မြန်မာနိုင်ငံသား၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့သော တိုင်းပြည်အုပ်ချုပ်သော စနစ်များထဲတွင် ဒီမိုကရေစီစနစ်သည် လွန်စွာခက်ခဲပေသည်။ ဒီမိုကရေစီစနစ်အောင်မြင်ရန် ပြည်သူတို့၏ အသိဉာဏ်၊ ဆင်ခြင်တုံတရား များစွာလိုအပ်မည်ဟူသော အဆိုအမိန့်ကို အမြဲတမ်းသတိရမိပေသည်။ သို့မဟုတ်ပါက ဗယုသုက္ခကိုသာ ဖြစ်စေလိမ့်မည်ဟူသော ပြောကြားချက်ကို ထပ်မံဆင်ခြင်မိပေသည်။
လက်ရှိမြန်မာပြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်နေတာကို တွေ့ရပေသည်။ နိုင်ငံရေးပါတီများမှ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးကို ဖွဲ့စည်းကာ ထိုလွှတ်တော်များမှတစ်ဆင့် ဖွဲ့စည်းသော အစိုးရအသီးသီးဖြင့် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးကာနိုင်ငံတော်နှင့် ပြည်သူအကျိုးကို ဆောင်ရွက်ကြခြင်း ဖြစ်ပေသည်။
ရွေးကောက်ခံအစိုးရများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်ရာတွင် လွန်စွာသတိထားရပေလိမ့်မည်။ အသွင်ကူးပြောင်းစ နိုင်ငံရေးနှင့်ပတ်သက်သော အတွေ့အကြုံများက မိမိတို့အတွက် သင်ခန်းစာယူယုံပင် ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီနစ်သို့ ပြောင်းလဲခဲ့သော နိုင်ငံများတွင် မဲအပြတ်အသတ်ဖြင့် နိုင်ခဲ့သော ပြည်သူ့ပါတီများသည် နောက်ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်သွားရသည့် သင်ခန်းစာများစွာရှိပေသည်။
အဘယ်ကြောင့် ဒီလိုဖြစ်ရသည်ကို သုံးသပ်ရလျှင် ပြည်သူ၏တစ်ခဲနက်ထောက်ခံမှုကြောင့် မဲဆန္ဒနယ်အများအပြားအနိုင်ရပြီး လွှတ်တော်ထဲတွင် လွှမ်းမိုးချုပ်ကိုင်ထားနိုင်သလို အစိုးရကိုလည်း တစ်ပါတီထဲကသာ ဖွဲ့နိုင်တာကို တွေ့ရပေသည်။ ထိုသို့ဖြစ်သောကြောင့် အစိုးရများ၏ လုပ်ဆောင်ချက်များအပေါ် အဓိကအပြန်အလှန်ထိန်းကျောင်းမည့် လွှတ်တော်များ၏ စွမ်းဆောင်ရည်က အကန့်အသတ်ဘောင်အတွင်း ကျရောက်ကာ အပြောင်းအလဲကို အားလျော့စေပေလိမ့်မည်။
ဒါ့အပြင် ပါတီတွင်း ဗဟိုချုပ်ကိုင်မှုကလည်း ဒေသလွှတ်တော်များနှင့် အစိုးရများ၏ လက်တွေ့ဆောင်ရွက်မှု အခြေအနေမှန်များအပေါ် ကောင်းစွာသိရှိနိုင်ခြင်း မရှိပဲ ဆုံးဖြတ်ချက်အလွဲများ ဖြစ်ပေါ်၍ သွားမည့်စနစ်နှင့် အံမဝင်သော အဖြစ်မျိုးကြုံတွေ့နိုင်ရပေသည်။ စနစ်က ဒီမိုကရေစီကိုသွားမည်ဆိုလျှင် ပါတီတွင်းတွင်လည်း ဒီမိုကရေစီအရင်တည်ဆောက်ဖို့ လိုပေလိမ့်မယ်။
အစိုးရပိုင်းအနေဖြင့်လည်း ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဖွဲ့စည်းတည်ဆောက် အုပ်ချုပ်မှုပုံစံများ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုမှာသလို တစ်ဖက်တွင်လည်း ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်းလျှော့ချဖို့ ပြင်ဆင်ရပေလိမ့်မည်။ အဓိကအားဖြင့် ပြည်သူနှင့်အတူသွားမည်ဆိုသော ဆောင်ပုဒ်နှင့်အညီ ပြည်သူကို ဖယ်ဒရယ်ဒီမိုကရေစီအမြင်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် အားထည့်လုပ်ဆောင်ရပေလိမ့်မည်။
