ကျွန်တော်အစိုးရဝန်ထမ်းဘဝဖြင့် တစ်နယ်တကျေးသို့သွားရောက်တာဝန်ထမ်းဆောင်နေရသည့်အတွက် မွေးရပ်မြေရွာလေးကို တစ်နှစ်တစ်ကြိမ်လောက်သာပြန်ဖြစ်သည်။ ပြန်လာတိုင်းလည်းရွာဓလေ့၊ ရွာရနံ့၊ သဘာဝလေကိုရှူရှိုက်ရင်းမြို့ပြနှင့် ဆန့်ကျင်ဘက်မွန်းကြပ်မှုတွေ ပြေပျောက်သွားသလိုပါ။ နှစ်ပေါင်းများစွာရွာဓလေ့နှင့် အသားကျနေပြီးဖြစ်သည့် ကျွန်တော့်အတွက်အထူးအဆန်းမဟုတ်သော်လည်း အိမ်ပြန်ခရီးတိုင်းတောတောင်ရေမြေ သဘာဝအလှများကဖမ်းစားနေဆဲပင်။
ကျွန်တော် မွန်ပြည်သစ်ပါတီ(NMSP)ထိန်းချုပ်နယ်မြေတွင် နေထိုင်ကြီးပြင်းခဲ့ပါသည်။ အတိအကျပြောရလျှင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိမြစ်နှင့်ဝင်းရော်မြစ်နှစ်ခုကြား မွန်နှင့်ကရင်လူမျိုးအများစု နေထိုင်ရာဒေသတွင်ဖြစ်သည်။ ဝင်းရော်မြစ်ကူးတံတားပေါ်မှ မြစ်ရဲ့သဘာဝအလှတရားကို နေဝင်ချိန်နှင့်အပြိုင် ခံစားကြည့်မိသည်။ ကျွန်တော့်စိတ်ထဲမှာ အမြဲစွဲငြိနေသည့်ကဗျာဆရာကြီးတင်မိုးရဲ့ "ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကိုပြန်ပို့ကြပါလေ" ကဗျာအပိုင်းအစကို တိုးတိုးလေးရွတ်မိသည်။ အတိတ်ကမြင်ကွင်းများသည် မျက်ဝန်းအိမ်ထဲရုပ်ရှင်ပြကွက်လို တရိပ်ရိပ်ပေါ်လာပါတော့သည်။
လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်ကာလ ဟိုယိုင်ဒီယိုင်တကျွီကျွီမြည်သံနှင့်အတူ အန္တရာယ်ကြီးစွာ ကြောက်ကြောက်လန့်လန့်ဖြတ်ကူးခဲ့ရသော ဝင်းရော်မြစ်ကူးဝါးတံတားနေရာပင် သံဘောင်ကွန်ကရစ်တံတားက ခန့်ထည်စွာနေရာယူနေလေပြီ။ ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများစနောက်ရင်း အလုအယက်ကျောင်းပြန်သည့်မြင်ကွင်းကို ကြည့်မဝစွာထိုင်ငေးနေမိသည်။ အခုတော့လည်းကိုယ့်အရပ်ဒေသမှာ အေးချမ်းစွာပညာရှာမှီးနိုင်ပါပြီ။
အစိုးရ၏လစ်လျူပြုခံ ပညာရေးစနစ်ကို နှစ်ပေါင်းများစွာ ဒဏ်ခတ်ခံခဲ့ရဖူးသည်။ ဇရပ်သာသာ၊ အင်ဖက်မိုး၊ အင်ဖက်ကာ၊ ခေါင်မလုံ့တလုံအမိုးအောက်က စာအံသံများလည်း အမိုးအကာလုံခြုံစွာ အုတ်စီတိုက်ကျောင်းအောက်အေးချမ်းစွာ ပညာသင်ကြားခွင့်ရနေပါပြီ။ ယခင်ကပညာရေးတွင် အခြေခံပညာမူလတန်းအဆင့်မျှသာ ရှိခဲ့သည်။ မူလတန်းပညာ ပြီးမြောက်သောအခါ အလယ်တန်း၊ အထက်တန်းပညာကိုသင်ကြားခွင့်ရရန် တစ်နယ်တကျေးသို့ သွားရောက်သင်ကြားရသည်။ ပိုက်ဆံရှိအသိုင်းအဝိုင်းမျှသာ မြို့ပေါ်တက်ပညာသင်ကြားနိုင်သည်။ အောက်ခြေလူတန်းစားအဖို့ ကျောင်းထွက်ရုံမှတပါး အခြားမရှိ။ အများနည်းတူလူတန်းစေ့ဘဝနေနိုင်ရန် ပြည်ပကျွန်ဆိုသည့် ဘဝဇာတ်ခုံတွင် အသုံးတော်ခံရင်း အနာဂတ်ပျောက်ဆုံးသွားသည့်လူငယ်များမှာ မရေတွက်နိုင်အောင်ပါ။
"မွန်ပြည်သစ်ပါတီ"ထိန်းချုပ်နယ်မြေဖြစ်သောကြောင့် တိုင်းရင်းသားစာပေ မိခင်အခြေပြုဘာသာရပ်များ လွတ်လပ်စွာသင်ကြားခွင့်ရသည်။ အထက်တန်းပညာကို ဆက်လက်သင်ကြားရန်အတွက် မွန်အမျိုးသားပညာရေးဌာနမှဖွင့်လှစ်ထားသော မွန်အမျိုးသားအထက်တန်းကျောင်းတစ်ကျောင်းလည်း (ဝင်္ကပါ)ရွာတွင် ရှိသည်။ ထိုကျောင်းသို့တက်ရောက်ခွင့်ရရန် "မွန်စာပေနှင့်စကား"ကို တတ်မြောက်ထားရန်လိုအပ်သည်။ မွန်စာပေမတတ်လျှင် သင်ကြားရေးပိုင်းတွင် အခက်အခဲရှိ၍ လူတိုင်းတက်ရောက်မသင်ကြားနိုင်ပါ။
