မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တွေ့ဆုံခြင်း

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တွေ့ဆုံခြင်း
by -
ဟင်္သာမီဒီယာ
“ပြည်သူက ပြောင်းလဲချိန်တန်ပြီးဆိုပြီးအော်နေတယ် ၊ ကျွန်တော်တို့ဘက်မှာလဲ လုပ်လို့မရသေးတာ အများကြီးရှိနေတယ်”

မွန်ပြည်နယ် တွင် အစိုးရအဖွဲ့ အတွင်းပူးပေါင်းဆောင်ရွက် မှုမရှိဟုဝေဖန်မှု များထွက် ပေါ် လာသည့် အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းလွှတ်တော် မတက် ရောက် သောကြောင့် လွှတ်တော် ကိုုယ်စားလှယ်များအရေးယူရန်ပြင်ဆင် သည့် အထိ ဖြစ်လာခဲ့သည်။ လွှတ်တော် အမတ်များမေးမြန်းသည့် မေးခွန်းများကို ပြည်နယ် ဝန်ကြီးများတိတိကျကျ မဖြေနိုင်မှု ရှိလာခဲ့သည်။ ယင်း ပြဿနာများကိုမွန်ပြည်နယ် ဝန်ကြီးအနေနှင့် မည်သို့ ဖြေရှင်းမည် ကိုဟင်္သာမီဒီယာကတွေ့ဆုံမေးမြန်း ၍ ဖော်ပြ လိုက်ရပါသည်။

ဟင်္သာမီဒီယာ။ ။ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှာအစိုးရအဖွဲ့ အချင်းချင်းပူပေါင်းဆောင်ရွက်မှုအာနည်းတယ်။သဘောထားကွဲတာတွေ ရှိနေတယ်လို့ အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးကပြောထားပါတယ်။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီဝန်ကြီးချုပ် ဘယ်လို မြင်သလဲ။

ဦးမင်းမင်းဦး။ ။အဲလိုဟာက ပြဿနာလေးတစ်ခုအပေါ်မှာလူတစ်ယောက်ရဲ့ လွတ်လပ်ဆိုပြောဆိုပိုင်ခွင့် အနေအထားအရပြော လိုက်တာဖြစ်တယ်၊အမှန်မှန်မှာတော့ ဒီလောက်အထိမရှိပါဘူး၊ အစ်ကိုတို့ အားလုံးက ပြဿနာမတက်ကြပါဘူး၊ အစိုးရအဖွဲ့တွေ အစည်းအဝေးထိုင်နေကြပါတယ်၊ လွှတ်တော်ရောက်ရင်တော့ ကိုယ်စားလှယ်တစ်ဦးချင်းကလွတ်လပ်စွာဆွေးနွေးပိုင်ခွင့်ရှိတယ်၊ဒါကတော့ လူတိုင်းရဲ့ လွတ်လပ်စွာဆွေးနွေးပိုင်ခွင့်ပဲလေ၊ အစ်ကိုတို့မှာအားနည်းချက်မရှိပါဘူး၊ ဝန်ကြီးတွေကသူတို့ဌာနတွေကို သူတို့ကိုင်နေကြတယ်၊ သူတို့ကိုလည်းလွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးထာတယ်။

ဟင်္သာမီဒီယာ။ ။ဝန်ကြီးချုပ်တို့ အနေနဲ့ ပြည်နယ်စီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက် အစိုးရအဖွဲ့အချင်းချင်းဆွေးနွေးတဲ့နေရာမှာ ဘယ်လိုသတ်မှတ်ချက်တွေထားပြီးဆွေးနွေးဖြစ်လဲ၊ ဒီနေရာမှာသဘောထားကွဲလွဲမှုတွေ ရှိနေလား၊

