၁-မိုးရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် ပြည်နယ်တွင်းတွင် လမ်း၊တံတား ပျက်စီးခြင်းများနှင့် အခြားသော ကြိုတင်မခန့်မှန်းနိင်သည့်ပျက်စီးခြင်းများကြောင့် ချင်းပြည်သူလူထုကြီးမှာ ပြဿနာပေါင်း၊ အခက်အခဲပေါင်းမြောက်များစွာ ရှေးရှုနေကြောင်းကို ယခင်နှစ်များ သာဓက ဖြစ်ပါသည်။
-ဤကဲ့သို့သေချာလွန်းနေသော ပြဿနာများအတွက် အဓိကတရားခံများ ဖော်ထုတ် အရေးယူရန် လွန်စွာ အရေးကြီးနေသော်လည်းလက်ရှိအချိန်သည် ၎င်းပြဿနာ၏ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်မူများအား အရေးတကြီးလိုအပ်နေပါသည်။ စာရွက်ပေါ်တွင် မဟုတ်ဘဲ လက်တွေ့မြေပြင်တွင် အမှန်တကယ်အသက်ဝင်သည့် အစီစဉ်များလုပ်ဆောင်ရန် တင်ပြ တောင်းဆိုချင်ပါသည်။
-အစိုးရအနေဖြင့် မိုးတွင်းသဘာဝဘေးကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်း ရာတွင် ယခင်နှစ်များကဲ့သို့ နိုင်ငံတော်ဘဏ္ဍ နှစ်ထပ်ကွင်း၊ သုံးထပ်ကွင်းမဖြုန်းတီးမိရန် အထူးသတိထားစေ ချင်ပါသည်။
၂ -၂၀၁၈ တကသိုလ်ဝင်တန်း အောင်စာရင်းနဲ့ ပတ်သက်ပြီး သဘောထားအမြင်တစ်ခု တင်ပြချင်ပါတယ်။
-ရာခိုင်နှုန်း ၁၆.၆% သော ချင်းပြည်နယ် ၁၀ တန်းအောင်ချက်သည် လက်ရှိချင်းပြည်နယ်၏ ပကတိအခြေအနေမှန် ဟု ယူဆပါက ချင်းလူငယ်များထဲမှ ပညာဆက်လက်ဆည်းဖူးရန်နှင့် ပညာရပ်ဆိုင်ရာဘာသာရပ်တစ်ခုခုအား ဆက်လက်သင်ယူ နိင်ခြေရှိသည့် လူငယ် အရေတွက်မှာ ၁၆% ကျော်သာရှိပြီး ကျန်၈၃%ကျော်၏ ပညာရေးနဲ့ ဘဝရှေ့ရေးသည် အင်မတန်မရေရာသော အခြေအနေတစ်ခုဟု သုုံးသပ်မိပါသည်။
-ပြည်နယ်အနာဂတ်သည် လူငယ်များ၏လက်ထဲ အမှန်တကယ်ရှိသည်ဟု ယူဆရပါက အများစုဖြစ်သည့် ၈၃% ဖြစ်သော ကျောင်းသားများအတွက် အထူးအစီအစဉ်များ အထူးသဖြင့် ပြည်နယ်အစိုးရတာဝန်ရှိသူများမှ အရေးတကြီး အကောင်အထည်ဖေါ်စေချင်ပါသည်။ ထို့အပြင် အောင်ချက်ရာခိုင်နှုန်းအပေါ် လက်လွတ်စပယ်ဝေဖန်သုံးသပ်ခြင်းမပြုလုပ်ပဲ မိမိတို့ဒေသနဲ့သဟဇာတဖြစ်မည့် နည်းလမ်းကောင်းများရှာဖွာဖော်ထုတ်ပြီး နည်းမှန်လမ်းမှန်များဖြင့် တိုးတက်မူကို ကြိုးစား အကောင်အထည်ဖေါ် စေချင်ပါသည်။
