(KIC)ဝက်ဘ်ဆိုဒ်မှာ သြဂုတ်လ ရရက်၊ နေ့စွဲနဲ့ “စောရှား” ရေးတဲ့ သတင်းဖတ်ရပါတယ်။ သတင်းခေါင်းစီးက “NCA ထိုး တိုင်းရင်းသား ၆ဖွဲ့ နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီတည်ထောင်မည်”ဟူ၍ ဖြစ်ပါတယ်။
“နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံနိုင်မည့်ကုမ္ပဏီ တည်ထောင်မည်”ဆိုတဲ့ စကားစုထဲက “နိုင်ငံတော်အဆင့်” ဆိုတဲ့စကားရပ်က ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ လုပ်ငန်းအတိုင်းအတာပမာဏ ဘယ်လောက်ကြီးမားကျယ်ပြန့်မယ် ဆိုတာကို ဖော်ပြနေပါ တယ်။
တနည်းအားဖြင့် ငွေလုံးငွေရင်း အမြောက်အများ လက်ဝယ်ရှိနေသူတွေကို အချက်ပြလိုက်တဲ့သဘော ညှို့ငင်ခေါ်ယူလိုက်တဲ့ သဘောလည်း ပါပုံရပါတယ်။
ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုတော့ ပထမတစ်ချက်က “နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံနိုင်မည့်ကုမ္ပဏီ တည်ထောင်မယ်” ဆို တာ တော်ရုံတန်ရုံ ငွေကြေးအရင်းအနှီးရှိရုံမျှနဲ့ လုပ်ဆောင်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ လုပ်ငန်းစီမံလည်ပတ်မှုဆိုတဲ့ ကျွမ်းကျင် မှု အတတ်ပညာလည်း ပိုင်နိုင်ကျွမ်းကျင်ဖို့ မုချ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ သဲထဲရေသွန်လိုက်တာကမှ အရာထင်ကျန်ချင် ကျန်ခဲ့ပါလိမ့်မယ်။
ဒုတိယအချက်က အဲဒီ “နိုင်ငံတော်အဆင့်ကုမ္ပဏီ” ထူထောင်နိုင်မယ့် အရင်းအနှီးနဲ့ ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှု “NCA ထိုး တိုင်း ရင်းသား ၆ဖွဲ့”ထဲမှာ ဘယ်အဖွဲ့မှာမှ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မရှိတဲ့အချက် ဖြစ်ပါတယ်။
လက်တွေ့ ဥပမာပေးရမယ်ဆိုရင် KNU/KNLA(PC) မှ စီးပွားရေးဌာနမှူး ဗိုလ်မှူးစောလားဒို ပြောတဲ့ “လျှပ်စစ်ပါဝါလိုင်း တည်ဆောက်တာမျိုး၊ သတ္တုတွင်းတူးဖော်တာမျိုး စတဲ့ လုပ်ငန်းမျိုးတွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု “NCA ထိုး တိုင်းရင်းသား ၆ဖွဲ့”ထဲမှာ ဘယ်လိုမှ မရှိနိုင်ပါဘူး။ “NCA ထိုး တိုင်းရင်းသား ၆ဖွဲ့”ထဲမှာ ဘယ်အဖွဲ့တွေ ပါဝင်နေသလဲဆိုတော့ -
၁။ ကရင်ငြိမ်းချမ်းရေးကောင်စီ [KNU/KNLA(PC)]
၂။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)
၃။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)
