ကေအဲန်ဒီအိုဗိုလ်ချုပ် မန်းကျော်ဖေ (သို့မဟုတ်) သင်္ဏန်းစွန့်ပြီး လက်နက်ကိုင်ခဲ့ရသူ

ကေအဲန်ဒီအိုဗိုလ်ချုပ် မန်းကျော်ဖေ (သို့မဟုတ်) သင်္ဏန်းစွန့်ပြီး လက်နက်ကိုင်ခဲ့ရသူ

သူ့မျက်နှာသွင်ပြင်က တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း။ အနေအေးပြီး စကားကိုလည်း တွေးတွေးဆဆ ပြောတတ်တယ်။ မျက်ခုံးမွှေးထူထူ အသားအရည်ဖြူဖြူနဲ့ သဘောထားရိုးရှင်း ပွင့်လင်းတဲ့ ဗိုလ်ချုပ်မန်းကျော်ဖေကို စစ်ဗိုလ်ဆိုတဲ့ နာမဝိသေသနနဲ့တော့ မလိုက်ဖက်လှဘူး လို့ကျမစိတ်ထဲ ခံစားရတယ်။

သူ့ကို ကျမက သမာသမတ်ကျတဲ့ ကျေးရွာလူကြီးတဦးလို့မျက်လုံးထဲ မြင်ယောင်မိတယ်။

“ ဒါအဖိုး တူလို သားလို ချစ်ရတဲ့ အဖိုးရဲ့ ရဲဘော်ရဲဘက်ကြီးပေါ့။ ဗိုလ်မှူးချုပ် မန်းကျော်ဖေ” တဲ့။

ကျမတို့လေးစားချစ်ခင်ရတဲ့ အဖိုး (ယခင်ကေအဲန်ဒီအို ဗိုလ်ချုပ်) ဗိုလ်ချုပ်ကျော်သောင်းက အတီးမန်းကျော်ဖေနဲ့ကျမကို မိတ်ဆက်ပေးတယ်။

မျက်ခုံးမွှေးထူထူကြီးတွေမြှင့်တက်ပြီး ပြည့်ပြည့်၀၀ကြီး ပြုံးနေတဲ့ အတီးမန်းကျော်ဖေက ကျမကို လေးလေးစားစားနဲ့လက်ဆွဲနှုတ်ဆက်တယ်။ ကျမစိတ်ထဲ ဒီအတီးရဲ့ မျက်နှာက အေးချမ်းလိုက်တာလို့ ရေရွတ်ခဲ့မိတယ်။

နောက်ပိုင်းမှာတော့ ကေအဲန်ယူအစည်းအဝေးတွေမှာ အတီးနဲ့မကြာမကြာဆုံတယ်။

ဗိုလ်ချုပ်ကြီး ဝတ်စုံဝတ်ထားပေမဲ့ သူ့မျက်နှာက တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း။

ဆွေးနွေးပွဲတွေမှာလည်း စကားသိပ်မပြော။ ပြောရင်လည်း အေးအေးဆေးဆေး တွေးတွေးဆဆ။

ဒါပေမဲ့ သူ့ငယ်ဘဝက အေးအေးဆေးဆေး တွေးတွေးဆဆ မဖြစ်ခဲ့ရဘူး။

စစ်ပွဲတွေနဲ့စခဲ့ရတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ကြားကဘဲ သူကျားကုတ်ကျားခဲ သေစာရှင်စာ သင်ခဲ့ရတယ်။