၃- ချင်းပြည်နယ်တွင် ဇူလိုင်လဆန်းပိုင်းမှစ၍ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးအရေးယူတော့မည့် အကြောင်းကို တာဝန်ရှိသူများမှ တရားဝင်ကြေညာထားပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများထံသို့ မိမိတင်ပြလိုသည်မှာ လက်ရှိပြည်နယ်တွင်း အသုံးပြုနေသော လိုင်စင်မဲ့ယာဉ် အများစုမှာ ဇိမ်ခံအသုံးအဆောင်သဘောမဟုတ်ဘဲ အများပြည်သူ၏ လူမူရေး၊ စီးပွားရေး အခက်အခဲများအား အဆင်ပြေသည့် ပုံစံဖြင့် ကြိုးစားဖြေရှင်းနေသည့် သဘောမျှသာ ဖြစ်ပါသည်။ ထို့အပြင် ၎င်းယာဉ်များသည် ဒေသခံပြည်သူများ၏ လူနေမှုဘဝ အဝဝကို အတိုင်းအတာ တစ်ခုထိ တွန်းတင်ထောက်ပ့ံနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။
အစိုးရအနေဖြင့် ပြည်နယ်တွင်း လိုင်စင်မဲ့ယာဉ် ကင်းရှင်းရေးဖော်ဆောင်ရာတွင် ယင်းလုပ်ငန်းကြောင့် ပြည်သူများအပေါ် တိုက်ရိုက်ကျရောက်မည့် စီးပွားရေး၊ လူမှုရေး အခက်အခဲ ကွက်လပ်များအတွက် ကျားကန်ထောက်မနိုင်မည့် အခြားသောအစီအစဉ်များကိုလည်း တပြိုင်တည်း စီမံဆောင်ရွက်စေချင်ပါသည်။
ထို့အပြင် ပြည်နယ်တွင်း လိုင်စင်မဲ့ယာဉ်ကင်းရှင်းရေး ဖော်ဆောင်ရာတွင် ယခုထက်ပိုမို သဘောထားပြည့်ဝပြီး ပိုမိုထိရောက်နိင်မည့် နည်းလမ်းများကိုလည်းရှာဖွေ အသုံးပြုစေလိုပါသည်။
၄-အစိုးရအနေဖြင့် ပြည်နယ်ဖွ့ံဖြိုးရေးကို ဦးတည်သောအားဖြင့် အိန္ဒိယ-မြန်မာကုန်သွယ်ရေး လမ်းကြောင်းကို ယခုထက် ပိုမို ဂရုစိုက် ထိန်းသိမ်းကိုင်တွယ်သင့်သည်ဟုယူဆမိပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အင်မတန်အရေးကြီးလှသော ကလေး-သိုင်းငင်း-တီးတိန်-လိုင်တွီး-ရိဒ် ကားလမ်းမကြီးမှာ မိုင်တိုင် ၉၀ သာသာ သာ ဖြစ်နေသော်လည်း ယနေ့ချိန်ထိ ကားလမ်း မကောင်းနိင်ခဲ့သည်မှာ ယခင်အစိုးရများနဲ့ လက်ရှိအစိုရ၏ စီးပွားရေး ပေါ်လီစီ အပေါ် မေးခွန်းထုတ်ချင်ပါတယ်။
အလှူလက်ဖက်နဲ့ မျက်နှာလုပ်တယ် ဟူသောစကားပုံ အတိုင်း ယခင်အစိုးရအဆက်ဆက်များကဲ့သို့ အိန္ဒိယ အကူညီဖြင့် ရိဒ်-တီးတိန်-ကလေး ကားလမ်းဖောက်မယ် ဆိုသည့် အပြောအဆို စကားလုံးများဖြင့် ပြည်သူများကိုချော့သိပ် မနေတော့ပဲ ပြည်သူ့အစိုးရအနေဖြင့် ပြည်နယ်တွင်း တစ်ခြားကားလမ်းများပြုပြင်သည့်နည်းတူ ရိဒ် နယ်စပ်ကုန်သွယ်ရေး ကားလမ်းမ ကိုလည်း အမှန်တကယ် ကောင်းမွန်အောင် ပြုပြင်စေချင်ပါသည်။