၄။ ချင်းအမျိုးသားတပ်ဦး(CNF)
၅။ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)
၆။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ ဖြစ်ပါတယ်။
ဒီတော့ ဟန်ပြနာမည်ခံရုံခံ၊ နာမည်ခံခ မြိုးမြိုးမြက်မြက်ပေးပြီး လုပ်စားနိုင်သူတွေက ဝင်ရောက် စီမံချုပ်ကိုင် လုပ်ကိုင်ကြမယ့် စီးပွားရေးအကွက်အကွင်းပဲ ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် စဉ်းစားကြည့်ရင် အလွမ်းသင့်တဲ့ ငွေပင်ငွေရင်းရှိသူတွေကို (ငွေဖြူ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်) တိုက်ရိုက်ချပေးလိုက်ရင် အခြားတစ်ဖက်က လက်သင့်ရာစားတော်ခေါ်တယ်ဆိုတဲ့ တိုက် ကွက်တွေ/ စားမာန်ခုတ်မှုတွေ ရှိလာနိုင်သေးတယ်။ အခုတော့ “(NCA)ထိုး တိုင်းရင်းသားအဖွဲ့အစည်း” ဆိုတဲ့နာမည်နဲ့ တဆင့်ခံ / တစ်ဖက်လှည့်ဆိုတော့ ဘယ်လောက် အမြင်ကောင်းသလဲ။
ဒီအဖွဲ့အစည်းတွေထဲက လူတချို့ကိုလည်း နိုင်ငံရေးထဲကနေ ဆွဲထုတ်ပြီး အကျိုးအမြတ်တည်းဟူသော ဆားငန်ရေထဲမှာ စုန် ချည် ဆန်ချည် ကူးခပ်ခိုင်းထားလိုက်လို့ရမယ် မဟုတ်လား။ ဘယ်လောက် တွက်ခြေကိုက်တဲ့ နည်းလမ်းဖြစ်ပါသလဲ။
အဲဒီသတင်းထဲမှာ (PNLO)အဖွဲ့ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းပြောတဲ့စကားကတော့ သွယ်ဝိုက်မနေဘဲ သူတို့ လက်ရှိအခြေအနေကို တိုက်ရိုက် ထင်ဟပ်နေပါတယ်။ သူ့ပြောထားတဲ့အတိုင်း သတင်းထဲကနေ ကောက်နုတ်ဖော်ပြပါရစေ။
̏NCA ရေးထိုးပြီးတော့ နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်တွေရှိလာတယ်။ ကျနော်တို့ဖက်ကရော၊ တပ်မတော်ရော ပြည်သူတွေ ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်၊ အခွန်ကောက်ခံတာ ထိန်းသိမ်းရမယ်ဆိုတာတွေ ရှိလာတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်တဲ့ အခုလိုကာလမှာ အဖွဲ့အစည်းရပ်တည်ရေးအတွက် လုပ်ဆောင်ကြတာဖြစ်ပါတယ်”
ဒီလိုလုပ်ဆောင်တာဟာ (အခွန်မကောက်တော့ဘဲ ကုမ္ပဏီထောင်တာဟာ) တနည်းအားဖြင့် ကာချုပ်ရဲ့ “တပ်/ငြိမ်းမူ ၆ရပ်”ထဲ က အချက်အမှတ် (၄)ကို လိုက်နာလုပ်ဆောင်ခြင်းလည်းဖြစ်ပါတယ်။ လောလောဆယ် (NCA) ထိုး အဖွဲ့ ၆ဖွဲ့က ဗွေဆော်ဦး လုပ်ဆောင်ပြတာပဲလို့ မှတ်ယူရမှာလည်း ဖြစ်ပါတယ်။
