မွန်အမျိုးသားပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်းနှင့်တွေ့ဆုံးမေးမြန်ချက်

မွန်အမျိုးသားပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်းနှင့်တွေ့ဆုံးမေးမြန်ချက်
by -
ဟင်္သာမီဒီယာ
“ ခုနှစ်တိုင်း ခုနှစ်ပြည်နယ်ဆိုတာက ဖက်ဒရယ်မူမဟုတ်ဘူး။ ဖက်ဒရယ်မူဆိုတာက ပြည်နယ်ဆိုပြည်နယ်ကြီးပဲ ဒေသဆိုဒေသကြီးပဲ အဲ့လိုသွားမှ ဖက်ဒရယ်မူဖြစ်တယ်။”ဆိုတဲ့ အသက် ၉၃ နှစ်အရွယ်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး မွန်အမျိုးသားပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပါတီမှအနားယူခွင့်ပေးရန်ရာသက်ပန်နှုတ်ထွက်လွှာတင်သွင်းခဲ့သည့်အကြောင်းအရာများနှင့် မွန်ပါတီများ၏အနာဂတ်၊မွန်လူမျိုးများ၏ နိုင်ငံရေးအခြေအနေနှင့် မြန်မာနိုင်ငံရေးအခြေအနေများကို ဟင်္သာမီဒီယာတွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ။  ။ဆရာကြီးအနေနဲ့ ဘာဖြစ်လို့ ပါတီကထွက်တာလဲ။

NNT။   ။မျက်စိခွဲထားတာလည်း ကောင်းကောင်းမမြင်တော့ဘူး။ မမြင်တဲ့အခါကျတော့ အလုပ်လုပ်ဖို့ခက်တယ်။ ခက်တဲ့အခါကျတော့ ပါတီကိုထိန်းပေးပါဆိုလို့ ထိန်းပေးတယ်။ ထိန်းပေးတဲ့အခါကျတော့ သူတို့အစည်းအဝေးရှိရင်လာခေါ်တယ်။ စီမံထားတဲ့အတိုင်း သူတို့မလုပ်ဘဲနဲ့ သူတို့လုပ်ချင်တာ သူတို့လျှောက်လုပ်ကြတယ်။ လုပ်တဲ့အခါကျတော့ ကျွန်တော်ကတော့ အရှေ့ကနေပြီးတော့ နာမည်ခံ။ သူတို့မှားတာတွေကို ကျွန်တော်က တာဝန်ခံရမယ်ဆိုတာဖြစ်တယ်။ အဲ့ဒါကြောင့်မို့ မလုပ်တော့ဘူးလို့။

