွေရပြီဆိုမှ တရားဝင် ညီလာခံကြီးဆီကိုသွားမယ်။ နောက်တခုက အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ဆွေးနွေးပွဲ ဘာကြောင့်ရပ်ဆိုင်းသွားရသလဲဆိုတာတွေကို ဆွေးနွေးဖလှယ်ကြတယ်။

မေး။ ။ဒီတစ်ဆို့မှုကြီးတွေကနေ အမြန်ဆုံးကျော်လွှားနိုင်အောင်သူ့ဘက်က ကော်ဘယ်လိုအကြံဉာဏ် တွေပေးသွားလဲ။

ဖြေ။ ။ နယ်မြေချင်းထိစပ်နေတော့ ပြည်ထောင်စုမြန်မာနိုင်ငံကြီးငြိမ်းချမ်းရင် တရုတ်နိုင်ငံအနေနဲ့လည်းဝမ်း သာတယ်လို့သူပြောတယ်။ ငြိမ်းချမ်းရေးအောင်မြင်စေချင်တယ်။ အောင်မြင်အောင်ဆိုရင် အဖွဲ့အစည်းတွေဟာ သူ့ရပ်တည်ချက်နဲ့သူ ရပ်နေလို့မရဘူး။ အချင်းချင်းတွေ့ဆုံပြီးတော့ ညှိနှိုင်းဆွေးနွေးမှ ရမယ်လို့သူပြောတယ်။ လူထုမျက်နှာကြည့်ပြီးတော့မှ ငြိမ်းချမ်းစွာဆွေးနွေးသင့်တယ်။ လက်နက်ကိုင်ပြီးဖြေရှင်းတဲ့လမ်းစဉ်ကတော့ မကောင်းဘူး လို့သူပြောသွားတယ်။

မေး။ ။သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းတွေမှာဖြစ်ပွါးနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးသေး လားခင်ဗျား။

ဖြေ။ ။ သူကမေးတာ ။ ရခိုင်မှာဖြစ်နေတဲ့ပြသနာတွေ ၊ သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး သူမေးတယ်။ ရခိုင်မှာဖြစ်နေတာတွေက ကျနော်တို့နဲ့ဝေးတဲ့အတွက် ကျနော်တို့မ သိရဘူး။ သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ တိုက်ပွဲဘာကြောင့်ဖြစ်ရ သလဲဆိုတာရှင်းပြတယ်။ သျှမ်းတပ်အချင်းချင်းဘာကြောင့်တိုက်ပွဲတွေဖြစ်ရသလဲဆိုတာ ရှင်းပြတယ်။ ပြသနာတွေအားလုံးရှင်းနိုင်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်တခုတည်းသာ ရှိတယ်လို့ပြောတယ်။ မစ္စတာဆွန်းကော်ရှဲန်ကလည်း – သူ့ဘက်က ကူညီနိုင်မယ့်ဟာရှိရင်ပြောပါ ။ ကူဖို့အဆင်သင့်ရှိနေ တယ်လို့ပြောပါတယ်။

မေး။ ။တွေ့ဆုံမှုက ဘယ်လောက်ကြာမြင့်ပါသလဲ။

ဖြေ။ ။ ၂ နာရီနီးနီးတွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ အပစ်ရပ်လက်မှတ်ထိုးကတည်းက တရုတ်ကကြား နေပါလာတဲ့ ခါကျတော့ ခုလည်း ငြိမ်းချမ်းရေးတစ်ဆို့နေတာကိုသူ့ဘက်က ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ဆွေးနွေး ကြတာပေါ့နော်။ ဆိုတော့ သူက ကြားကနေပြီး အဘက်ဘက်နဲ့ ဆက်သွယ်ညှိနှိုင်းပေး နိုင်ဖို့ကြိုးစား သွားမယ် ပေါ့နော်။ အလွှတ်သဘောဘဲဖြစ်ဖြစ်တရားဝင်ဘဲဖြစ်ဖြစ်တွေ့ဆုံ ဆွေးနွေးနိုင်အောင်တရုတ်ကနေ ကြားဝင် ကူညီ ပေးနိုင်ရင်အကောင်းဆုံးပေါ့ လို့ကျနော်တို့ဘက်ပြန်ဖြေလိုက်ပါတယ်။ သူဟာ တိုင်းရင်းသား တွေကို ဘဲလာတွေ့တာ မဟုတ်ပါဘူး။ အစိုးရကိုရော တပ်ကိုရော သူ တွေ့ဆုံပါတယ်။ ငြိမ်းချမ်းရေးကော်မရှင် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မေး။ ။ တွေ့ဆုံဆွေးနွေးမှုမှာ တိုးတက်မှုရှိတယ်လို့မြင်ပါသလား။

ဖြေ။ ။ ရှိပါတယ်။ ယုံကြည်မှုလည်းပိုရှိလာတယ်။ ကျနော်တို့လုပ်ချင်တဲ့ဟာနဲ့သူတို့ဖြစ်စေချင်တဲ့ဟာနဲ့လည်း နီးစပ်လာတယ်။ အခု ကျနော်တို့စီစဉ်ထားတာလေးကို လက်ဆင့်ကမ်းပြောပြချင်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ရော တခြားအဖွဲ့အစည်းတွေရော တရုတ်နိုင်ငံကိုသွားပြီးလေ့လာစေချင်တယ်။ သူတို့အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ဘယ်လိုရှိသလဲ။ သူတို့နိုင်ငံသားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘယ်လိုလုပ်ပေးသလဲဆိုတာပေါ့။

မေး။ ။အခုလို တရုတ်ကိုယ်စားလှယ်နဲ့ ၄ ကြိမ်မြောက်တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ ။ ခုနပြောသလိုဘဲ တရုတ်ဟာ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့အခန်း ကဏ္ဍမှာပါ၀င်ခဲ့ပါတယ်။ ကျနော်တို့ငြိမ်းချမ်းရေးလက်မှတ်ထိုးစဉ်က တရုတ်က ကြားနေသက်သေအဖြစ် လက်မှတ်ရေးထိုးတယ်။ ဒါကြောင့်ငြိမ်းချမ်းရေးမှာ တစ်ဆို့မှုရှိလာရင်သူတို့က ကြားဝင်ကူညီပေးဖို့ တာဝန်ရှိတယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျား။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...