ချင်းပြည်နယ်ဟာမနှစ်ကလွဲပြီး နှစ်စဉ် မြန်မာနိုင်ငံမှာ အောင်ချက်အနည်းဆုံးဖြစ်နေတဲ့ အပေါ် ကလေးမြို့အခြေစိုက် ကိုယ်ပိုင်အထက်တန်းကျောင်း တွေထဲမှာအောင်မြင်နေတဲ့ YCW ကိုယ်ပိုင်အထက်တန်းကျောင်း ရဲ့ကျောင်းအုပ်ကြီး ဦးဂျိမ်း(စ်) ဒါရ်ရိုထန်း ( ခ) ဆရာကြီးအာကွီး ရဲ့ အမြင်သုံးသပ်ချက်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။
သူရဲ့ ကျောင်းဟာ ဒီနှစ်မှာလည်း ခြောက်ဘာသာဂုဏ်ထူး တစ်ဦးအပါအဝင် ဂုဏ်ထူးရရှိတဲ့ ကျောင်းသူကျောင်းသားပေါင်း ၉၀ ကျော်ရှိပါတယ်။
မေး ။ ။ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် ရဲ့ တစ်နိုင်ငံလုံးအောင်ချက်အပေါ် အရင်ဆုံးသုံးသပ်ပေးစေချင်ပါတယ်။
ဖြေ ။ ။ မြန်မာတစ်နိုင်ငံလုံးကို ခြုံပြီးအောင်ချက်အပေါ်မှာပြောရရင်တော့ အစိုးရအနေနဲ့ များများလည်းပေးမ အောင်ဘူး။ ဒီနှစ်မှာ ဒီဝန်းကျင် ပဲအောင်ပါစေဆိုတာမျိုးအစိုးရက သတ်မှတ်ချက် ရှိတယ်လို့ထင်တယ်။ ကျောင်းသူ/သားတွေရဲ့အရည်အချင်းအပေါ် သတ်မှတ်တာမဟုတ်ပဲ လူဦးရေဘယ်လောက်အောင်ပါစေဆိုပြီး သတ်မှတ်တယ်လို့ပဲထင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်တိုင်း မြန်မာနိုင်ငံရဲ့အောင်ချက်က ၃၀ ရာခိုင်နှုန်းဝန်ကျင်းပဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ထင်တာကတော့ ကျွန်တော်တို့ရဲ့အစိုးရအနေနဲ့ အောင်ချက်ကို တွက်တဲ့အချိန်မှာ နိုင်ငံတွင်းမှာရှိတဲ့ တက္ကသိုလ်တွေမှာ ဆန့်နိုင်မယ့် အတိုင်းအတာအပေါ် အခြေခံပြီးတော့ တွက်ချက်ပြီး အောင်ချက်တွေကို သတ်မှတ်တယ် လို့ထင်တယ်။ တစ်ချို့က စာတော်ပေမယ့်ရှုံးတဲ့သူရှိသလို။ တကယ် မတတ်လို့ ရှုံးတာလည်း ရှိတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ထင်တာကတော့ အစိုးရအနေနဲ့ ဆယ်တန်းအောင်ချက်ကို ကန့်သတ်တာမျိုးရှိ တယ်လို့ထင်တာဖြစ်ပါတယ်။
မေး ။ ။ ချင်းပြည်နယ်က ဒီနှစ်လည်း တစ်နိုင်ငံလုံး အောင်ချက်အနည်း ဆုံးဖြစ်တယ်။ ဘာဖြစ်လို့ အမြဲနည်းနေရသလဲဆိုတဲ့အပေါ် ဆရာကြီးရဲ့ သုံးသပ်ချက်အမြင်ကိုသိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော့ကျောင်းမှာဆိုရင်လည်း ချင်းပြည်နယ် ဖက်က ကျောင်းသူ/သားတွေအများကြီးလာကြတယ်။ ဒါကြောင့် ကျွန်တော်လည်းစဉ်းစားတယ်။ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ရိခေါဒါရ်ဖက်ကလာကြတယ်။ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝဖက်ကလည်း