ဟင်္သာမီဒီယာ။  ။ဆရာကြီးအနေနဲ့ကကော ပါတီကထွက်ပြီးရင်ဘာတွေလုပ်မလဲ။

NNT။   ။ကျွန်တော်ဖောင်ဒေးရှင်းတစ်ခုဖွဲ့ဖို့စဉ်းစားတယ်။ ဒါပေမယ့်လောလောဆယ်မဖြစ်ဘူး။ မဖြစ်တဲ့အခါကျတော့ ပြည်သူအတွက်အကျိုးရှိတဲ့စာအုပ်တွေထုတ်မယ်။ အခုခေတ်စားနေတဲ့ ဖက်ဒရယ်မူတို့ဘာတို့ အဲ့ဒီမှာ ကျွန်တော်တို့ဆီမှာရှိတယ် ဖက်ဒရယ်မူဆိုတာက သခင်ချစ်မောင်ရေးထားတဲ့ ဖက်ဒရယ်မူက ဘာလဲဆိုရင် တစ်ကမ္ဘာလုံးမှာကျင့်သုံးတဲ့ ဖက်ဒရယ်မူကို ထောက်ပြတင်ပြထားတာရှိတယ်။ နောက်တစ်ခုက ဗမာပြည်ကိုပြန်လည်ဖွဲ့စည်းလို့ရှိရင် လူမျိုးရှစ်မျိုးနဲ့အခြေခံတဲ့ ဟိုတုန်းကပေါ့ဗျာ သူရေးထားတာက ရှစ်ပြည်နယ်ကိုအခြေခံလုပ်ရမယ်လို့ ရေးထားတယ်။ ၁၃၅ မျိုးဆိုတာ လူမျိုးမဟုတ်ဘူး။ မျိုးနွယ်စုကိုခေါ်တာ အဲ့ဒါကို လူမျိုးအနေနဲ့သွားပြီးတော့ အခြေခံပြီးတော့ ဖွဲ့လို့မရဘူး။ နောက်တစ်ခုက ၁၉၆၁ခုနှစ် ပင်လုံညီလာခံမှာ တောင်းဆိုတဲ့ ဖက်ဒရယ်မူစာတမ်းတစ်ခုရယ် အဲ့ဒီဖက်ဒရယ်မူကို ဘာကြောင့်တောင်းရလဲဆိုတော့ အစည်းအဝေးပိတ်တဲ့နေ့မှာ ဥက္ကဋ္ဌကြီးပြောတဲ့မိန့်ခွန်းမှာ အဲ့ဒါကိုစာအုပ်ရိုက်ဖို့ ပုံနှိပ်တိုက်ကိုတင်လိုက်ပြီ။ အဲ့ဒါကို ကျွန်တော်တို့က အမြတ်အစွန်းလို့သဘောမထားဘဲနဲ့ ပြည်သူတွေက သဘောကျမယ်ဆိုရင် ကျွန်တော်တို့ကရောင်းမယ်။ အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့က တိုင်းပြည်အတွက်အကျိုးရှိမယ့် စာရွက်စာတမ်းတွေကို ကျွန်တော်တို့မှာစုထားတာတွေအများကြီး အဲ့ဒါတွေကို ကျွန်တော်တို့က ဆက်ပြီးတော့ စာပေထုတ်ဝေပြီးတော့ ပြည်သူတစ်ရပ်လုံး တိုင်းရင်းသားလူမျိုးတွေအားလုံးသိအောင် ပညာပေးတဲ့ဟာကို ဆက်လုပ်မယ်လို့ လောလောဆယ် စီစဉ်ထားတယ်။ လုပ်လည်းလုပ်နေပါတယ်။

ဟင်္သာမီဒီယာ။  ။ပါတီတွင်းမှာ ဘာတွေဖြစ်နေတာလဲ။

NNT။   ။ပါတီတွင်းမှာက အင်မတန်ဆိုးတယ်။ အထက်ပိုင်းမှာက ဝန်ကြီးလုပ်တဲ့ နို်င်သက်လွင်တို့ဘာတို့ အဲ့အုပ်စုက ပါတီကချတဲ့လမ်းစဉ်ကိုမလိုက်ဘူး ကိုယ်ထင်တာကိုယ်လျှောက်လုပ်ကြတယ်။ အဲ့ဒါတွေနဲ့ ပက်သက်ပြီးတော့ တားလို့လဲမရဘူး။ မရတဲ့အခါကျတော့ သူတို့ကပြောတာက ပါတီရဲ့တည်တံ့ခိုင်မြဲရေးအတွက် ထိန်းပေးပါဆိုလို့ ထိန်းပေးရတယ်။ သူတို့တည်တံ့အောင်လို့ ထိန်းပေးရတယ်။ ဒါပေမယ့် ပြောတဲ့စကားလည်းနားမထောင်ဘူး။ ဘာမှလည်းလုပ်လို့မရမယ့်အတူတူ ဆက်လုပ်နေရင်လည်းဘာမှမထူးဘူး တော်လိုက်ရင်ကောင်းမယ်ဆိုပြီးတော့ ဟိုတုန်းကထွက်စာတင်တယ် သူတို့ကလက်မခံဘူး လက်မခံလို့ ဟိုခေါ်ဒီခေါ်လျှောက်ခေါ်ပြီးတော့ သူတို့လုပ်ချင်တာလုပ်ပြီးတော့ ကျွန်တော်ကရှေ့က ရုပ်ပြပြီးတော့သူတို့လုပ်ချင်တာလုပ်ပြီးတော့ ရောင်းစားနေတာကို ကျွန်တော်က ကြာလာတဲ့အခါကျတော့ မခံနိုင်တော့ဘူး။ မခံနိုင်တော့ ဒီတစ်ခါကျတော့ အပြီးအပိုင်ပဲ သေတဲ့အထိ ရာသက်ပန် ကျွန်တော် မလုပ်တော့ဘူးထွက်တယ်။ စာတင်တယ်။ နောက်တစ်ခုရှိတာက ကျွန်တော်တို့ဆီမှာက အရှုပ်အရှင်းတွေရှိပါတယ်။ နောက်ဝင်တဲ့သူတွေကနေပြီးတော့ ကျွန်တော်တို့ပါတီရဲ့ ဆုံးဖြတ်ချက်ကိုမလိုက်နာဘဲနဲ့ သူတို့ကြိုက်တာသူတို့လျှောက်လုပ်တယ်။ အဲ့ဒီပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့ဓနအင်အားနဲ့ ငွေရေးကြေးရေးနဲ့ ငွေရေးကြေးရေးက ဘယ်ကရတယ်ဆိုတာကိုမပြောချင်ဘူး။ အဲ့ဒါအတင်းဖိလုပ်တဲ့အတွက် ကျွန်တော်တို့က နောက်ထပ်ဆက်သွားရင်ဘာမှမဖြစ်ဘူး အခုလည်းပျက်နေတယ်။ ကျွန်တော်ပြောတယ် နားမထောင်ဘူး လုပ်ချင်တာလုပ်တယ်။ မျက်စိမမြင်တဲ့ကြားထဲမှာ ကျွန်တော်ထွက်စာကို မျက်စိမမြင်တဲ့အတွက် သူများကိုရေးခိုင်းပြီးတော့ အဲ့ဒါကိုပြန်ဖတ်ခိုင်း အဲ့ဒါကို CEC ကိုတင်တယ်။ CEC ကသိလားမသိလားတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က စတင်တယ်။ အဲ့လိုဖြစ်နေတဲ့အတွက် ကျွန်တော်ဆက်လည်းမလုပ်ချင်ဘူး။ မြန်မာပြည်နိုင်ငံရေးကလည်း ကျွန်တော့်အမြင်အရ အကြပ်အတည်းတွေအများကြီးတွေ့တယ်။ ဒီအကြပ်အတည်းကို ဘယ်လိုလွန်မြောက်အောင်လုပ်မလဲဆိုတာကို ညီညီညာညာနဲ့လုပ်ဖို့လိုတယ်။ ဒီအကြပ်အတည်းကိုဘယ်လိုလုပ်မလဲ ဖွဲ့ထားတဲ့ အနိုင်ရပါတီရဲ့ အရပ်သားအစိုးရဆိုတာ နာမည်ခံအစိုးရပဲ ဘာမှမလုပ်ဘူး။ ဘာမှမလုပ်နိုင်ဘူး။ ၂၁ ရာစုပင်လုံညီလာခံအောင်မြင်ရေးအတွက် ကျွန်တော်တို့စတင်လုပ်ခဲ့တာ။ ၂၀၀၆ ကတည်းကကျွန်တော်တို့လုပ်ခဲ့တာ။ လုပ်ခဲ့တာက ကျွန်တော်တို့ ဒေါ်အောင်ဆန််းစုကြည်ကိုတာဝန်ပေးတယ် ပေးပြီးတော့ လုပ်တဲ့အခါကျတော့ ဝိုင်းလုပ်တာကျွန်တော်တို့သိတယ် ၂၁ ရာစုပင်လုံညီလာခံကို လုပ်ဖို့အတွက် ပြင်ဆင်ရေးကော်မတီဖွဲ့တယ်။ ကျွန်တော်တို့အဖွဲ့လည်းပါတာပေါ့ ကိုယ်စားလှယ်လွှတ်လိုက်တယ်။ ဟိုကျတော့ တပ်မတော်ကိုယ်စားလှယ်ကလက်မခံတဲ့အတွက် ၂၁ ရာစုပင်လုံညီလာခံမဖြစ်ဘဲနဲ့ သူတို့ချမှတ်ထားတဲ့ NCA ကို ဆက်လုပ်ပါလို့ အမိန့်ချတဲ့အတွက် အဲ့ဒီအတိုင်းပဲ ကျွန်တော်အမြင်ပြောရရင်တော့ NCA ကို အမည်ပြောင်းလိုက်ပြီးတော့ ၂၁ ရာစုပင်လုံညီလာခံဆိုပြီးတော့ နာမည်တပ်ထားတယ် ဒါပဲရှိတယ်။ လာမယ့်လမှာ ညီလာခံလုပ်ဖို့အတွက် လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့က နယ်ဆင်းပြီးတော့ စည်းရုံးရေးလုပ်နေတယ်။ သူတို့ဦးဆောင်ပြီးလုပ်နိုင်ဖို့အတွက် ကြိုးစားပြီးတော့ အဲ့လိုဖြစ်နေတယ်။ တိုင်းပြည်အတွက်လည်းမကောင်းဘူး။ ကိုယ့်အမျိုးသားအတွက်လည်းမကောင်းဘူး မကောင်းတာအချင်းချင်းဆိုတော့ ၂၁ ရာစုကျင်းပရေးကို တက်စရာမလိုတော့ဘူး မတက်လည်းရတယ် ဘာမှမထူုးဘူး။

