မိုးတွေက အဆက်မပြတ်ရွာသွန်းခဲ့တာ တစ်ပတ်ခန့်ရှိတဲ့အချိန် ဇွန်လ ၁၆ ရက်နေ့ည ချောင်းရေတွေတက်လာခဲ့ပေမယ့် နေခဲ့တယ့် နှစ် ၂၀ ကျော်အတွင်း ထူးခြားမှုတွေမရှိခဲ့တာကြောင့် စိတ်အေးလက်အေးပင် လင်မယားနှစ်ဦးသား အိပ်ရာဝင်ခဲ့ကြတယ်။
အချိန်က ည ၁၁ နာရီခွဲ .....
အေးစက်စက်အထိအတွေ့ကြောင့် အိပ်ရာက နှစ်ဦးသား လန့်နိုးတော့ ရေတွေက အိမ်ပေါ်ရောက်နေပြီ။ တဖြည်းဖြည်းတက်လာလိုက်တာ နှစ်ဦးသားဖက်တွယ်ရင်း အိမ်ခေါင်မိုးအထိရောက်သွားခဲ့ရတယ်။
ဝေါကနဲဆိုပြီး အိမ်နဲ့အတူ နှစ်ဦးသား ညအမှောင်ထုမှာ လျင်မြန်လှတဲ့ ရေစီးနဲ့အတူ မျောပါသွားခဲ့ပါတော့တယ်။
ဒီအဖြစ်အပျက်ကတော့ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ အဗျော့ကျေးရွာ ခြံထဲက တဲလေးမှာ နေကြတဲ့ လင်မယားနှစ်ဦးရဲ့အဖြစ်အပျက်ပါပဲ။
ဇွန်လ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့ နှစ်ရက်တာ ရေးမြို့နယ်ရဲ့ရေလွှမ်းမိုးမှုဖြစ်စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို သေရွာပြန်လင်မယားနှစ်ဦးက ပြောပြနေတာပါ။
ယောကျ်ားဖြစ်သူက ဦးမြသန်း သူကတော့ ပဲခူးတိုင်းဒေသကြီးက၊ သူ့ရဲ့ဇနီးသည်ဖြစ်သူကတော့ ဒေါ်စမ်းစမ်းဝေ သူမကတော့ ကရင်ပြည်နယ်ကပါ။
အကြောင်းဆက်လို့ ပေါင်းဖက်ကြရင်း ကျောင်းရွာကျေးရွာအုပ်စုက အဗျော့ကျေးရွာမှာခြံလုပ်ငန်းကိုလုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းပြုနေသူတွေပါ။
ညအမှောင်နှစ်ဦးသားမျောသွားလိုက်တာ သစ်တုံးတွေ၊ ဒိုက်ပင်တွေနဲ့ ရောထွေးရုန်းကန်ရင်း အသက်ကိုလုခဲ့ရပေမယ့် တစ်ကွဲတစ်ပြားတော့မဖြစ်ခဲ့ကြပါ။
'' ကျွန်မက ရေကူးတတ်တယ်၊ သူက ရေမကူးတတ်ဘူး၊ ဒီလိုနဲ့တစ်ယောက်ကိုတစ်ယောက်အော်ဟစ်သတိပေးရင်းနဲ့ သစ်ပင်တစ်ပင်စီကို ကိုင်မိသွားကြတယ် '' လို့ ဒေါ်စမ်းစမ်းဝေက ပြန်ပြောပြပါတယ်။
ညသန်းခေါင်ယံကနေ မနက်မိုးလင်းတဲ့အထိ သစ်ပင်တစ်ပင်စီမှာနေခဲ့ရင်း မျှော်လင့်ချက်မဲ့စွာနဲ့ တရားစာတွေကိုရွတ်ဖတ်ရင်းနဲ့ နေခဲ့ကြပေမယ့် အသက်ရှင်ဖို့တော့ သူတို့နှစ်ဦးစလုံး ယုံကြည်ချက်မရှိလှတော့ချေ။