ဦးမင်းမင်းဦး။ ။ မရှိပါဘူး၊ တစ်ခုခုကိုလုပ်ထုံးလုပ်နည်းနဲ့ အညီ  တင်ကြတယ်၊ လုုပ်ထုံးလုပ်နည်းမညီတဲ့အခါကျ တော့ နားလည်မှုလွဲမှားရင် အပြန်အလှန် ဆွေးနွေးကြတယ်၊ အများကတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီတင်ကြပါတယ်၊ ပုံမှန် ကက်ဘိနက် အစည်းအဝေးကို ကြာတာပသေးနေ့တိုင်း လုပ်ကြတယ်၊ အဲဒီအစည်းအဝေးမှာအကုန်လုံုးတင်ကြတယ်၊ အရမ်းလိုအပ်လာရင်တော့ အရေးပေါ်အစည်းအဝေးခေါ်လိုက်တယ်။

ဟင်္သာမီဒီယာ။ ။ဒီလိုအစည်းအဝေးတွေမှာအစိုးရအဖွဲ့ကလုပ်ဖို့ ဆုံးဖြတ်ထားပြီးမှ လွှတ်တော်ရောက်တော့ ဦးမင်းထင်အောင်ဟန် ကထောက်ခံဆွေးနွေးတဲ့ ဘက် ရောက်သွားတာတွေ ရှိနေတယ်၊ ဥပမာအဆင့်မြှင့်ဧည့်ရိပ်သာစီမံကိန်းနဲ့ ဥပဒေချုပ်ရုံးကိစ္စတွေမျိုးပေါ့။

ဦးမင်းမင်းဦး။ ။ဒါကလူတိုင်းမှာလွတ်လပ်စွာဆွေးနွေးပိုင်ခွင့်ရှိတယ်လေ၊ ဒီမှာတော့ အားလုံးသဘောတူတယ်ဆိုပေမယ့် အစည်းအဝေးတစ်ခုမှာအများကသဘောတူရင် အတည်ဖြစ်တယ်လေ၊ ဒီမိုကရေစီစနစ်မှာအများကသဘောတူရင် အတည်ပဲလေ၊ ဟိုရောက်တော့လည်းသူ့ သဘောထားအရပြောင်းလဲ ဆွေးနွေးခွင့်ရှိတယ်၊ ဒါကဒီမိုကရေစီအခွင့်အရေးပဲလေ၊ ဒီမှာကအများစုကအတည်ပြုလိုက်ရင် အတည်ဖြစ်သွားပြီး၊ ဟိုရောက်တော့မှ သူဘာသာသူလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တင်ပြဆွေးနွေးချက်အပေါ် သူရဲ့ ဆုံးဖြတ်ပိုင်ခွင့်အတိုင်းပဲသွားတာလေ၊ ဒါကသူအခွင့်အရေး ဖြစ်တော့ ဘာမှပြောစရာတော့ မရှိပါဘူး။

ဟင်္သာမီဒီယာ။ ။အခုဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေကိုနောက်ပိုင်းမှာဘယ်လိုပူပေါင်းဆောင်ရွက်သွားဖို့ရှိလဲ။