ဟင်္သာမီဒီယာ။  ။မွန်ပါတီတွေအခြေအနေဘယ်လိုရှိလဲ။

NNT။   ။မွန်ပါတီအခြေအနေက စောစောကပြီးပြီးသလိုပဲ အခြေအနေမကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အချိန်တိုင်းဘယ်လိုဖြစ်လဲဆိုတော့ အောက်ခြေအဖွဲ့အစည်းက ကျွန်တော်တို့က နိုင်ငံရေးလမ်းစဉ်ကိုနားလည်တယ်။ အပေါ်ကအုပ်ချုပ်တဲ့သူတွေ ဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့က နားမလည်တဲ့သူတွေများတယ်။ များတဲ့အခါကျတော့ အောက်ခြေက အပေါ်တက်လာမှာစိုးလို့ အပေါ်ကဖိထားတယ်။ အောက်ကလူတွေ အထက်ကိုတက်လာအောင် ခွင့်ပြုမထားတဲ့အခါကျတော့ ပါတီတွင်းမှာ ကိုနှိုက်က New Generation ပေါ့ အားသစ်လောင်းဖို့မဖြစ်ဘူး။ ပျက်နေတယ်။ ဒီအတိုင်းသွားလို့ရှိရင် ကျွန်တော်မြင်တာက အသစ်ပြန်ဖွဲ့ရင်ဖွဲ့ မဖွဲ့ရင်ပျက်ပြီလို့ ကျွန်တော်သဘောထားတယ်။

ဟင်္သာမီဒီယာ။  ။မွန်တိုင်းရင်းသားနိုင်ငံရေးအခြေအနေကော အခြေအနေဘယ်လိုရှိနေလဲ။

NNT။   ။NLD ကလူပါးဝပြီးအနိုင်ယူတယ် ဘာညာပြောနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဖက်က ခိုင်ခိုင်ခံ့ခံ့တိုက်ပွဲဝင်နိုင်တဲ့ အရည်အချင်းမှမရှိပဲ။ ဆိုတော့ ရှုံးတာပေါ့။ အဲ့ဒါကိုပြောတဲ့အခါကျတော့ ကျွန်တော်ပြောတာက ရွေးကောက်ပွဲ ဆရာတော်တွေပြောတာက ရွေးကောက်ပွဲ ပေါင်းရင်ရွေးကောက်ပွဲကိုနိုင်မယ်ထင်တယ်။ ကျွန်တော်ပြောတာက ပေါင်းလည်းမနိုင်ဘူး။ အောက်ခြေအဖွဲ့အစည်းမှမရှိတဲ့အဖွဲ့အစည်းဟာ ဘယ်လိုလုပ်နိုင်မလဲ။ တစ်ပြည်လုံးက ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မဲမပေးတဲ့ကာာလမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုထောက်ခံနေတယ်ဆိုတော့ ဘယ်လိုလုပ်မဲရမလဲ။ ဒါကြောင့်မို့ ပေါင်းစည်းရေးဟာ မဖြစ်နိုင်ဘူးဆိုတာကို ဒီနေ့အထိ ကျွန်တော်ခိုင်ခိုင်မာမာရပ်တည်တယ်။ ကျွန်တော်မထွက်ခင်ကလည်းပြောခဲ့တယ် ပါတီမှာ။