ကျောင်းသားလူငယ်များကို ဒီမိုကရေစီစနစ်၊ ဖယ်ဒရယ်ဆိုင်ရာ အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်း၊ ပြည်သူလူထုကို ဒီမိုကရေစီရေချိန်မြှင့်တင်ပေးခြင်းများကို အာဏာရအစိုးရများက လုပ်ဆောင်ရပေလိမ့်မည်။ ထိုမှသာ ပြည်သူလူထုက ဒီမိုကရေစီရေချိန်မြှင့်လာကာ စနစ်အပေါ် နားလည်သဘောပေါက်၍ အတူတကွ သွားနိုင်မည်ဖြစ်ပါသည်။ ထိုအရာကို ရွေးကောက်ခံ အနိုင်ရကိုယ်စားလှယ်များကသာ လုပ်ဆောင်နိုင်မည်ဖြစ်ပေသည်။
အထူးသဖြင့် အာဏာကို လက်ဝယ်ရရှိထားသော အစိုးရများကသာ ပို၍လုပ်ဆောင်နိုင်မည်ဖြစ်ပေသည်။ စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် လွှတ်တော်နိုင်ငံရေး၊ ဖယ်ဒရယ်ဒီမိုကရေစီနှင့် အစိုးရအုပ်ချုပ်ရေးစနစ် အကြောင်းများကို ထည့်သွင်းစီစဉ်ပေးမှသာ မိမိတို့သွားလိုသောစနစ်ကို အတူတကွ ချီတက်သွားလာနိုင်မည်ဖြစ်သည်။
အာဏာနိုင်ငံရေးနှင့် ဘတ်ဂျက်အသုံးချရေးနိုင်ငံရေးမှာတင် လမ်းဆုံးမနေဘဲ အစိုးရကိုယ်တိုင်ကိုက မိမိတို့သွားမည့်စနစ်ကို အမှန်တကယ် လေးလေးနက်နက်နားလည် သဘောပေါက်အောင် လေ့လာကြဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီ၏ အနှစ်သာရမှာ အာဏာများကို ခွဲဝေကျင့်သုံးအုပ်ချုပ်ခြင်းဖြစ်၍ ၎င်းတို့ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် လွှတ်တော်များကသာ ထိန်းကျောင်းနိုင်ပေလိမ့်မည်။
စနစ်တိုင်းတွင် ကောင်းကျိုး၊ ဆိုးကျိုးရှိနေသည်ဖြစ်၍ ဖယ်ဒရယ်ဒီမိုကရေစီ၏ အားနည်းချက်ဖြစ်သော ဗဟိုချုပ်ကိုင်မှုကို လျှော့ချ၍ ဒေသများသို့ ပေးလိုက်သောအာဏာနှင့် လုပ်ပိုင်ခွင့်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့်သာ ထိန်းကြောင်းရပေလိမ့်မည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများ ဆိုသည်မှာလည်း လူတွေကသာ ချမှတ်ထားသဖြင့် အားနည်းချက်တော့ ရှိ်မည်ဖြစ်သည်။ ထိုနေရာတွင် လွှတ်တော်များက ဝင်ရောက်ထိန်းကြောင်းရပေလိမ့်မည်ဖြစ်သည်။ တစ်ပါတီတည်း ကြီးစိုးသောလွှတ်တော်၊ အစိုးရများတွင်တော့ အပြန်အလှန်ထိန်းကြောင်းခြင်းဆိုသည်မှာ ပါတီစည်းကမ်းလောက်တောင် ကြောက်စရာ မလိုတော့သည့် အဖြစ်မျိုးကို တွေ့နိုင်ပေသည်။
အချုပ်အားဖြင့်ဆိုသော် ယနေ့ခေတ်လို အသွင်ကူးပြောင်းကာလတွင် လွှတ်တော်များ၏ အပြန်အလှန်ထိန်းကြောင်းမှု အားနည်းခြင်း၊ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စိုးရိမ်နေရခြင်း၊ အစိုးရများ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းချိုးဖောက်ကျော်လွန် လုပ်ဆောင်မှုများကို မြင်တွေ့နေရသလို ပြည်သူတို့၏ ညည်းညူသံများကို ကြားနေရသည်မှာ ဒေါ်အောင်ဆန်းစုကြည် အလွန်အတွက်တင်သမက နိုင်ငံ၏ဒီမိုကရေစီအပြောင်းအလဲ နောက်ပြန်မလန်ရေးအတွက်ပါ လွန်စွာစိုးရိမ်မိပေသည်။ ထိုအချက်ကိုကျော်လွန်သွားရန် ပါတီ၊ လွှတ်တော်၊ အစိုးရတို့ပူးပေါင်းကာ ပြည်သူ့အသံအစစ်အမှန်ကို နားထောင်၍ ဖြေရှင်းနိုင်မှသာ မြန်မာပြည်၏ ဖယ်ဒရယ် ဒီမိုကရေစီစနစ်အောင်မြင်နိုင်မည်ဖြစ်ကြောင်း မီးမောင်းထိုးရေးသား တင်ပြလိုက်ရသည်။