'' ဘာမှမမျှော်လင့်ထားတော့ဘူး၊ ဘုရားစာပဲရွတ်နေတော့တယ်၊ မိုးမလင်းတလင်း ကိုယ့်ရဲ့အထက်မှာ မြွေတစ်ကောင်ကလည်း ရှိနေသေးတယ်၊ တစ်ညလုံး ကင်းတွေကိုက်တာကို ခံခဲ့ရသေးတယ် ''လို့ ဦးမြသန်းက ပြောပြတယ်။
မနက်ရောင်နီနဲ့အတူ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာတဲ့ မနက်မိုးလင်းလာချိန်မှာတော့ ရေစီးသန်တဲ့ ချောင်းကိုဖြတ်ကျော်ဖို့ အားထုတ်သူက ရေကူးကျွမ်းကျင်သူ ဇနီးသည် ဒေါ်စမ်းစမ်းဝေပါဘဲ။
'' ရေထဲက ဒိုက်ပင်တွေကိုဆွဲရင်း တဖက်ကမ်းကိုသွားပြီး အကူအညီတောင်းခဲ့တယ်၊ လှေတွေကလည်း ရေစီးကြောင့် လှေတွေကလည်း သွားလို့မရတော့ဘူး၊ အသိတစ်ယောက်အကူအညီနဲ့ ဒီဘက်ကမ်းကနေ ယောကျ်ားရှိတဲ့ဘက်ကို ၀ါးလုံးထိုးရင်း သူ့ကို ကယ်ဆယ်ခဲ့ရတယ် '' လို့ ဇနီးသည်ဖြစ်သူက ပြောပြပါတယ်။
နှစ်ရက်တာရေကြီးခဲ့တဲ့ဖြစ်စဉ်အတွင်း ရေးမြို့နယ်မှာ နေအိမ် ၄၁ လုံးဆုုံးရှုံးခဲ့ရပေမယ့် သူတို့နှစ်ဦးရဲ့အိမ်ကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတွေကြောင့် အချိန်မှီအကြောင်းမကြားနိုင်လို့ စာရင်းထဲမှာ မပါဝင်ခဲ့ပါဘူး။
'' လူတောင်အသက်လုပြီးရုန်းကန်လာခဲ့ရတော့ အိမ်မှာရှိတာတွေအားလုံး ဆုံးရှုံးသွားတာပါပဲ '' လို့ ခင်ပွန်းသည် ဦးမြသန်းက ညိုးငယ်တဲ့မျက်နှာနဲ့ ပြောပါတယ်။
အိမ်နဲ့ပတ်သက်တဲ့ ထောက်ပံ့မှုတွေမရခဲ့တဲ့ သေရွာပြန်သူတို့နှစ်ဦးကို ရေးမြို့မိသားစုပရဟိတအဖွဲ့ကတော့ စေတနာရှင်တွေကိုယ်စား ငွေတစ်သိန်းနဲ့ ထောက်ပံ့ပစ္စည်းတွေကို ဇွန်လ ၂၄ ရက်နေ့က အဲဒီရွာအရောက် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
လက်ရှိမှာတော့ ကျေးရွာဥက္ကဋ္ဌက နေရာစီစဉ်ပေးထားပါတယ်၊ သူတို့ဇနီးမောင်နှံကတော့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကြောင့် ခြံထဲမှာ မနေရဲတော့ပေမယ့် လုပ်ကိုင်စားသောက်စရာ ခြံလုပ်ငန်းပဲရှိတာကြောင့် ဆက်လုပ်ဦးမှာပါတဲ့။
၆ နှစ်အတွင်း အကြီးမားဆုံးရေကြီးမှုဖြစ်ပွားခဲ့တဲ့ ရေးမြို့နယ်မှာတော့ မိန်းကလေးတစ်ဦးသေဆုံးခဲ့ရပြီး လူ ၁၅၀၀ ကျော် ရေဘေးသင့်ခဲ့ရပြီး ဆုံးရှုံးမှုလည်း များပြားခဲ့ပါတယ်။ အစိုးရ၊ တပ်မတော်အပါအဝင် ဒေသခံအဖွဲ့အစည်းတွေ၊ ပြည်သူတွေအပါအဝင် ပြည်တွင်းအဖွဲ့အစည်းတွေက လာရောက်လှူဒါန်းပေးခဲ့ကြပါတယ်။