ဟင်္သာမီဒီယာ။  ။မွန်ပါတီတွေပေါင်းစည်းရေးကိုပြောပေးပါဦး။

NNT။   ။ပါတီတွေပေါင်းတာနဲ့ ပက်သက်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ဘယ်သူမှပြိုင်တဲ့သူတွေမရှိဘူး။ မွန်ဒေသလုံးဆိုင်ရာပါတီက ကျွန်တော်တို့ တပ်ပေါင်းစုပေါ့ ဘာခေါ်လဲ MAU မွန်အဖဲလ်ရား ယူနီယံကနေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး ၂၀၁၀ ရွေးကောက်ပွဲမဝင်ဘူး။ အဲ့ဒီပါတီကနေပြီးတော့ အစိုးရပိုက်ဆံရလို့လား အဲ့ဒီပိုက်ဆံနဲ့ ရွေးကောက်ပွဲဝင်တယ်။ ဝင်တော့ မွန်ပါတီတွေဘယ်သူမှမရှိတော့ သူတို့ကိုမဲပေးတာပေါ့။ လွှတ်တော်ထဲမှာ မွန်ပါတီမရှိရင် မျက်နှာငယ်တယ် အဲ့ဒါဆိုတော့ မဲတွေဘာတွေနည်းနည်းပါးပါးရတာ။ ရပြီးတော့ ဖွဲ့စည်းထားတယ်။ ဖွဲ့စည်းထားတဲ့အခါကျတော့ သူတို့ကအခြေအနေမကောင်းဘူး ကျွန်တော်ပြောပြီးသား သူတို့အဖွဲ့အစည်းက ပါတီဝင်စာရင်းလည်းမရှိဘူး။ ဘယ်လောက်ရှိမှန်းလည်းမသိဘူး။ အောက်ခြေအဖွဲ့အစည်းကလည်း ဘယ်မြို့နယ်မှာမှ အဖွဲ့အစည်းမရှိဘူး။ ကျွန်တော်တို့အဖွဲ့စပြီးတော့ ထောင်ကတည်းက မြို့နယ်အဖွဲ့အစည်းတွေ သိပ်တော့မစုံဘူးပေါ့။ စုံနိုင်သလောက်စုံအောင်လုပ်တယ်။ ကျွန်တော်တို့ ပါတီဝင်ကဒ်ပြားထုတ်ပြီးသား ရွေးကောက်ပွဲပြီးတဲ့အခါကျတော့ ရှစ်သောင်းလောက်ရှိတယ်။ ပါတီဝင်ကဒ်ပြားထုတ်ပြီးသား။ ဟိုက ပါတီဝင်ကဒ်ပြားတောင်မရှိဘူး။ အဲ့ဒီပါတီက ကျွန်တော်တို့ကို ဘုန်းကြီးတွေက ပေါင်းပါပေါင်းပါတဲ့။ အဲ့ဒီပေါင်းပါဆိုကတည်းက ကျွန်တော်စပြောတယ် အဲ့ဒီ မွန်ဒေသလုံးဆိုင်ရာပါတီက သူကိုင်ဆွဲတဲ့ဟာက ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရကို ထောက်ခံတဲ့အဖွဲ့ ကျွန်တော်တို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ကန့်ကွက်တဲ့အဖွဲ့။ ရှုံ့ချတဲ့အဖွဲ့။ ဒီနှစ်ခုဘယ်နှယ့်လုပ်ပြီးတော့ ညီညွတ်ရေးလုပ်လို့ရမလဲ။ လုပ်လို့မရဘူး ကျွန်တော်ပြောတာက။ ကျွန်တော်က CEC အစည်းအဝေးမှာ ကျွန်တော်ဗြောင်ပြောတယ် ခင်ဗျားတို့က အဲ့ဒီဘုန်းကြီးတွေကို ရိုသေတယ်ဘာညာဆိုရင် ခင်ဗျားတို့လုပ်ကြ။ ကျွန်တော်မလုပ်ဘူးဆိုပြီး ကန့်ကွက်တယ်။ ဒီမိုကရေစီစနစ်အရ ခင်ဗျားတို့အများစုကလုပ်ချင်ရင်လုပ်ပေါ့ ကျွန်တော်မလုပ်ဘူးလို့ပြောတယ်။ အဲ့ကတည်းက ကျွန်တော်ကန့်ကွက်လာတယ်။ ကန့်ကွက်လာတဲ့အခါကျတော့ နောက်ဆုံးဒီအပတ်ရွေးကောက်ပွဲကျတော့ သူတို့အခြေအနေမကောင်းဘူး သူတို့ရွေးကောက်ပွဲက ကံကောင်းထောက်မလို့ တစ်ယောက်ပဲအနိုင်ရတယ်။ အဲ့ဒီအနိုင်ရတဲ့ကိုယ်စားလှယ်လောင်းကလည်း ပါတီဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ကို နောက်ဆုံးပေါင်းဖို့လုပ်တဲ့အခါကျတော့ ဘာကြေညာလဲဆိုတော့ ဒေါက်တာမင်းနွယ်စိုးက သူ ပေါင်းလို့မရဘူူးတဲ့ ဒီနှစ်ဖွဲ့ဟာ သွားတာလာတာချင်းမတူဘူးတဲ့။ ဒါကြောင့် သေတဲ့ထိတောင်မပေါင်းဘူးလို့ အဲ့ဒီလိုကြေညာတယ်။ ကြေညာတဲ့အခါကျတော့ လွှတ်တော်သွားလုပ်တဲ့ အောင်နိုင်ဦးက သူ့ဥက္ကဋ္ဌကိုသူမကျေနပ်လို့ ထွက်မယ်လုပ်တယ်။ လုပ်တဲ့အခါကျတော့ ပြဿနာပေါ်တယ် သူတို့တွေကအဖွဲ့ကပျက်နေတဲ့ သူတို့အဖွဲ့ပြန်ဖွဲ့တယ်။ ဒေါက်တာမင်းနွယ်စိုးက ဥက္ကဋ္ဌလုပ်တယ်။ အရင်တုန်းက မွန်ပြည်သစ်ပါတီက ချမ်းထောဆိုတဲ့သူက ဒုဥက္ကဋ္ဌလုပ်တယ်။ အဲ့လိုပြန်ဖွဲ့တယ်။ ပြန်ဖွဲ့တဲ့အခါကျတော့ ကျွန်တော်ပြောတာက နိုင်ငံရေးလမ်းစဉ်မတူတဲ့ အဖွဲ့ဟာ ဘယ်တော့မှပေါင်းလို့မရဘူး။ နဂိုကပေါင်းဖို့ ကျွန်တော်ပြောထားတာ။ သူတို့ကလည်းမပေါင်းဘူးပြောတာ။ သူတို့ဥက္ကဋ္ဌလုပ်တဲ့ ဒေါက်တာမင်းနွယ်စိုးက ပေါင်းလို့မရဘူး သေတဲ့အထိတောင်မပေါင်းဘူးလို့ပြောတာ။ အဲ့ဒါကို ပေါင်းပါပေါင်းပါလို့ လျှောက်လုပ်နေရင် အဲ့လောက်ရူးတဲ့သူမရှိဘူး။ ဆရာတော်တွေကပြောတာက ပေါင်းလို့ရှိရင် ရွေးကောက်ပွဲနိုင်မယ်။ ဒါကသူတို့ကမြင်တာ။