ဒီအချက်ကို လိပ်ပြာမလုံ၍လားတော့ မပြောတတ်ပါ။ ထိုသတင်းထဲမှာပဲ (PNLO)အဖွဲ့ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ ထပ်လောင်း ပြော ဆိုချက် ဆိုတာကို အခုလို ဖတ်ရပါတယ်။
“ထို့အပြင် NCA မရေးထိုးခင်အချိန်၌ မိမိတို့အဖွဲ့အစည်းများ ရပ်တည်ရေးအတွက် အခွန်အခကောက်ခံမှုများ ရှိခဲ့ကြသော်လည်း ယခု ကုမ္ပဏီထူထောင်မည်ဆိုပါက တော်လှန်ရေးအသိ၊ နိုင်ငံရေးအသိရှိစွာဖြင့် ဘုံရည်မှန်းချက်ဖြစ်သည့် စစ်မှန်သော ဖက်ဒ ရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် မျက်ခြေပြတ်မခံ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ထပ်လောင်း ပြောကြားသည်”တဲ့။
ဒါကတော့ ကုမ္ပဏီမထောင်ခင်၊ ကုမ္ပဏီလက်တွေ့ဘဝထဲ ကျရောက်သွားပြီး ပြိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားတည်းဟူသော ရေတိမ် မှာ မမျောခင်၊ မနစ်ခင်မှာ ပြောတဲ့အပြော (သို့မဟုတ်) သတိပေးတဲ့ သတိပေးချက် ဖြစ်ကောင်းဖြစ်မှာပေါ့။
တကယ်တော့ (နဝတ-နအဖ) စစ်အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး ဝဲသြဃထဲမှာ တစ်ချိန်က “အမျိုးသားတော်လှန်ရေးသမား” ဖြစ်ခဲ့ကြသူတွေဟာ ပါဂျဲရိုးကားစီးတဲ့ ကုမ္ပဏီပိုင်ရှင်ဘဝ သက်ဆင်းကျရောက်သွားကြပြီး သူတို့ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်း/ တပ်/ ဒေသခံပြည်သူနဲ့ တစ်စထက်တစ်စ ကင်းကွာလာပြီး မူလ နိုင်ငံရေးဦးတည်ချက်/ လုပ်ငန်းစဉ်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့လမ်းကို လျှောက်မှန်းမသိ လျှောက်လှမ်းသွားခဲ့ကြတဲ့ အဲဒီလိုသာဓကတွေ အပစ်အခတ်ရပ်စဲခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေထဲမှာ ထုနဲ့ဒေးပါပဲ။ တချို့လည်း စိတ်ရောကိုယ်ပါ ကုုမ္ပဏီပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းပိုင်ရှင်ဘဝကို ကျေကျေနပ်နပ် ကူးပြောင်း ခံယူသွားကြပါတယ်။ တချို့တော့ တစ်ဖက်မှာ စစ်တပ်ရဲ့ “ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီး”ဘဝ ခံယူ ကြပြီး အခြားတစ်ဖက်မှာတော့ လုပ်ငန်းကိုင်ငန်းကြီးမျိုးစုံကိုု ပိုင်ဆိုင်တဲ့ လက်နက်ကိုင်သူဋ္ဌေး (ဝါ) ဂိုဏ်းခေါင်းဆောင်ကြီးတွေ ဘဝမှာ ပျော်ပျော်ကြီး စံမြန်းနေကြပါတယ်။
မြင်သာတဲ့ အချက်တစ်ခုကတော့ အပစ်အခတ်ရပ်စဲရေး ဇာတ်ခုံပေါ် တက်ရောက်သွားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းခေါင်းဆောင်အများစုဟာ သူဋ္ဌေးသူကြွယ်ဘဝကို ကူးပြောင်းသွားတဲ့ဖြစ်ရပ်ပါပဲ။