လာကြတယ်။ အဲလိုချင်းပြည်နယ် ဖက်ကနေလာတဲ့သူတွေကို ကြည့်လိုက်တဲ့အချိန်မှာ ဦးနှောက်တော့ အရမ်းကောင်းကြတယ်။ တကယ်ထက်မြက်ကြတယ်။ ဒါပေမယ့် အခြေခံအောက်သက်မကြေကြဘူး။ ဘာလို့ အခြေခံအောက်သက် မကြေလည်းလို့ စဉ်းစားတဲ့အခါမှာ သင်ကြားရေးဖက် လိုအပ်တယ်လို့မြင် တယ်။ သင်ကြားပေးတဲ့သူတွေအနေနဲ့လည်း အများကြီးလိုအပ်ချက်ရှိ တယ်လို့ထင်တယ်။ ဘာလို့ အဲသလို မြင်ရသလဲဆိုရင် ထန်တလန်မြို့ ကနေလာတက်တဲ့ ကျောင်းသားတစ်ချို့ဆိုရင် မြို့ပေါ်မှာ ကျောင်းတက် တာတောင် ဗမာစကားသိပ်မတတ်တာမျိုးရှိတယ်။ ဒီဖက်ကနေ ဗမာလိုသင်တော့ သူတို့အစပိုင်းမှာ နားမလည်ကြဘူး။ ဒါပေမယ့် ဆက်သင်ရင်းနဲ့ အတန်းတင်မှာဆိုရင် မြန်မာစာဂုဏ် ထူးတောင်ရကြ တယ်။ ဒါမျိုးတွေကို တွေ့လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ချင်းတွေဟာ ဦးနှောက်မကောင်းတာမဟုတ်ပဲ အခြေခံပညာကို မကြေကြတာ။ အဓိကတော့ ဆရာ/မတွေ ရဲ့အဓိက လိုအပ်ချက်လို့ပဲမြင်တယ်။ သင်ကြားရေးမှာလည်း အရေးကြီးသလို စည်းကမ်းပိုင်းဆိုင်ရာမှာလည်း အများကြီးလိုတယ်။ ဆိုတော့ ချင်းပြည်နယ် အောင်ချက်အနည်း ဆုံးဖြစ်နေတာနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ နှစ်ခုရှိတယ်။ သင်ကြားပေးတဲ့စနစ်အားနည်းမှုနဲ့ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုလို့မြင်တယ်။
မေး။ ။ သင်ကြားရေးအပိုင်းအားနည်းတဲ့လို့ ပြောရတဲ့အပေါ် ထပ်ရှင်းပြပေးလို့ရမလား။
ဖြေ။ ။ ဒါကတော့ ကျွန်တော့်အမြင်သက်သက်ပေါ့နော် ။ဆရာ/မတွေက ကလေးတွေကို စာသင်တဲ့အချိန်မှာ တကယ်တတ်မြောက် သွားအောင်မသင်ဘူးလို့ထင်တယ်။ အဖြစ်သဘော အနေနဲ့ပဲသင်တယ် လို့မြင်တယ်။ ဒါကြောင့် ကလေးတွေအနေနဲ့ စာပိုင်းမှာအားနည်းသွား ကြတယ်။ စည်းကမ်းလို့ပြောတဲ့နေရာမှာလည်း ဆက်စပ်မှုရှိတယ်။ ကလေးတွေကို ကောင်းမကြည့်ရှု၊ မသင်ကြားနိုင်ဘူးဖြစ်သွားတယ်။ စည်းကမ်းပိုင်းတွေမှာ အားနည်းလာတယ်။ ဒါကြောင့် စည်းကမ်းမကောင်း လို့ ကောင်းကောင်းမသင်ကြားပေးတာလား။ ကောင်းကောင်း မသင်ကြားလို့ စည်းကမ်းမရှိတာလားဆိုတာတော့ ကျွန်တော်လည်း အတပ်တော့ မပြောတတ်ဘူး။
မေး။ ။ ဆရာ/မတွေအပေါ် ထောက်ပြတာရှိတော့ အောင်ချက်မြင့်မား လာဖို့ ချင်းပြည်နယ်က ဆရာ/မတွေအပေါ် သုံးသပ်ချက်အမြင်ကို ပြောပြပေးလို့ရမလား။