ဟင်္သာမီဒီယာ။  ။မွန်ပြည်သစ်ပါတီက NCA ကိုလက်မှတ်မထိုးတာကို ဘယ်လိုမြင်ပါသလဲခင်ဗျ။

NNT။   ။လက်မှတ်မထိုးဘူးဆိုတာက မွန်ပြည်သစ်ပါတီက UNFC မှာပါတယ်။ UNFC က NCA မှာ လက်မှတ်မထိုးတဲ့အခါ မွန်ပြည်သစ်ပါတီလည်းမထိုးဘူး။ အဓိပ္ပာယ်ကတော့ ဒါပါပဲ။ NCA ရဲ့သဘောက အစိုးရရဲ့သဘောကျ ဝန်ကြီးဦးအောင်မင်းတို့ စစ်တပ်ကရေးဆွဲထားတဲ့ဟာ။ မင်းအောင်လှိုင်တို့ စိတ်ကြိုက်ရေးထားတဲ့ဟာဆိုတော့ သူတို့ရဲ့ မူဝါဒကို မကြိုက်လို့ လက်မှတ်မထိုးတာ ဒါပါပဲ။

ဟင်္သာမီဒီယာ။  ။လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားအရေးနဲ့ဆောင်ရွက်နေတာတွေကို ဘယ််လိုမြင်လဲ။