ရဟန်းဘဝနဲ့ငရဲကျတဲ့ ဘဝတွေကို မြင်ခဲ့တွေခဲ့ရတယ်။ နောက်တော့ သူသင်္ဏန်းချွတ်ပြီး လက်နက်ကိုင်ခဲ့ရတယ်။ အတီးက ရွာသားဘဝနဲ့ဘဲ ရိုးရိုးသားသား လယ်ယာလုပ်ဖို့ဘဲ စိတ်ကူးရှိခဲ့တာ။ အတီးမှတ်မိသလောက်တော့ အတီးအသက် အသက် ၇ နှစ် ၈ နှစ်အရွယ်လောက်ထဲက အတီးတို့ဒေသတွေဟာ မအေးချမ်းဘူး။ အတီးတို့နယ်တဝိုက်မှာ ဗမာစစ်တပ်နဲ့ကေအဲန်ယူတပ်တွေ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်။ ရွာသားတွေကလည်း ဟိုပြေးဒီပြေးပေါ့။ အလုပ်အကိုင်တွေလည်း ကောင်းကောင်းမွန်မွန်လုပ်လို့မရဘူး။ ကလေးတွေလည်း ကျောင်းတက်လို့မရဘူး။ စာသင်ချင်ရင် ဘုန်းကြီးကျောင်းတွေမှာဘဲ ခက်ခက်ခဲခဲ သင်ရတယ်။

အတီးအသက် ၂၀ အထိ အမျိုးသားရေးတို့ ကရင့်တော်လှန်ရေးတို့ဘာမှ မသိဘူး။ ကရင့်တော်လှန်ရေးထဲကို ဝင်တာက အတီးအသက် ၂၁ နှစ်အရွယ်မှာမှ စဝင်ခဲ့တာ။

အဲ့ဒီအချိန်တုန်းက အတီးက သင်္ဏန်းဝတ်ကြီးနဲ့။ ကေအဲန်ယူနဲ့ဗမာစစ်တပ်တိုက်ပွဲတွေဖြစ်တော့ ဗိုလ်ချုပ်မြ ဦးဆောင်တဲ့ တပ်တွေ ပြန်ဆုတ်လာကြတာ။

သူတို့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ပြန်ဆုတ်လာတာ။ တစ်ကြောင်းက အတီးတို့ရွာနားမှာ။ အဲ့ဒီမှာ လိုက်လာတဲ့ ဗမာစစ်တပ်နဲ့တိုက်ပွဲဖြစ်တယ်။ တရွာလုံးကို ဆူညံနေတာဘဲ။ ရွာက ယောကျ်ား မိန်းမအားလုံးကို ဗမာစစ်တပ်နေ ဘုန်းကြီးဝန်းထဲမှာ ခေါ်စုပြီး ရိုက်နှက်ထုထောင်းတာတွေလုပ်တာ တရွာလုံးကို ပွက်လောက်ရိုက်နေတာဘဲ။ ငရဲ ကျနေတဲ့အတိုင်းဘဲ။

အတီးအဖေက လယ်ထဲကနေ ရွာမှာတော့ တိုက်ပွဲဖြစ်နေပြီး ပြန်ကြည့်ဦးမှဆိုပြီး ရွာကို လှည်းမောင်းပြီး ပြန်လာတာ။ အတီးအဖေက ရဟန်းဒါကာ ကျောင်းဒါကာဆိုတော့ ဓလေ့ရိုးရာအရ အဖြူရောင်ဝတ်တယ်။ ဝတ်ဖြူစင်ကြယ်နဲ့ပေါ့။ အဲ့ဒီမှာ အတီးအဖေကို ဘုန်းကြီးကျောင်းဝန်းထဲမှာ စစ်တပ်ကနေ ရိုက်နှက်ပြီး စစ်လားဆေးလား လုပ်တော့ဘဲ။ အတီးက ဘယ်နေသာတော့မလဲ။

သင်္ဏန်းဝတ်ကြီးနဲ့ဘုန်းကြီးကျောင်းပေါ်က အတီး ပြေးဆင်းလာပြီး အဲ့ဒါ ဦးဇင်း ဒါယကာကြီးဘဲ။ တိုက်ပွဲဖြစ်တာ သူဘာမှ မသိဘူးလို့ပြောတော့ စစ်သားတွေက အတီးကို ဘက်နက်တွေနဲ့ ထိုးဖို့ လုပ်တာ။ စစ်သားတချို့က ဦးဇင်းနဲ့ဘာမှမဆိုင်ဘူး။ ကိုယ်နဲ့မဆိုင်တာ မလုပ်နဲ့ကိုယ့်အလုပ် ကိုယ်လုပ်ဆိုပြီး အတီးကိုဆွဲပြီး ကျောင်းပေါ်ကို ပြန်တက်ခိုင်းတယ်။ အဲ့ဒီအချိန်တုန်းက အတီးရဲ့ အစ်ကိုအကြီးဆုံးက ရွာမှာလူကြီး။

သူ့နာမည်က ကိုပါပုတဲ့။

ရွာမှာတိုက်ပွဲဖြစ်တော့ ဘယ်မှာလဲ ရွာလူကြီးကို ခေါ်တာပေါ့။ သူတို့ခေါ်တော့ သူကြီးက လာရတာပေါ့။ အတီးအစ်ကိုလာတော့ လက်ပြန်ကြိုးတုပ် ရိုက်နှက်ပြီးရွာထဲက ဆွဲထုတ်ပြီး ရွာပြင်မှာ သတ်ပစ်လိုက်ကြတယ်။ အသတ်ခံရတာ အတီးအစ်ကို တစ်ယောက်ထဲမဟုတ်ဘူး။ ၂ ယောက်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆယ်အိမ်ခေါင်း တစ်ယောက်လည်းပါတယ်။ သူ့နာမည်က ပန်းမွှေးတဲ့။ သူတို့ ၂ ယောက်ကို အတူတူဘဲ သတ်ပစ်လိုက်ကြတာ။

အတီးလည်း တော်တော်လေး မခံမရနိုင်ဖြစ်ခဲ့တယ်။

အဲ့ဒီအချိန်က စပြီး သင်္ဏန်းချွတ်ပြီး တော်လှန်ရေးထဲ ဝင်ခဲ့တာ ဒီနေ့အချိန်ထိဘဲ။

ကရင့်တော်လှန်ရေးထဲကို ဝင်တော့ အတီးတို့ဒေသအနေနဲ့ဆိုရင် ကေအဲန်ယူ တပ်မဟာ (၆)နယ်ပေါ့၊ ကေအဲန်ဒီအိုတပ်ရင်းထဲကို ရိုးရိုးသားသား ဘဝနဲ့ဘဲ အတီးဝင်ရောက်ခဲ့တာ။

သင်္ဏန်းချွတ်ပြီး အမျိုးသားတော်လှန်ရေးထဲကို ဝင်ရောက်ခဲ့တဲ့အတီးဟာ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ဘဲ စစ်သင်တန်းတွေတက် နိုင်ငံရေးတွေ လေ့လာ ခေါင်းဆောင် တွေရဲ့ သင်ကြားပို့ချ ချက်တွေကို လိုက်နာပြီး အမျိုးသားတော်လှန်ရေးထဲကို တထောင့်တနေရာခဲ့ ပါဝင်လာခဲ့သူပါ။

တော်လှန်ရေးထဲမှာဘဲ အိမ်ထောင်ကျတယ်။ တော်လှန်ရေးသမားတို့ရဲ့ သဘောသဘာဝအတိုင်းဘဲ အမျိုးသားတာဝန်တွေ တဖက် အိမ်ထောင်ရေး တာဝန်တွေတဖက်နဲ့ရုန်းကန်ရှင်သန်ခဲ့ရတယ်။ သားသမီး(၄)ဦးထွန်းကားပေမယ့် ဒီသားသမီးတွေရဲ့မွေးရပ်မြေတွေက တယောက်တရွာ တနေရာ။ ရောက်တဲ့နေရာမှာ တွေ့တဲ့သူတွေနဲ့သင့်မြတ်အောင်နေထိုင်တတ်သူ ရိုးသားဖြောင့်မတ်တဲ့ အခြေခံစိတ်ဓာတ်တွေရှိသူမို့လည်း သူ့တော်လှန်ရေး ရဲဘော်ရဲဘက်တွေ သာမက သူသွားရာရောက်ရာက ရွာသူ ရွာသားတွေကရဲ့ လေးစားချစ်ခင်မှုကို ခံခဲ့ရသူတဦးဖြစ်ပါတယ်။