ဦးမင်းမင်းဦး။ ။လက်ရှိအခြေအနေအရလက်ရှိအတိုင်းသွားမယ်၊ ဒါတွေကအတည်ဖြစ်သွားပြီး၊ နောက်ပိုင်းမှာနည်းနည်း ညှိနှိုင််းဆောင်ရွက်သွားမယ်၊ ဘာမှမလုပ်ရသေးတဲ့ အခြေအနေမှာဘာမှမလုပ်ရသေးတာမပြောသေးတာကောင်းမယ်၊ အမှန်မှာတော့ လွှတ်တော်ဆိုတာက  မလုပ်ရသေးတဲ့ စီမံကိန်းတွေကိုမေးမြန်းခွင့်တောင် မရှိဘူး၊ တင်ပြတဲ့အခါမှ တင်ပြဆွေးနွေးတာကောင်းမယ်၊ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် နောက်ပိုင်းမှာခေါ်ယူညှိနှိုင်းတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်၊ တကယ်ကျတော့ ကိုယ်ပြည်နယ်အတွက်ရတဲ့ အခွင့်အရေးတွေ နာသွားတာပေါ့၊ ပြည်သူပဲနာသွားတယ်၊ ဒါမှမလုပ်ဘူးလို့ တင်လိုက်တော့ ပြည်သူပဲနာသွားတယ်၊ ဘယ်သူကြောင့် မရလဲဆိုသူတို့ကြောင့် မရတာဖြစ်သွားတယ်၊ အစ်ကိုတို့ ဘာမှမနစ်နာသွားဘူး၊ အစိုးရကလည်းအစိုးရရဲ့ ခံစားခွင့်ရှိသလိုလွှတ်တော် ကိုယ်စားလှယ်ကလည်းလွှတ်တော်ကိုယ်စားလှယ် ခံစားခွင့်အတိုင်းရှိတယ်၊ဒီပြည်နယ်အတွက် ချထားပေးတာကိုမလုပ်ရင် ဘာဖြစ်သွားမလဲ၊ အစ်ကိုအဲဒီအတိုင်းပဲစဉ်းစားတယ်၊ ကိုယ်ပြည်နယ်အတွက် ရတဲ့ အခွင့်အရေးကိုအပြည့်သုံးမယ်၊ အစ်ကိုက ပြည်နယ်ကိုတာဝန်ခံရတာဖြစ်တော့ ဒီပြည်နယ်အတွက် ရတဲ့အခွင့်အရေးကိုရသလိုသုံးမယ်၊ အဲဒီမှာပယ်ချလိုက်တာတော့ မတတ်နိုင်ဘူး၊ ပယ်တဲ့သူကတော့ သူတာဝန်ပေါ့၊ ဘယ်သူပယ်လဲပယ်တဲ့သူတာဝန်ပါ၊ အချို့ကတော့ ခေါင်းစဉ်ပြောင်းပြီးသုံးခိုင်းဖို့ ပြောတယ်၊ အချိန်မှီရင်တော့ ပြဿနာမရှိဘူး၊ မမှီရင်တော့ ပြဿနာပေ့ါ။

ဟင်္သာမီဒီယာ။ ။နောက်ပိုင်း ပြည်နယ်မှာလုပ်မယ့် စီမံကိန်းတွေကိုဘယ်လိုဆက်လုပ်သွားမလဲ။

ဦးမင်းမင်းဦး။ ။အစ်ကိုတို့အနေနဲ့ လုပ်သင့်တဲ့ စီမံကိန်းတွေကိုအစိုးရအဖွဲ့မှာအရင်တင်ပြရတယ်၊ အားလုံးကသဘောတူရင် လွှတ်တော်ကို ပြန်တင်တယ်၊ လွှတ်တော်ကသဘောတူမှ ဆက်လုပ်သွားမယ်။

ဟင်္သာမီဒီယာ။ ။လွှတ်တော်ကိုယ်စားလှယ်မေးတဲ့ မေးခွန်နဲ့အစိုးရအဖွဲ့ ဖြေတဲ့ အဖြေမှာကွဲလွဲမှုတွေ ရှိနေတယ်လို့ ဝေဖန်နေကြတယ်၊ အဲ့ဒါ ဘာကြောင့်လဲ။

ဦးမင်းမင်းဦး။ ။သူတို့ ထပ်မေးလို့ရတယ်၊ လွှတ်တော်မှာ ပါပြီးသာမရှင်းလင်းလို့ရှိရင် ထပ်ဆင့်မေးလို့ရတယ်၊ အစ်ကိုတို့မှာလည်း တိုက်ရိုက်ဖြေနိုင်ရင် ဖြေမဖြေနိုင်ရင် စာနဲ့ရေးသားဖြေဆိုနိုင်တယ်ဆိုတာ ပါပြီးသာ၊ ရှင်းရှင်းလေးလေးပါ၊ လုပ်ထုံးလုပ်နည်းတွေရှိတယ်၊ အစ်ကိုတို့မှာက ဌာနတွေကိုပေါင်းပြီးကိုင်ထားရတာ၊ ဝန်ကြီးတစ်ယောက်မှာ ၃၁ ဌာနလောက်ကိုကိုင်ထားရတာ၊ ဒီကာလလေးနဲ့ သူတို့ ဒီလောက်လုပ်နိုင်တာဘာလိုပဲဖြစ်ဖြစ်လေအစ်ကိုတို့ အစိုးရသက်တမ်းက နုနုလေးပဲရှိသေးတယ်၊ သူတို့မေးတာကိုအခြေအနေ အချိန်အခါနဲ့ ဖြေပေးတယ်၊ သူတို့မရှင်းရင် ထပ်မေးလို့ရတယ်၊ လွှတ်တော်ဥက္ကဋ္ဌကလည်းခွင့်ပြုတယ်။

