နိုဝင်ဘာလ ၁၀ရက်၊ နေ့စွဲနဲ့ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ (၆)ကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ်အစည်းဝေးမှ သဘောထားထုတ်ပြန်ချက် ထွက်လာပါပြီ။ ဒီသဘောထားထုတ်ပြန်ချက်ကို လေ့လာသုံး သပ်ပြီး တင်ပြပါ့မယ်။
ဒီအရေးပေါ်အစည်းအဝေး သဘောထားထုတ်ပြန်ချက် တန်းခနဲမြင်နိုင်တဲ့၊ ချက်ချင်းသတိပြုမိနိုင်တဲ့ အချက်ကတော့ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထားပြီး” ဆိုတဲ့ ဝါကျစာကြောင်း ပဲ ဖြစ်ပါတယ်။
“အရေးဆိုမှု၊ ဖိအားပေးမှု၊ ဆန္ဒပြုမှု” အမျိုးအစား ပုံစံတစ်ခုလို့ မှတ်ယူပြောဆိုမယ် ဆိုရင်လည်း ရနိုင်မှာဖြစ်ပါတယ်။
အမှတ်ရကြအုံးမယ် ထင်ပါတယ်။ (နဝတ) စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး နောက်များမကြာမီမှာ ညောင်နှစ်ပင်ညီလာခံတက်နေဆဲ ဒီချုပ်ပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေအားလုံး ညောင်နှစ်ပင် ညီလာခံ တက်ရောက်နေမှုကနေ (ခွင့်ပန်ပြီး) ယာယီရပ်ဆိုင်းခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ (နဝတ) စစ်အစိုးရကတော့ ညီလာခံ တက်ရောက်ဖို့ ပျက်ကွက်သူတွေလို့ ကြေညာပြီး ကိုယ်စားလှယ်တွေ ပယ်ဖျက်ခဲ့ပါတယ်။ ပထမတော့ (နဝတ) စစ်အစိုးရက လည်း ညောင်နှစ်ပင်ကို ဟန်မပျက် ကျင်းပနေပါသေးတယ်။ နောက်တော့ မဟန်တော့တဲ့အတွက် လုံးဝ ရပ်ဆိုင်းပစ်လိုက်ရပါ တယ်။
အခုကိစ္စမှာ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထားပြီး” ဆိုတဲ့ဝါကျကို စိစစ်ကြည့်တော့ (NCA)လုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ တရားဝင် အစည်းအဝေးမှန်သမျှမှာ KNU ရဲ့ ပါဝင်မှုကို “ယာ ယီရပ်ဆိုင်း”တယ်ဆိုတဲ့ သဘောထားဟာ တိကျထင်ရှားပါတယ်။ ကာလအတိုင်းအတာတော့ မပါ ပါဘူး။ တချို့ “ယာယီ” တွေ က “ထာဝရ”လည်း ဖြစ်ချင်ဖြစ်သွားတတ်ပါတယ်။ (KNU)ရဲ့ “ယာယီ” အတိုင်းအတာကာလကိုတော့ လေ့လာစောင့်ကြည့် ကြပါစို့။
ဒါဆို ဒီလို “ပါဝင်မှုအား ယာယီရပ်ဆိုင်း” တဲ့ အရေးဆိုမှု (ဝါ) ဖိအားပေးမှု (ဝါ) ဆန္ဒပြမှုဟာ ဘယ်သူ့ကို ဦးတည်တာ လည်း ဆိုတာကို ရှာကြည့်တော့ (NCA) လုပ်ငန်းစဉ်တစ်ရပ်လုံးနဲ့ ဒီလုပ်ငန်းကို ဦးစီးဦးဆောင်ပြုနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုပဲ ဦးတည်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း “အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမှတဆင့် ဆွေးနွေး အဖြေရှာသွားမည်”ဆိုတဲ့ စကားရပ်နဲ့ ထိပ်ချင်းဆိုင် တွဲလျက်ဖော်ပြထားပြန်တော့ လုံးလုံးလျားလျား စိမ်းစိမ်းကား ကား၊ ပြတ်ပြတ်စဲစဲလည်း မဟုတ်သေးဘူးဆိုတာကို သတိပြုနိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ နောက်တဆင့်တက်ပြီး မေးခွန်းထုတ်စရာနဲ့ စဉ်းစားစရာတွေ ရှိလာတဲ့အချက်တွေ ရှိနေပါတယ်။ အဲဒါတွေ ကတော့ (NCA)စာချုပ် လက်မှတ်ထိုးထားတဲ့ (KNU)ရဲ့ အခုလိုသဘောထားနဲ့ ဆုံးဖြတ်ချက်ကို ကျန် (၉)ဖွ့ဲ့က ဘယ်လိုသဘော ထားရှိသလဲ။ (KNU) လို သဘောထားနိုင်ဖို့ (KNU) လို “အင်အား” ရှိဖို့လိုတာတော့အမှန်ပဲ ဖြစ်ပါတယ်။ (PPST) ထဲမှာရော (KNU)ရဲ့ အခုလို သဘောထားနဲ့ဆုံးဖြတ်ချက်ကို အားလုံးရဲ့ဘုံသဘောထားရပ်တည်ချက်အဖြစ် ထားရှိနိုင်ကြမလား၊ ဒီအချက် တွေက ရုတ်တရက် မေးခွန်းထုတ်စရာနဲ့ စဉ်းစားမိတာတွေပါ။
ကျွဲနှစ်ကောင်ကြားက မြေစာပင်ဆိုတဲ့ ပြည်တွင်းဖြစ် စကားပုံကတော့ သုံးဖန်များတော့ ရိုးလွန်းလှပါပြီ။ ဒီတော့ ကိုးရီး ယားစကားပုံတစ်ခု ပြောင်းသုံးကြည့်တာပေါ့၊ “ဝေလငါးကြီးတွေ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ရင်ပဲဖြစ်ဖြစ်၊ ချစ်ရည်လူး ရင်ပဲဖြစ်ဖြစ် ငါးငယ်လေးတွေ သေရတာပါပဲ”တဲ့။ (ဝေလငါးဟာ ငါးမဟုတ်ဘူးဆိုတာတော့ လူတိုင်းသိပါတယ်။ အများက ဝေလ ငါးနေတော့ ဝေလ ငါးလိုက်ရပါတယ် – ဤကား စကားချပ်။)
ဒီတော့ ကျန်တဲ့ (NCA) လက်မှတ်ထိုးပြီး အဖွဲ့တွေအနေနဲ့ ဘယ်လို သဘောထား တုန့်ပြန်ကြမှာပါလိမ့်။
(RCSS/SSA) ကတော့ (KNU) နဲ့ မနီးယိုးစွဲ သဘောထားမျိုးထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
(KNU) အနေနဲ့ သတ္တိရှိရှိ သဘောထားကြီးကြီး – အမြော်အမြင်ပြည့်ပြည့်နဲ့ ပြန်စဉ်းစားပါအုံးလို့ မေတ္တာရပ်ခံလေမ လား။
(KNU) လိုပဲ ဒို့လည်း အတူတူ ရပ်တည်ကြမယ်လို့ ထုတ်ပြန်ကြေညာကြမလား။ သို့တည်းမဟုတ် သီးခြားကိုယ်ပိုင် သဘောထားအဖြစ် ထုတ်ပြန်မလား ဆိုတာ အများပြည်သူတွေဘက်က စိတ်ဝင်တစားသိချင် စရာဖြစ်နေပါတယ်။
ဒီ (၆)ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၆ရက်ကနေ ၁၀ရက်နေ့အထိ အချိန်ယူပြီး ကျင်းပခဲ့တာဖြစ်သလို ဗဟိုအမြဲတမ်းကော်မတီဝင်များ (KNLA)မှ ကိုယ်စားလှယ်တပ်မှူးကြီးများ၊ အထူးဖိတ်ကြား ထားသူများ စုစုပေါင်း (၈၈)ဦး တက်ရောက်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဆွေးနွေးပွဲရဲ့ ဦးတည် ချက် ၂ရပ်ကိုလည်း ကြေညာချက်ထဲမှာ အခုလို ဖော်ပြထားပါတယ်။
– ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၅-၁၆)ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး အခင်းအကျင်းဖြစ်စဉ်နှင့် သဘောတူညီချက်များ၊ အထူးသဖြင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ခဲ့ကြသည် ဟူ၍ ဖော်ပြထားပါ တယ်။
ဒါပေမယ့် တစ်ဆို့မှုတွေရဲ့ ဇစ်မြစ်နဲ့ ပင်မအကြောင်းတရားကို သူ့ဘက်ကိုယ့်ဘက် ရှင်းရှင်းလင်းလင်း၊ တိတိကျကျ ဖော်ထုတ် သုံးသပ်ထားတာတော့ မတွေ့ရဘဲ Stakeholder ဆိုတဲ့ စကားလုံးနဲ့ ရောထွေးထားသလို ဖြစ်နေပါတယ်။ ပြဿနာရဲ့ ပင်မအကြောင်းတရားနဲ့ ရောဂါရဲ့ဇစ်မြစ်ကို တိတိကျကျ ဖော်ထုတ်နိုင်မှသာ အဖြေမှန်နဲ့ ထိရောက်တဲ့ ဆေးဝါးကုသမှုကို ပြုလုပ် နိုင်မှာ မဟုတ်ပါလား။