ရွာသားတွေက အတီးတို့ကို ချစ်ခင်လေးစားအားကိုးခဲ့ကြတယ်။ အတီး တို့ရဲ့ တော်လှန်ရေးကိုလည်း ကရင်လူထုတွေက ထောက်ခံအားပေးခဲ့ကြတယ်။

အတီးအမြင်ပြောရရင် ကရင်တော်လှန်ရေးနှစ်ပေါင်း ၆၀ ကျော် ၇၀ အထိ ကြံ့ကြံ့ခံနိုင်ခဲ့တာ ကရင်ပြည်သူတွေရဲ့ ထောက်ခံမှုရှိနေလို့ဘဲ။ ဒါကို အတီးအပြည့်အဝပြောရဲတယ်။

အတီးတို့တပ်မဟာမှာ အတီးတို့တော်လှန်ရေးလုပ်ခဲ့တာ တခါမှ ဆန်မဝယ်စားခဲ့ရဘူး။ အတီးတို့ ကိုယ်တိုင် စိုက်တာရှိသလို အများစုကတော့ ရွာသားတွေရဲ့ထောက်ပံ့မှုနဲ့ဘဲ အတီးတို့ ရပ်တည်ခဲ့ရတာလို့ အတီးမန်းကျော်ဖေက သူ့ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးသမားဘဝနဲ့ တော်လှန်ရေးပေါ် မြင်တဲ့ သူ့အမြင်တွေကို ပြောပြပါတယ်။

အတီးမန်းကျော်ဖေဟာ တော်လှန်တဲ့မျိုးချစ်တဦးဖြစ်တယ်လို့ အတီးရဲ့ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ ပဒိုဇော်နောင် (ယခင် ကေအဲန်ယူ တပ်မဟာ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူး)ကလည်း မှတ်ချက်ချပါတယ်။

သူက ကျန်းမာရေးအရ နိုင်ငံခြားကိုရောက်လာပေမယ့် ကိုယ့်အမျိုးသားတော်လှန်ရေးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ သူ့ခေါင်းထဲမှာရှိတယ်။ အဝေးရောက်နေတဲ့ ကရင်တွေ စုစုစည်း စည်းနဲ့ကိုယ့်အမျိုးရေးကို ဘယ်လို ဝိုင်းဝန်းလုပ်ဆောင်ကြမလဲဆိုတာကိုလည်း ခေါင်းဆောင် တွေနဲ့သူတိုင်ပင်ဆွေးနွေးတယ်လို့လည်း ပဒိုဇော်နောင်က ပြောပါတယ်။

ဗိုလ်ချုပ်မန်းကျော်ဖေအတွက် အမှတ်တရ ပြောပြရမယ်ဆိုရင်တော့ ကရင်ရိုးရာလက်ချည်ပွဲနဲ့ပတ်သက်လို့ သူဦးဆောင်ပြီး အကြိမ်ကြိမ် ဆွေးနွေးတင်ပြခဲ့လို့ ကေအဲန်ယူထဲမှာ အဲ့ဒီနေ့ကို ကရင့်တွေအတွက် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့အတွက် ကွန်ဂရက်မှာ ဆုံးဖြတ်ချက် ကျခဲ့ဖူးတာ ရှိတယ်။

နောက်တခုကတော့ ကေအဲန်ဒီအိုနဲ့ကေအဲန်အယ်အေတပ်ကို လက်နက်၊ ရိက္ခာ၊ ယူနီဖောင်းစတာတွေကို တန်းတူရည်တူရှိစေချင်တဲ့ သူ့ဆန္ဒကို ကေအဲန်ယူ ကွန်ဂရက်တွေမှာ သူတင်ပြခဲ့ဖူးတာတွေရှိတယ်လို့ပဒိုဇော်နောင်က ပြန်ပြောင်းပြောပါတယ်။