တစ်ချိန်က မိမိဦးဆောင်မှုနောက်မှာ လိုက်ပါခဲ့ကြတဲ့ အောက်ခြေ တပ်မှူးတပ်သားတွေကတော့ အကွပ်မရှိတဲ့ ကြမ်းသဖွယ် ဖြစ် ချင်ရာ ဖြစ်ကုန်တော့တာပါပဲ။ တချို့လည်း သေနတ်ဖောက်ပြီး ထမင်းဖိုးတောင်းရတဲ့ ဓားပြသာသာ ဘဝ ကျရောက်သွားကြရပါ တယ်။ သူတို့ကို အစိုးရအာဏာပိုင်တွေဖြစ်တဲ့ တပ်/ ရဲက ဓားပြမှုနဲ့ ဖမ်းဆီးတော့ ကိုယ်က လက်ပိုက်ကြည့်နေရတဲ့ဘဝ။
ဘယ်လောက် ရင်နာစရာကောင်းတဲ့ ဖြစ်ရပ် ဖြစ်ပါသလဲ။ ကိုယ်ကတော့ အင်မတန်ချမ်းသာတဲ့ သူဋ္ဌေးကြီးဖြစ်နေချိန်မှာ ကိုယ့် လက်အောက်ငယ်သားက ထမင်းတစ်နပ်စားရဖို့ သေနတ်ဖောက် ဓားပြတိုက်ရတဲ့ဘဝ သက်ဆင်းကျရောက်နေရပါတယ်။
တစ်ချိန်က ဟစ်ကြွေးခဲ့တဲ့ “အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပြဋ္ဌာန်းခွင့်ရရှိရေး အလံတော်”ကရော ဘယ်ချောင်ဘယ်ကြားမှာ ရောက်နေပါလိမ့်။ ဟီးနေတဲ့ ကုမ္ပဏီဆိုင်းဘုတ်ကြီးနဲ့ အပြီးအပိုင် ဖုံးကွယ်ပစ်လိုက်ပြီလား။
ကုမ္ပဏီပိုင်ရှင်သူဋ္ဌေးဘဝ ရောက်ရှိသွားတဲ့အခါမှာ ခွန်မြင့်ထွန်း သတိပေးနေသလို “တော်လှန်ရေးအသိ၊ နိုင်ငံရေးအသိ”ရှိဖို့ မဖြစ်နိုင်ပါဘူး။ “တော်လှန်ရေးအသိ၊ နိုင်ငံရေးအသိ” ဆိုတာ တော်လှန်ရေးဘဝ၊ နိုင်ငံရေးဘဝထဲမှာသာ ရရှိနိုင်တဲ့ အသိနဲ့ သတိမျိုး ဖြစ်ပါတယ်။ ကိုယ် ကိုယ်တိုင်က တော်လှန်ရေးဘဝ၊ နိုင်ငံရေးဘဝနဲ့ ကင်းကွာပြီး ကုမ္ပဏီပိုင်ရှင် သူဋ္ဌေးဘဝ ရောက်ရှိ နေမှတော့ သဘာဝကျစွာပဲ ကုမ္ပဏီပိုင်ရှင်သူဋ္ဌေးရဲ့ အကျိုးအမြတ်ရရှိရေး ပဓာနဆိုတဲ့ အသိနဲ့ သတိသာ အမြဲရှိနေတော့မှာ ပေါ့။"
ခွန်မြင့်ထွန်းဟာ တစ်ချိန်က ဒီချုပ်ပါတီနိုင်ငံရေးသမားတစ်ဦးပါ၊ ၁၉၉ဝပြည့် ရွေးချယ်ခံအမတ်တစ်ဦးပါ။ နောက်တော့ နိုင်ငံရေး အကျဉ်းသား၊ အဲဒီကနေတဆင့် နယ်စပ်နိုင်ငံရေးသမား၊ အဲဒီကနေတဆင့် ပအိုဝ်းအမျိုးသားအရေးအဖွဲ့အစည်းမှာ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသူပါ။ ဒါဟာ တရွေ့ရွေ့ ဖြစ်ထွန်းလာတဲ့ “ခွန်မြင့်ထွန်း ဆင့်ကဲဖြစ်စဉ်”ပါ။
အကယ်၍ “ နိုင်ငံတော်အဆင့်ကုမ္ပဏီပိုင်ရှင်” ခွန်မြင့်ထွန်း ဖြစ်လာခဲ့သော် ----
“ခွန်မြင့်ထွန်း ဆင့်ကဲဖြစ်စဉ်” ထဲမှာ ပထဝီရှိသော အဖွဲ့အစည်းကဖြစ်စေ/ ပထဝီမရှိသော အဖွဲ့အစည်းက ခေါင်းဆောင်များကို လည်း (အပျင်းပြေဖြစ်ဖြစ်) ထည့်သွင်းစဉ်းစားကြည့်နိုင်ပါတယ်။