NNT။   ။ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့စတွေ့ကတည်းက သူကပြောတာက Unity and Diversity ကွဲတာတွေကို ညှိုနှိုင်းပြီးလုပ်ဖို့လိုတယ်။ နောက်တစ်ခုအရေးကြီးတာက ဖက်ဒရယ်မူဆိုတာက အာဏာခွဲဝေဖို့အရေးကြီးတယ်ပြောတယ် သူဒါပဲသိတယ်။ သိတဲ့အခါကျတော့ လက်ရှိမှာမြင်တဲ့အခါကျတော့ အဲ့ဒါကိုကိုင်စွဲထားပြီးတော့ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ကျွန်တော်ထင်တယ် ကျွန်တော်အမြင်ပေါ့လေ သူကိုယ်တိုင်ကပြောတာမဟုတ်ဘူးပေါ့ သူအနေနဲ့ လက်ခံတဲ့သဘောရှိတယ်။ ခုနှစ်တိုင်း ခုနှစ်ပြည်နယ်ကို လက်ခံထားတယ်။ ခုနှစ်တိုင်း ခုနှစ်ပြည်နယ်ကို NLD အစိုးရကလည်းတင်ပြဘူးတယ်။ ခုနှစ်တိုင်းခုနှစ်ပြည်နယ်ကိုလက်ခံတယ်။ အဲ့ဒီအပြင် ခုနှစ်တိုင်း ခုနှစ်ပြည်နယ်ဆိုတာက ဖက်ဒရယ်မူမဟုတ်ဘူး။ ဖက်ဒရယ်မူဆိုတာက ပြည်နယ်ဆိုပြည်နယ်ကြီးပဲ ဒေသဆိုဒေသကြီးပဲ အဲ့လိုသွားမှ ဖက်ဒရယ်မူဖြစ်တယ်။ ဒေသနဲ့ ခုနက ပြည်နယ်နဲ့ရောလို့ရှိရင် ဖက်ဒရယ်မူမဟုတ်ဘူးဆိုတာ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားတယ်။ အခုက အဲ့ဒီအတိုင်းလုပ်တဲ့အခါကျတော့ အာဏာခွဲဝေရေးကိုပြန်လုပ်ဖို့လိုတယ်။ တိုင်း နဲ့ ပြည်နယ်က အစိုးရတွေ အာဏာခွဲဝေရေးပေးတာနည်းတယ်ပေါ့။ အဲ့ဒီအယူအဆရှိတဲ့ကာလပတ်လုံး ဖက်ဒရယ်မူကိုလက်ခံထားတာမဟုတ်ဘူးလို့ ကျွန််တော်တိတိလင်းလင်းပြောတယ်။

ဟင်္သာမီဒီယာ။  ။ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်လိုမြင်လဲ။

NNT။   ။ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်တစ်ပြည်လုံးက လူစွမ်းကောင်းသတ်မှတ်ထားတယ်။ ကျွန်တော်တို့နိုင်ငံက ပဒေသရာဇ်ခေတ်ကလာတဲ့နိုင်ငံ လူစွမ်းကောင်းကိုအားကိုးတယ်။ ဟိုတုန်းက ဂျပန်ခေတ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းကို အားကိုးတယ်။ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်းကိုအားကိုးလာတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက နို်င်ငံရေးမှာကျွမ်းကျင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်နဲ့တိုက်မယ့်အချိန်မှာ လက်နက်နဲ့တိုက်တယ်။ ငြိမ်းချမ်းရေးစားပွဲကိုခေါ်ဖို့ငြိမ်းချမ်းရေးညှိုနှိုင်းဖို့လည်းနားလည်တယ်။ အဲ့ဒါကို လုပ်လာလို့ကျွန်တော်တို့ လွတ်လပ်ရေးရတယ်။ အခုကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေလုပ်နည်းကို လုပ်နိုင်ပါ့မလား။ ပြောရင်မပြောကောင်းဘူးပေါ့ဗျာ။ ဆိုလိုတာက အနောက်နိုင်ငံမှာ စာသင်တယ်။ အနောက်နိုင်ငံကဘွဲ့ရတယ်။ အနောက်နိုင်ငံရဲ့အလေ့အကျင့်ကိုနားလည်တယ်။ ကျွန်တော်သူ့ကိုလည်းပြောဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီသွားရာလမ်းကြောင်းကို အနောက်နိုင်ငံနဲ့နည်းစနစ်အရ သင်ကြားလာတာနားလည်တယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...