အတီးမန်းကျော်ဖေဟာ ကရင့်တော်လှန်ရေးက ချမှတ်ထားတဲ့ မူတွေကို လေးစားလိုက်နာပြီး ရိုးသားကြိုးစားတဲ့ တပ်ဗိုလ် တပ်မှူးတဦးဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကျော်သောင်းက အကြိမ်ကြိမ် မှတ်ချက်ချခဲ့ဖူးပါတယ်။

ဒါကြောင့်မို့လို့သူ့ရဲ့ကေအဲန်ဒီအို ဗိုလ်ချုပ်ဆိုတဲ့ ရာထူးကို ဗိုလ်ချုပ်ကျော်သောင်းက အတီးမန်းကျော်ဖေကို ယုံယုံကြည်ကြည်လွှဲအပ်တာဝန်ပေးခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီနေ့ကိုတော့ အတီးမမေ့ဘူး။ ဗိုလ်ချုပ်ကျော်သောင်းက အတီးကိုပြောတယ်။ မန်းကျော်ဖေ ငါတို့က အသက်ကြီးပြီ။ ငါတို့တော်လှန်ရေးက မပြီးသေးဘူး။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့က မင်းတို့တာဝန်ဘဲ။ ဒါကြောင့် ကေအဲန်ဒီအိုတာဝန်ကို မင်းဆက်လက်ထမ်းဆောင်ပါ။ မင်းကို ငါယုံ ကြည်တယ်တဲ့။ သူ့တာဝန်တွေကို လွှဲပြောင်းပေးအပ်တဲ့နေ့မှာဘဲ သူ့ပုခုံးပေါ်က ကြယ်ပွင့်ကို အတီးပုခုံးပေါ်ကို သူကိုယ်တိုင် တင်ပေးခဲ့တာ။ အတီး ဝမ်းနည်းဝမ်းသာခံစားခဲ့ရတယ်။ တော်လှန်ရေးထဲမှာ အတီးအတွက် အမှတ်ရစရာတွေ အများကြီးထဲမှာ ဒီနေ့ကလည်း တနေ့အပါအဝင်ပေါ့လို့ အတီးမန်းကျော်ဖေက ပြောပါတယ်။

အသက်အရွယ်အရ ကျန်းမာရေးအရ သူနိုင်ငံခြားကို ထွက်လာရပေမယ့် ကရင်အမျိုးသားတော်လှန်ရေး အပေါ်မှာတော့ သူသံယောဇဉ်မပြတ်နိုင်ခဲ့တာ အမှန်ပါ။ နိုင်ငံခြားကို သူရောက်လာပြီး ၁ နှစ်ကျော် ၂ နှစ်အတွင်းမှာ သူ ရဲဘော်ရဲဘက်တွေရှိရာကို သူပြန်သွားခဲ့ပါသေး တယ်။ ရဲဘော်ရဲဘက်တွေအတွက် တော်လှန်ရေးအတွက် သူဘာလုပ်ပေးနိုင်မလဲဆိုတာ သူ့ခေါင်းထဲမှာ အမြဲရှိနေခဲ့တယ်လို့ သူ ကပြောပါတယ်။

သို့သော်လည်း ဒီနေ့မှာဘဲ သူဘဝတပါးကို ပြောင်းသွားခဲ့ပါပြီ။ သူ့အသက် ၂၁ နှစ်အရွယ်ကစလို့ သူကွယ်လွန်ချိန်အထိကို တော်လှန်ရေးအသိ တော်လှန်ရေးသတိရှိနေခဲ့တယ်ဆိုတာကို သူ့ဘ၀ တစ်စိတ်တစ်ဒေသက လှစ်ပြနေမယ်လို့ ကျမ ယုံကြည်မိပါတယ်။

အတီးမန်းကျော်ဖေ ကောင်းရာသုဂတိလားပါစေ

ခိုင်မာကျော်ဇော

ဇန်နဝါရီ ၂၂၊ ၂၀၁၉

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...