တစ်ဆို့မှုကြောင့် ရှေ့မဆက်နိုင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင်သွားနိုင်ဖို့ အတွက်ရည်ရွယ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော် RCSS/SSA နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင် PC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွှတ်သဘော တွေ့ဆုံခဲ့ပါတယ်။ RCSS ဘက်မှ ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်းနဲ့ ဦးစိုင်းလျန်း တို့ ဖြစ်ပြီး အစိုးရဘက်က PC အတွင်းရေးမှူးဦးခင်ဇော်ဦး၊ အကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေ ၊ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး တို့ပါ၀င်ကြောင်းသိရ ပါတယ်။ ဒီတွေ့ဆုံမှုမှာ အဓိကဘာတွေကို ဆွေးနွေးဖြစ်ကြပါ သလဲ။ ဆွေးနွေးပွဲမှာ ပါ၀င်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းကို သျှမ်းသံတော်ဆင့်က စိုင်းယွက်ခမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် PC နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော် RCSS/SSA တို့ တွေ့ဆုံတယ်လို့သိရပါတယ်။
ဖြေ။ ။ ဟုတ်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နံနက် ၁၀ နာရီခွဲကနေ မွန်းတည့် ၁၂ နာရီခွဲအထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာတွေ့ဆုံကြပါတယ်။
မေး။ ။ ဘာတွေကိုအဓိကဆွေးနွေးဖြစ်လဲခင်ဗျ။
ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတာတွေကိုအဓိကထားပြီးဆွေးနွေးပါတယ်။ ရှေ့ဆက်နိုင်ဖို့ဘယ်လိုနည်းလမ်းရှာကြမလဲဆိုပြီး ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးမှုက အလွှတ်သဘောဘဲဖြစ်ပါတယ်။
မေး။ ။ PC ဘက်က ဘာတွေဆွေးနွေးလဲခင်ဗျ။
ဖြေ။ ။ PC ဘက်က ဘာပြောလဲဆိုတော့ ငြိမ်းချမ်းရေးရှေ့ဆက်နိုင်ဖို့အတွက် သူတို့ဘာတွေဖြစ်ချင်သလဲ။ ဘယ်လိုဆက်လုပ်သွားမလဲ ဆိုတာဆွေးနွေးကြတယ်။
မေး။ ။ RCSS ဘက်ကရော ဘာတွေပြောဆိုဆွေးနွေးသွားသလဲခင်ဗျ။
ဖြေ။ ။ ကျနော်တို့ဘက်ကတော့ ဘာပြောလဲဆိုတော့ – ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၁၁ လပိုင်းတုန်းက ကျနော်တို့ တွေ့ဆုံဆွေးနွေး ခဲ့ပြီးပြီ။ RCSS/SSA ရယ်၊ အစိုးရ ရယ်၊ တပ်မတော်ရယ် ၃ ဘက် ၃ တန်တွေ့ဆုံဖို့ဆိုပြီးဆုံးဖြတ်ထားတယ်။ အဲ့တုန်းကမဖြစ်လာဘူး။ အခုလည်း ထပ်ပြီးတော့ဆွေးနွေးတာက ၂ ဖက် ၂ တန်တွေ့ဆုံနိုင်ဖို့ဘယ်လိုစီစဉ် ကြမလဲ။ ဘယ်လိုစီစဉ်ကြမလဲဆိုတာဆွေးနွေးထားတယ်။
ပြီးတော့ ပြီးခဲ့တဲ့ ၁၂ လ ပိုင်း ၂၁ ရက်နေ့တုန်းက အစိုးရရဲ့တပ်မတော်ကနေ တဖက်သတ်အပစ်ရပ် ထားကြောင်းကြေငြာချက်ထုတ်ပြန်ထားတယ်။ ဒီအပေါ် ကျနော်တို့နားမလည် တဲ့ဟာတွေ ကိုပြန်လည် မေးမြန်းတယ်။ အစိုးကိုယ်စားလှယ်တွေဘက်ကပြန်လည်ရှင်းပြတယ်။
နောက်တခုကတော့ ကျနော်တို့ RCSS/SSA ရဲ့ ကေဒါတပ်သားတွေ၊ RCSS/SSA ကိုကူညီထောက်ပ့ံမှုပေးနေတဲ့ သျှမ်းပြည်သားဒေသခံလူထုကို အစိုးရတပ်မတော်ကနေဖမ်းဆီး ထောင်ချထားတယ်။ ရဲစခန်းတွေမှာ ချုပ်ထားတယ်။ အဲတာတွေကိုလည်း ပြန်လွှတ်ပေးဖို့ အဖမ်းခံရသူတွေရဲ့နာမည်စာရင်း PC ကိုပေးအပ်ပါတယ်။ အဲတာကိုလည်း သူတို့လက်ခံထားပြီး နာမည်စာရင်းတွကိုပြန်လည်စီစစ်ပေးမယ်။ ပြန်လည်လွှတ်မြောက်လာနိုင်ရေးအတွက်အဆင့်ဆင့် သူတို့ကြိုးပမ်းပေးသွားမယ်လို့ပြောပါတယ်။ နောက်တခုကလည်း အစိုးရနဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုဘယ်အဆင့်လောက်ရှိပြီလဲဆိုတာတွေကိုကျနော်တို့မေးမြန်းထားတယ်။
မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တွေ့နေရတဲ့အဓိက တစ်ဆို့မှုကြီးကဘာဖြစ်သလဲ။
ဖြေ။ ။ အဓိက တစ်ဆို့မှုကြီးကတော့ တခါတည်းနဲ့ရှင်းလို့မရတာမျိုးတွေရှိခဲ့တယ်။ ဥပမာ ပြည်ထောင်စုမှခွဲမထွက်ရ ဆိုတာမျိုးပေါ့။ ဒီတခွန်းကို ဆွေးနွေးဖို့လုပ်လာရင် ပွဲပျက်ပါလေရော။နောက်တခုကလည်း တပ်မတော်တခုတည်းထားရှိဖို့။ အဲတာတွေဆွဲထည့်လာရင် ဆွေးနွေးဖို့အရမ်းခက်သွားပြီလေ ။ တကယ်တော့အဲတာတွေဆွေးနွေးဖို့မပါသေးဘူး။ တပ်မတော်ဘက်ကအဲတာကိုဆွဲဆွဲထည့်တော့ ဆွေးနွေးရေးကရှေ့မဆက်နိုင်ဘူးဖြစ်နေတယ်။ ရှင်းရှင်းပြောရင်ပြသနာက အဲတာဘဲ။
မေး။ ။ တစ်ဆို့နေတဲ့ ဒီပြသနာကို ဘယ်လိုဖြေရှင်းဖို့အသင့်တော်ဆုံးလဲခင်ဗျ။ ရှေ့ဆက်ဖို့က။
ဖြေ။ ။ ဆွေးနွေးမှုသည်သာ ဖြေရှင်းနိုင်မှာဖြစ်တယ်။ နည်းလမ်းရှာပြီးတော့ ဆွေးနွေးရပါမယ်။ အလွှတ်သဘောဘဲဖြစ်ဖြစ် တရားဝင်ဘဲဖြစ်ဖြစ် တဆင့်ချင်းစီ ဆွေးနွေးသွားမှရမှာဖြစ်ပါတယ်။ ဒါမယ့်ခုလောလောဆယ်တော့ ကျနော်တို့ တဖွဲ့ချင်းစီ ဆွေးနွေးသွားမယ်။ ပြီးမှ စုပေါင်းပြီးဆွေးနွေးကြမယ်လေ။
မေး။ ။ ဒီဆွေးနွေးပွဲမှာ သျှမ်းပြည်တောင်ပိုင်း၊မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီးဆွေးနွေးဖြစ်သေးလား။
ဖြေ။ ။ မဆွေးနွေးဖြစ်ပါဘူး။ လုပ်ငန်းစဉ်မှာပါတဲ့ဟာကိုဘဲဆွေးနွေးသွားပါတယ်။
မေး။ ။ အခုဆွေးနွေးပွဲကနေ မိဘပြည်သူလူထုကိုဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ တစ်ဆို့မှုကြီးကနေ လမ်းပွင့်သွားအောင် ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့ဘဲဖြစ်ဖြစ် အစိုးရနဲ့ တပ်မတော်ဘဲဖြစ်ဖြစ် ဖြေရှင်းနိုင်မယ့်အသင့်တော်ဆုံးနည်းလမ်းကို ရှာနေပါတယ်။ မကြာခင်မှာဘဲ RCSS နဲ့အစိုးရ ၊ RCSS နဲ့တပ်မတော် ၊ တဖွဲ့ချင်းစီ တွေ့ဆုံမယ့်အခွင့်အလမ်းရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ NCA လက်မှတ်ထိုး ၁၀ ဖွဲ့နဲ့ အစိုးရတို့နဲ့လည်းတွေ့နိုင်အောင် နည်းလမ်းရှာရပါမယ်။ အဲတာကြောင့်ခုလောလောဆယ်မှာတော့ မိဘပြည်သူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်အထိရောက်နေပြီလဲဆိုတာကိုလည်း သတင်းတွေဘာတွေ ကြည့်ရှု နားထောင်ပါ။ မိဘပြည်သူများဖြစ်စေလိုတဲ့ ဆန္ဒကို ကျနော်တို့ဆီကျေးဇူးပြုပြီး ပြောဆိုအကြောင်းကြားလာပေးပါ။ မိဘပြည်သူများပေးလာတဲ့အကြံဉာဏ်ကိုယူပြီးတော့ ကျနော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ပြောချင်ပါတယ်။
Photo by NMG / RCSS/SSA နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင် PC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွှတ်သဘော တွေ့ဆုံ
ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်ဟာ RCSS/SSA အပြင် KNPP ၊ KIO တို့နဲ့လည်းတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက် မနေ့ကတော့ KNU နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။