ဖြေ ။ ။ ဆရာမတွေအနေနဲ့ စာသင်ရင် စေ့စေ့စပ်စပ်သင်ကြားပေးဖို့လို တယ်။ ဒါမှ ကျောင်းသားတွေအနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ စာကြည့်နိုင်မယ်ဆိုတာမျိုးရှင်းလင်းသွားမယ်။ ဒါကြောင့် သင်ကြားပေး တဲ့သူတွေမှာ အထူးအရေးကြီးတယ်။ ပြည်မဖက်က ကျောင်းဆရာ/မတွေကတော့ အမြင်ပြောရရင် ကျွန်တော်တို့ကျောင်း ရဲ့ဆရာ/မတွေနဲ့ပဲ ဥပမာပေးချင်တယ်။ ဒီမှာက ကိုယ့်ကျောင်းသူကျောင်း သားတွေ ဂုဏ်ထားခြောက်ဘာသာရနိုင်ဖို့ဆိုပြီး အပြင်ကစာတွေ လည်းလေ့လာတယ်။ သတင်းစာတွေဖတ်တယ်။ အင်တာနက်တွေကြည့် တယ်။ အဲသလို ကိုယ်သင်တဲ့ဘာသာရပ်မှာ ဂုဏ်ထူးဘယ်လိုရနိုင်မလဲဆို တာကို အမျိုးမျိုးသူတို့ထွင်တယ်။ သဘောမှာ ဓာတုဗေဒဘာသာရပ်ဆိုရင် ကျောင်းသူကျောင်းသားတွေ ဘယ်လိုနားလည်အောင်သင် မလဲဆိုတာမျိုးကို သင်ကြားရေးနဲ့ပတ်သက်ပြီး အသေးစိတ်ထွင်ပြီး သင်ပေးတယ်။ အဲသလိုပဲ တခြားဘာသာရပ်မှာလည်း။ ဒီနှစ်မှာ ကျွန်တော်တို့ကျောင်းဆိုရင် မြန်မာစာဂုဏ်ထားရတဲ့သူတွေအများ ဆုံးဖြစ်တယ်။ အဲဒီမှာ ၉၅ ရာခိုင်နှုန်းက ကျွန်တော်တို့ရဲ့ ချင်းလူ မျိုးတွေဖြစ်တယ်။ ၅ ရာခိုင်နှုန်းကတော့ ဗမာတွေဖြစ်တယ်။ ဘာလို့ဒီလောက်ရာခိုင်နှုန်းနဲ့ မြန်မာစာဘာသာရပ်ကို ဂုဏ်ထူးရနိုင်သလဲဆိုတာကြည့်ရင် သင်ကြားပေးတဲ့သူနဲ့အများနဲ့ဆိုင် တယ်လို့ထင်တယ်။ ဆရာတွေက မေးခွန်းဟောင်းတွေ အထူးပြန်လေ့လာတယ်။ အပြင်ကဟာတွေလည်းရှာဖွေလေ့လာတယ်။ သူလေ့လာသမျှကို ကျောင်းသူကျောင်းသားတွေကို ကောင်းကောင်းပြန်သင်ပေးတယ်။ နောက်တစ်ခုအနေနဲ့ ကျောင်းတွင်းမှာ စာတော်တဲ့သူတွေကို တခြားသူတွေနဲ့မရောထားဘူး။ သီးသန့်နေခိုင်းတယ်။ စာသင်တဲ့အချိန်မှာ အတူရောပြီး သင်ခိုင်းပေမယ့် စာကြည့်ချိန်မှာတော့ တစ်ခြားသူတွေနဲ့မရောတော့ဘူး။ ကျောင်းသူကျောင်းသားတွေရဲ့ သူ့အရည်အချင်းလိုက် အတန်းတွေပြန်ခွဲပေးတယ်။ သုံးဘာသာအထက် ဂုဏ်ထူးရနိုင်မယ့် သူတွေကို တစ်ခန်းမှာ သီးသန့်ပြန်ထားတယ်။ ဒါမှ တစ်ယောက်နဲ့ တစ်ယောက်လည်း အနှောက်အယှက်မပေးတော့ဘူး။ တစ်ဖက်မှာ ကျောင်းအနေနဲ့ ကောင်းကောင်းဂရုစိုက်ပေးတယ်။ စာကောင်းကောင်းကြည့်မကြည့်က အစပေါ့။ စာမေးပွဲကိုလည်း အမြဲလုပ်ပေးတယ်။ ကျွန်တော်တို့ဆိုရင် သုံး နာရီမေးခွန်းကို ငါးခါတောင်လုပ် ပေးတယ်။ ဒါကြောင့်လည်းပဲ ချင်းပြည်နယ်ဖက်နဲ့ ဒီဖက်မြေပြန့်ဖက်ကွာသလားလို့ပြောစရာဖြစ်တာပေါ့။
မေး ။ ။ ချင်းပြည်နယ်မှာ ဖြေဆိုကြတဲ့ ကျောင်းသူကျောင်း သားတွေရဲ့မိဘတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကော ဘယ်လောက် အရေးပါတယ်လို့ ထင်သလဲ။