အားလုံးပါဝင်ရေးဆိုတဲ့ ခေတ်အခါသမယမှာ အားလုံးဟာ Stakeholder တွေချည်းပဲ မဟုတ်ပါလား။ ဒီတော့ ဘယ်သူ့ ဘယ်သူ ရည်ညွန်းတယ်ဆိုတာ တိကျရှင်းလင်းဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့် လက်တွေ့ အကောင်အ ထည်ဖော်မှုဖြစ်စဉ်မှာ အပိုင်းလိုက် တာဝန်ယူရမယ့် တာဝန်ခံရမယ့်ကိစ္စတွေ ပေါ်လွင်ထင်ရှားလာမှာ ဖြစ်ပါတယ်။ ဒီကနေတ ဆင့် တစ်ဆို့မှုတွေ ဘယ်ကနေ စီးဆင်းလာနေတယ် ဆိုတဲ့ ဇစ်မြစ်ကိုလည်း သိရှိနိုင်၊ ရှင်းလင်းဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
တစ်နေရာမှာသာ အခုလို တိတိကျကျ ဖော်ပြထားတာ တွေ့ရပါတယ်။
“သို့ဖြစ်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းညှိနှိုင်း ဆောင်ရွက်နေချိန်တွင် အစိုးရနှင့် တပ်မတော်ဘက် က NCA သဘောတူစာချုပ်တွင် ပါဝင်မှုမရှိသော ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စရပ်များကို ဆွေးနွေးရန် တင် သွင်းလာပါသည်”တဲ့။
နောက်အကြောင်းအရာတစ်ခု ဆက်ကြပါအုံးစို့။
– “လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသော Stakeholder များအနေဖြင့် NCA အပေါ် နားလည်မှုများ ကွဲလွဲနေသည်များရှိ ရာ ၎င်းဖြစ်စဉ်ကို ဖြေရှင်းရန်ထက် ရှောင်ကွင်းပြီး မိမိနားလည်သလို အကောင်အထည်ဖော်နေသောကြောင့် ရှုပ်ထွေးမှုများ ဆင့်ကဲဖြစ်ပေါ်နေပါသည်”
– “တစ်ဖက်တွင်လည်း NCA ပါ အချက်များအား အကောင်အထည် မဖော်နိုင်သေးသည်များလည်း ရှိနေသောကြောင့်”
– “လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ ဖော်ဆောင်ရန် လိုအပ်နေသေး သည့်အပြင် ယုံကြည်မှုတည်ဆောက်သည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရာပါသည် ” တဲ့။
ဒီအချက် ၃ချက်ကို ဖတ်လိုက်ရတာနဲ့ (NCA)လမ်းကြောင်းပေါ်က ပြဿနာတွေကို ကရင့်ဓလေ့စရိုက်နဲ့အညီ ပွင့်ပွင့် လင်းလင်း၊ တည့်တည့်တန်းတန်း ပြောဆိုထားတဲ့အချက်၊ [ကာချုပ်စကားနဲ့ဆိုရင် (NCA) အထုပ်ဖြည်ပြတာလိ့ု ဆိုရမှာပေါ့]
Stakeholder များကိုယ်၌က တစ်ဆို့မှု ဖြစ်နေပါတယ်။ (NCA) ကိုယ်၌က တစ်ဆို့မှုဖြစ်နေတယ် ဆိုတဲ့အချက်ကို ကွက် ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ “ဆင့်ကဲ” ဖြစ်ပေါ်နေတာတဲ့။
ဒီတစ်ဆို့မှုတွေကို ဘယ်လိုများအဖြေရှာမလဲဆိုတာ ကြေညာချက်ထဲလိုက်ရှာကြည့်တော့ “ထိုအကြောင်းအရာများ အားလုံးကို မည်ကဲ့သို့ အဖြေရှာနိုင်ရေးကိစ္စများကို Stakeholder များနှင့် ဆက်လက် ဆွေးနွေးအဖြေရှာသွားမည် ဖြစ်သည်”လို့ ရေးသားပါရှိနေတာ တွေ့ရပါတယ်။
