နိုင်ငံရေးသမား နိုင်ငံရေးပါးဝပါ

နိုင်ငံရေးသမား နိုင်ငံရေးပါးဝပါ

ကုန်လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ကရင်ပြည်နယ်ဘက်မှ လှုပ်ခတ်သောသတင်းတစ်ပုဒ် ထွက်လာ၏။ အိန္ဒု -ကော့ကရိတ် အာရှလမ်းမစီမံကိန်းဆောင်ရွက်ရာ၌ ဘားအံမြို့နယ်လွန်းညကျေးရွာနေ လယ်သမား အချို့နှင့် အစိုးရတို့ အငြင်းပွားရာမှ စတင်ခြင်းဖြစ်သည်။

စီမံကိန်းအရ လယ်ယာသုံးလမ်းပေါ်ဖို့ထားသောမြေများအား မြေတူး၊မြေကော်စက်ဖြင့် ဖယ်ရှားခဲ့သူ ဒေသခံ ၁၁ ဦးကို ပြည်သူ သွားရာလမ်းဖျက်ဆီးသည်ဟုဆိုကာ သက်ဆိုင်ရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အိန္ဒုနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း၌ အရင်းခံ၏။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မေ ၁၂ ရက်တွင် အဆိုပါဒေသသို့လာရောက်ခဲ့ပြီး သက်ဆိုင်သူတို့နှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းရာ၌ အချေအတင်ဖြစ်ပွားစဉ်ပြောမိသည့် စကားတစ်ခွန်းက အကျယ်အကျယ်ငြင်းခုံဖွယ်ဖြစ်ခဲ့ခြင်းပင်။

လမ်းမြေဖို့ခြင်းကြောင့် မိုးတွင်းကာလတွင် လယ်ကွင်းများအား ရေကြီးစေမည်ဟူသော အကြောင်းပြချက်ကို ကိုင်စွဲထားသည့် ဒေသခံအချို့၏ အလိုကို ဝန်ကြီးချုပ်က အဆင်ပြေအောင်ညှိနှိုင်းရန် လာရောက်ခြင်း ဖြစ်သော်လည်း အဆိုပါစကားအချေအတင်တို့က ဒေါ်နန်းခင်ထွေးမြင့်၏ ရည်ရွယ်လိုရင်းကို ပျောက် လု မတတ်ဖြစ်စေခဲ့၏။

အကြောင်းမှာ တွေ့ဆုံပွဲ၌ “ပြည်သူ့အသံနားထောင်တဲ့ အစိုးရဆို”ဟူ၍ မေးခွန်းထုတ်သူတစ်ဦးကို ယင်းသို့သော ရည်ရွယ်ချက်အခြေခံဖြင့်ပင် ဤနေရာသို့ရောက်ရှိနေသည့် ဝန်ကြီး ချုပ်က “ဘာဆိုင်လဲ၊ ဒါပြည်သူ့အသံမဟုတ်ဘူး။ ဖျက်လိုဖျက်ဆီး အသံ၊ ပြည်သူ့အသံ လုံးဝမဟုတ်ဘူး”ဟု တုံ့ပြန်ခဲ့ခြင်း ကြောင့်ပင်။

အဆိုပါစကားက “ဒို့ကရင်တွေက ဒီလို လက်ညှိုးထိုးပြီး ပွင့်ပွင့်လင်းလင်းပြောမှပဲရတယ်။ ကျွန်မတို့အစိုးရ တက်လာတာ ပြည်သူတွေကို ထောင်ချဖို့ မြေသိမ်းဖို့ လုံးဝမပါဘူး။ သိမ်းထားတဲ့မြေတွေ ပြန်ရဖို့ ထောင်ကျနေတဲ့သူတွေ အကျဉ်းသားတွေပြန်ပြီးထုတ်ပေးဖို့ဒါပဲရှိတယ်”ဟု ဒေါ်နန်းခင်ထွေးမြင့် ပြောသောစကားထက်ပိုပေါက်သွားသည်။

ပျက်စီးသွားသော လယ်ဧကသိရပါက နစ်နာကြေးပေးမည်၊ နောင်နှစ်များတွင်ထိုသို့မဖြစ်ရန် ရေမြောင်း၊ တံတားများပြုလုပ်ပေးမည်၊ ရွာသားများစိတ်ပူသကဲ့သို့ သူလည်း ပူပန်သည်ဆိုသော စကားများထက်ပို၍ တာသွား၏။ ယင်းမှာ ခေတ်အဆက်ဆက်မြန်မာ့အုပ်ချုပ်ရေး တာဝန်ရှိသူတို့ ရံဖန်ရံခါ မှားလေ့ရှိတတ်ကြသော စကားသုံး၊ ဖြစ်စဉ်အပေါ် ရည်ညွှန်းမှုအလွဲများနှင့် ထပ်တူပင်။

သို့သော် ရှေးယခင်က အာဏာလိုချင်၍ အာဏာယူထား သူတို့မှားခြင်းထက် ပြည်သူ့ထောက်ခံမှုဖြင့် အာဏာရလာသူတို့မှားခြင်းက လူထု၏ စိတ်နှလုံးကို ပို၍ညစ်ညူးစေသည်မှာ အမှန်ပင်။ ထိုကိစ္စကို အကြောင်းပြု၍ ထောက်ပြလိုသော အကြောင်းတစ်ရပ် ဟင်္သာ၌ရှိပါ၏။

အာဏာကို အာဏာဖြင့်ဖန်တီးရယူတတ်သူတို့၏ လက်မှကင်းလွတ်ရန် လူထုဆန္ဒရှိနေချိန်၊ မျှော်လင့်နေချိန်၌ ပြည်သူတို့ စိတ်ပျက်ရမည့်၊ အထင်အမြင် လွဲစေနိုင်သည့် စကားမျိုး၊ အပြုအမူမျိုးကို အထူးသတိပြုရှောင်ရှားကြရန် တိုက်တွန်းလိုခြင်းပင်။

ယင်းသည် တည်ထောင်နေပါသည်ဆိုသော မြန်မာ့ဒီမိုကရေစီခရီး၏ အနာဂတ်အပေါ် များစွာသက်ရောက်မှုရှိနိုင်ကြောင်းကို အာဏာရှင်တော်လှန်ရေးခရီး၌ ပြည်သူ့ရှေ့မှောက် မားမားမတ်မတ် ကြံ့ကြံ့ခံရပ်တည်ခဲ့သော ဝါရင့်၊ သမ္ဘာရင့် နိုင်ငံရေးသမားကြီးများအား ယခုထက်ပို၍ စောကြောရှင်းပြရန်လိုမည်မဟုတ်ဟု ဟင်္သာက ယုံသည်။

သို့ပါ၍ အခါမလပ် အသိမပြတ်ဘဲ သတိနက်နက်ထားစေလိုပါကြောင်း။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...