ဖြေ။ ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေ ဘယ်လိုပညာ သင်ကြားနေ သလဲဆိုတာ သိဖို့လိုအပ်တယ်။ ချင်းပြည်နယ်ဖက်မှာက အဲဒါတော့ အတော်ခက်တယ်။ မိဘတွေအနေနဲ့လည်း ခက်ခဲကြတော့လေ။ တောင်ယာလုပ်ငန်းလုပ်ရင်းနဲ့ တခြားအလုပ်တွေလုပ်ရင်း ကိုယ်ကလေးတွေကို ကျောင်းထားတာဆိုတော့။ ဒါကြောင့် ကိုယ့်ကလေးတွေ ကျောင်းမှာဘယ်လိုပညာသင်ကြားနေသလဲဆိုတာ လက်လှမ်းမမီတော့ဘူး။ ဒါကြောင့် မိဘတွေအနေနဲ့လည်း အများကြီး ဒါကိုအလေးထားဖို့လိုတယ်လို့မြင်တယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးဘယ်လိုပညာသင်ကြားနေတယ်။ ကျောင်းကကော စည်းကမ်းရှိရဲ့လား။ ဆရာ/မတွေကော စုံလင်ရဲ့လား ဆိုတာကို မိဘတွေအနေနဲ့ ဂရုစိုက်ရင် ဆရာ/မတွေ အနေနဲ့ပိုပြီး သတိထားမယ်လို့မြင်တယ်။
မေး။ ။ ချင်းပြည်နယ်က ဆရာ/မတွေရဲ့ အဓိက စိန်ခေါ်မှုကဘာဖြစ် မယ်လို့ယူဆသလဲ။
ဖြေ။ ။ ကျွန်တော်တို့ရဲ့ပညာရေးပေါ်လစီကို မပြောင်းဘူးဆိုရင်တော့ ကျောင်းဆရာ/မတွေရဲ့ သင်ကြားရေးနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ စိန်ခေါ်မှုရှိနေမှာပဲ။ ဘာလို့လဲဆိုရင် ကျောင်းဆရာ/မအများစုက အပြင်ဆရာတွေလို Professional သိပ်မရှိကြဘူး။ လခစားပြီး အလုပ်လုပ်တာဆိုတော့ လစာလည်း တစ်မှာက နည်းနေတယ်။ ဒါကြောင့် သင်ကြားရေးနဲ့ပတ်သက်ပြီး အပြင်ဖက်မှာ အထူးပြန်လေ့လာဖို့ သူတို့အတွက်ခက်ခဲမယ်။ အစိုးရအနေနဲ့ သင်ကြားရေးနဲ့ပတ်သက်ပြီး သင်တန်းတွေပေးနေပေမယ့် အဲဒီထက်မကသေးပဲ အခုလို ကိုယ်သင်လိုက်တဲ့ကလေးတွေကို ဘယ်လောက်အထိ သင်ကြားပေးနိုင်မလဲ။ ဘယ်လို်ပုံစံနဲ့လုပ်ပေးနိုင်မလဲဆိုတာကို သီးသန့်အနေနဲ့ ပြန်လေ့လာဖို့လည်းလိုတယ်လို့မြင်တယ်။
မေး။ ။ လက်ရှိပညာရေးနဲ့ပတ်သက်ပြီး အဓိကထောက်ပြချင်တဲ့ ပေါ်လစီပိုင်းက ဘာဖြစ်မလဲ။
ဖြေ ။ ။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က ဂုဏ်ထူးလေးဘာ သာလောက်ထွက်ပြီး တစ်ဘာသာမှာ အားနည်းသွားလို့ ကျသွားရင် လူငယ်တွေအတွက် အများကြီးနစ်နာတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာကောထိခိုက်တယ်။ ဒီစနစ်မှာတော့ ပြောင်းလဲသင့်တယ်လို့မြင်တယ်။ ဒါပေမယ့် ကောလိပ်တက်တဲ့ အဆင့်တွေမှာ သူတို့စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ဝင်ခွင့်အနေနဲ့ဖြေပြီး တက်တာမျိုးပိုဖြစ်စေချင်တာပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမှတ်ပေးစနစ်မသုံးပဲ ဥပမာ ကျောင်းသားတစ်ယောက်က ဆယ်တန်းပြီးလို့ သူသိပ္ပံဘာသာရပ်တွေနဲ့ ပတ်သက်ပြီးစိတ်ဝင်စားရင် ဝင်ခွင့်ဖြေပြီးတော့ တက်လို့ရတဲ့ဟာမျိုးစနစ်ပြောင်းလိုက်ရင်တော့ လူငယ်တွေအတွက် အများကြီးအကျိုးရှိမယ်လို့ထင်တယ်။ အခုကတော့ ဆယ်တန်းမအောင်ရင် သူတို့စိတ်ဓာတ်ကျပြီးတော့ လူငယ်တွေအတွက် အများကြီး နစ်နာမှုရှိသွားတယ်။
မေး။ ။ ဒီနှစ်မှာ ကျရှုံးသွားတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကိုသော်လည်းကောင်း၊ သူတို့ရဲ့မိဘတွေအပေါ် ဘယ်လိုအားပေး စကားပြောချင်သလဲ။
ဖြေ။ ။ အဓိကအားပေးချင်တာကတော့ မိဘတွေအနေနဲ့ ဆယ်တန်းမအောင်တဲ့ကလေးတွေကို လူစဉ်မမီသလိုလိုထင်တာကတော့ အရမ်းမှားတယ်။ ဘာလို့လဲဆိုရင် ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀၀ ဝန်းကျင်ရှိ တယ်။ အဲဒီမှာ ဆယ်တန်းကျလို့ လူစဉ်မမီဘူးလို့ မြင်တဲ့အမြင်က မြန်မာနိုင်ငံတစ်ခုပဲရှိတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးပေါ်လစီကြောင့်လို့ပဲ မြင်တယ်။ ဒါကြောင့်မိဘတွေအနေနဲ့ ကိုယ့်ကလေး ဆယ်တန်းမအောင် ဘူးဆိုရင်လည်း အောင်တဲ့အထိတော့ ကြိုးစားပေးသင့်ပါတယ်။ အဲလိုမှမရရင်လည်း သူတို့စိတ်ဝင်စားမှုတွေအပေါ်၊ လုပ်ချင်တဲ့အပေါ်အားပေးသင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့နီးတဲ့ အိန္ဒိယလိုမျိုးမှာလည်း ကျောင်းတက်စရာတွေ အများကြီးရှိပါတယ်။ အဲဒီကနေဘွဲ့တွေရလာနိုင်တယ်ဆိုရင် လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ ကုမ္ပဏီတွေဆိုရင် ဒီကဘွဲ့ရတဲ့သူထက် နိုင်ငံခြားမှာဘွဲရတဲ့သူတွေကို ပိုကြိုက်ကြတယ်။ အစိုးရဝန်ထမ်းလုပ်မယ်ဆိုရင်တော့ တစ်ကဏ္ဍပေါ့။ ဆယ်တန်းမအောင်တဲ့သူတွေအနေနဲ့ ကိုယ်ဟာ အသုံးမကျဘူးလို့ ကိုယ့်ဟာကိုယ်မထင်ဖို့အရေးကြီးတယ်။ ကျွန်တော်တို့ကျောင်းက အဲဒါကို သိတော့ ကလေးတွေကို Critical Thinking ရှိလာနိုင်ဖို့ကိုပါ သင်ကြားပေးတယ်။ စင်ကာပူတို့ အမေရိကတို့မှာ ကျွန်တော်တို့ဘော်ဒါဆောင်ကနေ ဆယ်တန်းမအောင်ပဲ အဲဒီမှာ ဘွဲ့ရတဲ့သူတွေကို သွားတွေ့တယ်။ ဒါကြောင့် အားမငယ်ပဲ လူတစ်လုံးသူတစ်လုံးဖြစ်နိုင်ပါတယ်ဆိုတဲ့အတွေးရှိဖို့လိုတယ်။ ဆယ်တန်းကတေ့ာ အောင်ရင်တော့ အကောင်းဆုံးပေါ့။ သုံးနှစ်လောက်ထိတော့ ဖြေစေချင်တယ်။ အဲဒါမှမအောင်ဘူးဆိုရင်လည်း အသက်အရွယ်ကြီးတော့မှာဖြစ်တဲ့အတွက် နိုင်ငံခြားဖက်ကို ကျောင်းတက်နိုင်အောင် စဉ်းစားသင့်တယ်လို့မြင်တယ်။