ဒီတော့ “တစ်ဆို့မှုအစ Stakeholder” က – “တစ်ဆို့မှုအစ (NCA) က” လို့ ပြောရတော့မှာပဲ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ “(KNU)ရဲ့ (၆)ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းဝေး သဘောထားထုတ် ပြန်ချက်” အပေါ်ကနေ လေ့လာသုံးသပ်မိတဲ့ အချက်တွေထဲက တချို့ပဲဖြစ်ပါတယ်။ (KNU) အနေနဲ့ ထုတ်ဖော်မပြောလိုသေး တဲ့ အချက်တွေလည်း ရှိချင် ရှိနေနိုင်ပါသေးတယ်။
ဒီနေရာမှာ (KNU) အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေကို ပန်ကြားလိုတဲ့ အချက်တစ်ခု ရှိပါတယ်။ (KNU) ရဲ့ လွတ်မြောက်နယ်မြေမှာ စင်ပြိုင်အစိုးရလည်း ဖွဲ့စည်းဖူးသလို၊ တပ်ပေါင်းစုတွေလည်း မျိုးစုံအောင် ဖွဲ့စည်းခဲ့ဖူးပါတယ်။ တိုင်းရင်း သားနှီးနှောဖလှယ်ပွဲတွေ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စာချုပ်တွေဆိုတာလည်း ချုပ်ဆိုခဲ့ကြဖူးပါတယ်။ အဲဒီလို ကာလတွေတုန်းက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ တောခိုလာတဲ့ မြို့ပေါ်က ကျောင်းသားလူငယ်တွေကို တိုင်းရင်းသား ခေါင်းဆောင်ကြီး၊ လတ်၊ ငယ်တွေထဲက အချို့သောသူများက သူတို့ရဲ့“တော်လှန်ရေး ဝါနဲ့ ဝိတ်”ကို သုံးပြီး ဖက်ဒရယ်လက်ချာ ရိုက်ခဲ့ကြသလိုမျိုး ဒီနေ့ စစ်အာဏာရှင်စနစ်ကနေ တစ်ဖဝါးမှ ဆုတ်မပေးချင်တဲ့ ဗမာလူမျိုးကြီးဝါဒီ စစ်ဗိုလ်တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာလည်း ဖက်ဒရယ်လက်ချာ ရိုက်စေလိုပါတယ်။
ပြီးတော့ အောက်တိုဘာ ၁၅ရက်နေ့ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောစကားနဲ့ အပြုအမူအပေါ် တိုင်းရင်းသားခေါင်း ဆောင်တွေ ဘယ်လိုသဘောထားကြသလဲတော့ မသိပါဘူး။ ဝမ်းနည်းတယ်ဆိုတဲ့ စကားလောက်နဲ့ မျက်ရည်ခံထိုးသလို လုပ် လို့ မဖြစ်ပါဘူး။ စုစုစည်းစည်း၊ တည်တည်ကြည်ကြည်နဲ့ ဝိုင်းဝန်းကန့်ကွက်ကြရမှာပါ။
ဒီလိုခပ်ရင့်ရင့် ဗိုလ်ကျသွားတဲ့ အပြုအမူနဲ့ အပြောအဆိုကို သက်ဆိုင်ရာ (NCA-S – EAOs)များအနေနဲ့လည်း တဖွဲ့ ချင်းအရဖြစ်စေ၊ ပူးတွဲ၍ဖြစ်စေ ကြေညာချက်ထုတ်ပြန်ပြီး ဆုံးမရမှာပါ။ ဒီလိုထုတ်ပြန်ကန့်ကွက်ဖို့လည်း ပျက်ကွက်ခဲ့ကြတယ်။ ကန့်ကွက်ဖို့တောင် “ထုံထိုင်း”သွားကြတယ်လို့ ထင်ပါတယ်။ စကားလုံးကြမ်းသွားရင် တောင်းပန်ပါတယ်။ ဆွေးနွေးပွဲဆိုတာ အပေးအယူ၊ အလျှော့အတင်းဆိုတာ ရှိစမြဲပါ။ အလျှော့ပေးလွန်းရင် အရှုံးပေးရေး ဝင်မှန်းမသိ ဝင်လာတတ်ပါတယ်။ တချို့က လည်း ကြောက်မှန်းသိရင် ဖြဲခြောက်တတ်ပါတယ်။ “အမောက်” ဆိုတာ လိုအပ်ရင် ထောင်ပြဖို့ လိုကိုလိုအပ်ပါတယ်။ သတင်း ဌာနတွေ ဖိတ်ခေါ်ပြီး မိမိသဘောထားအမြင်ကို လေးနက်တည်ကြည်စွာ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်ပါတယ်။ “ငါ့ပြောတာ မဟုတ်ဘူး။ ငါ့အဖွဲ့ပြောတာ မဟုတ်ဘူး”လို့ သံတမန်ဆန်ဆန် တွက်ကပ်နေကြမယ်ဆိုရင်တော့ အားလုံး အစားခံရပါလိမ့်မယ်။
အခုတော့ “သူခိုးပြေးမှ ထိုးကွင်းထ” ဆိုတဲ့ စကားပုံလို ဖြစ်နေကြပါတယ်။