ဟင်္သာမီဒီယာ။ ။ကိုယ်စားလှယ်တွေ ပြောတာကတော့ အစိုးရအဖွဲ့ကဝန်ကြီးတွေကအောက်ခြေအထိအလုပ် ဆင်းလုပ်တာမဟုတ်လို့ အဖြေတွေ လွဲနေတာဆိုပြီးဝေဖန်တာပေါ့နော်၊ ဝန်ကြီးချုပ်နေနဲ့ကော အောက်ခြေအထိဆင်းပြီးတော့ လုပ်ဖြစ်လား။

ဦးမင်းမင်းဦး။ ။ လုပ်ဖြစ်ပါတယ်၊ ဒီနေ့ဆိုဝန်ကြီးနှစ်ပါးကနေပြည်တော်သွားတယ်၊ ကျန်တဲ့ဝန်ကြီးတွေကသူဌာနအတွက် ကွင်းဆင်းဆောင်ရွက်နေတယ်၊ ဒီနေ့လုပ်ဖို့ စီစဉ်ထားတဲ့ အစည်းအဝေးတောင် မလုပ်ဖြစ်ဘူး၊ အားလုံးကပြေးလွှားပြီးလုပ်နေကြရတယ်၊ အစ်ကိုတို့မှာမီဒီယာအားသိပ်မရှိလို့ အစ်ကိုတို့ လုပ်နေတာကိုဘယ်သူမှ သိပ်မသိကြတာဖြစ်တယ်၊ နောက်ပြီးဝန်ကြီးတွေယူထားရတဲ့ ဌာနတွေများတော့ သက်ဆိုင်ရာဌာနတွေရဲ့ အခမ်းအနားတွေနဲ့ လုပ်ငန်းတွေကိုတလျှောက်လုပ်နေကြတယ််။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်ရဲ့ သက်တမ်းရှစ်လမှာပြည်နယ်ဖွံ့ဖြိုးမှု အပြောင်းအလဲသိပ်မရှိသေးဘူးလို့ ပြောနေကြတယ်။အစိုးရအဖွဲ့ အားနည်းတယ်လို့လဲဝေဖန်တာတွေရှိတယ်၊ အဲ့ဒါကိုဝန်ကြီးချုပ်အနေနဲ့ ဘာများပြောချင်ပါလဲ။

ဟင်္သာမီဒီယာ။ ။ သူတို့ကတော့ သူတို့အမြင်ကိုပြောမှာပဲ၊ အစ်ကိုတို့ကတော့ အစ်ကိုတို့ လုပ်နေတယ်၊ အဖြေမထွက်သေးလို့ကတော့ ပြောနေကြမှာပဲ၊ အချိန်ကာလတိုသေးတယ်၊ အစ်ကိုတို့လည်းအခုဆိုလုပ်နေတဲ့ စီမံကိန်းတွေထဲကပြောသင့်တဲ့ စီမံကိန်းတွေ ကိုပြောလာတယ်၊ ကျန်တဲ့အချိန်မှာဆိုဘတ်ဂျက်ကသွားတဲ့အတိုင်း အခုဆိုတင်ဒါတွေကိုလျှောက်လွှာခေါ်နေရတယ်၊ နောက်ပြီးလုပ်သင့်တဲ့စီမံကိန်းတွေကိုအစ်ကိုတို့ ပြည်နယ်ကခွင့်ပြုလိုက်ပေမယ့် MLC နဲ့ အဆင်မပြေတာတွေလည်းရှိတယ်၊ ဖောင်စိန်တို့ မင်းရွာစီမံကိန်းတွေကိုလည်းအကောင်အထည် ဖော်နေတယ်၊ နောက်ဆိုလာပါဦးမယ် ဝါဒတ်ကွင်းတို့ ဘာတို့ကိုလည်းလုပ်ဖိုရှိတယ်၊ စက်မှုဇုန်အတွက်လည်းမြေနေရာတွေ ရှာဖွေနေတယ်။ကျွန်တော်တို့တော့ လုုပ်နေတာပါပဲ။

ဟင်္သာမီဒီယာ။ ။ အစိုးရကတိကဝတ် စောင့်ကြည့်ရေးကော်မတီအနေနဲ့က ပြည်နယ်အစိုးရအဖွဲ့ကအတည်ပြုထားတဲ့ အဆိုတွေ မေးခွန်းတွေကိုအကောင်အထည်ဖော်တဲ့ နေရာမှာအားနည်မှုတွေရှိနေတယ်လို့ ပြောနေကြတယ်။ အတည်ပြုထားတဲ့ အဆိုတွေ မေးခွန်းတွေကိုအကောင်အထည် မဖော်နိုင်တာအစိုးရ အဖွဲ့ထဲမှာအခက်အခဲတွေရှိနေလို့လား

ဦးမင်းမင်းဦး။ ။ တချို့ကိစ္စတွေကိုလာမည့် စီမံကိန်းမှာထည့်ပေးမယ်လို့ ပြောထားတယ်၊ ဥပမာဒီလမ်းမပြင်သေးဘူးလား၊ အစ်ကိုတို့ ချက်ချင်း ပြင်ပေးလို့မရဘူး၊ လာမည့် စီမံကိန်းမှာထည့်သွင်းမှ ရမယ်၊ အဲဒါတောင် အစ်ကိုတို့ ထည့်ဆွဲပြီးမှ ပြန်ဖျက်ချလိုက်ရင် ဘာမှ မတတ်နိုင်ဘူး၊ အစ်ကိုတို့ မလုပ်ပေးတာမဟုတ်ဘူး၊ ဥပမာအာဇာနည်ကျောက်တိုင်တို့ ဘာတို့ပေါ့၊ အချို့ဟာတွေဆိုသူများတွေ ပိုင်ထားတဲ့မြေကိုသွားဝယ်ရတာဖြစ်တယ်၊ နောက်ပြီးတိုင်းရင်းသားရေးရာကိစ္စတွေ ပြည်ထောင်စုအဆင့်က လုပ်ရမယ့်ဟာတွေ ပါတယ်၊ အခုဟာတွေကအရင်အစိုးရရဲ့ စီမံကိန်းအတိုင်းသွားနေတာအစ်ကိုတို့က ဖြည့်စွက်တာလောက်ပဲလုပ်ရတယ်။

ဟင်္သာမီဒီယာ။ ။အစိုးရသက်တမ်းရှစ်လအတွင်းမှာဝန်ကြီးချုပ်တို့ အတွေ့အကြံုအရအခက်အခဲတဲ့ အပိုင်းတွေ ရှိနေလား။

ဦးမင်းမင်းဦး။ ။ လက်ရှိကတော့ ဘာမှ ခက်ခက်ခဲခဲတော့ မရှိသေးပါဘူး၊ ဒီလိုပဲကျော်ဖြတ်လိုက်နေရတယ်၊ အဓိကကလွှတ်တော်ကလာလာမေးတဲ့ အခါကျရင် အစ်ကိုတို့ကလုပ်လို့မရသေးတဲ့ ရှိနေတယ်၊ သူတို့ကလည်းသိချင်တယ်၊ သူတို့က ဖြစ်ချင်တာတွေများတယ်၊ ပြည်သူကအော်နေတယ်။

အရမ်းပြောင်းလဲချိန်တန်ပြီးဆိုပြီးပြောင်းချင်တယ်၊ အစ်ကိုတို့မှ လုပ်လို့မရသေးတာအများကြီးရှိနေတယ်၊ အစ်ကိုဆိုလာသမှ နိုင်ငံခြားဧည့်သည်တွေကိုတွေ့ဆုံတယ်၊ ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်ရှိရင် လုပ်ပေးတယ်။လုပ်လို့
မရတဲ့ အနေအထားတွေလည်းရှိပါတယ်။

ဇော်ထိုက်

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...