ဇမိမြစ်နှင့်ဝင်းရော်မြစ်ကြားဒေသကို ဝင်းရော်ဒေသ(သို့မဟုတ်)ဒူးပလာယာခရိုင်ဟုလည်း ကရင်အမျိုးသားအစည်းအရုံး KNU သတ်မှတ်ထားသည်။ နယ်မြေခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့်မွန်ပြည်သစ်ပါတီ(NMSP)တို့၏ ပူးတွဲထိန်းချုပ်နယ်မြေဖြစ်သောကြောင့် အစိုးရနဲ့သက်ဆိုင်သောအခြေစိုက်ရုံးများ မရှိပါ။ ၂၀၁၀ ခုနှစ်မတိုင်မီအထိ ခေတ်အဆက်ဆက်အာဏာပိုင်အဖွဲ့အစည်းများက အမဲရောင်နယ်မြေအဖြစ်သတ်မှတ်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးမှ အမဲရောင်နယ်မြေသမုတ်ခြင်းမှ လွတ်မြောက်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်မှစတင်၍ ဆွစ်ဇလန်နိုင်ငံအခြေစိုက်လူမှုရေးအသင်းတစ်ခုမှ အစိုးရနှင့်ပူးပေါင်းကာ ဒေသတွင်းကွင်းဆင်းလေ့လာပြီး လိုအပ်ချက်များကိုချပေးခဲ့ပါသည်။ ကျေးလက်ဆေးပေးခန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ အခြားသောလိုအပ်ချက်များကို ပ့ံပိုးကူညီပေးခဲ့ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ သီးခြားကမ္ဘာဆန်ဆန် ရပ်တည်ခဲ့ပြီးမှ ယနေ့တွင်နိုးထချိန်ရောက်ပြီဟု ဆိုရပါတော့မည်။ အထက်တန်းပညာရေးအတွက်လည်း ကျောင်းများအဆင့်မြှင့်တင်ပေးခြင်း၊ ဝန်ထမ်းများတိုး၍ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် အစိုးရပညာရေးစနစ်ကို မြှင့်တင်ခဲ့ပါသည်။
ယခင်ကသေနတ်သံ၊ ဗုံးသံများဖြင့် အကြောက်တရားများစွာဖုံးလွှမ်းခဲ့သော နယ်မြေလေးဖြစ်ခဲ့သည်။ ယခုတွင်နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KNU နှင့် NMSP တို့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်သည်။ ဒေသတွင်းဖွံ့ဖြိုးမှုများအတူ ဆောင်ရွက်မည်ဖြစ်သောကြောင့် နှစ်ပေါင်းများစွာနောက်ကျခဲ့သော ဒေသလေးအရှုံးနွံမှ ရုန်းထဖို့အားယူနေချိန်လည်း ဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်ကာလတွင် ဘွဲ့ရဦးရေမှာလက်ချိုးရေတွက်လို့ရလောက်အောင်ပင် အလွန်းနည်းပါးခဲ့သည်။ ပိုက်ဆံရှိအသိုင်းအဝိုင်းနှင့် ပညာအနည်းငယ်သင်ဖူးပြီး ခေတ်အမြင်ရှိသည့်မိဘများမှပေါက်ဖွားသည့်သား၊ သမီးများသာ ပညာဆက်လက်သင်ကြားနိုင်သည့် အခွင့်အလမ်းရှိခဲ့ပါသည်။
သာမန်မိဘများကိုယ်တိုင်ကလည်း ပညာရေးကိုအားမပေးခဲ့ပါ။ အချိန်တန်အရွယ်ရောက်လျှင် ကျောင်းထွက် အလုပ်လုပ်မှမိသားစုတာဝန်ကို တစ်နိုင်တစ်ပိုင်းကူညီရာရောက်သည်ဟု လွဲမှားသောအယူအဆတွေ နှစ်ပေါင်းများစွာ အသားတံဆိပ်လို ရိုက်နှိပ်ထားသည်။ ငွေရှိမှလူရာဝင်သည်ဟုလည်း မှားယွင်းသောအတွေးအခေါ်များ ရှိနေဆဲ။ ရှေးရိုးဆန်လွန်းသော အသိအမှားများသည် သံမှိုစွဲနေသလိုပင်။ ထိုမှားယွင်းသောအသိများကို ပြင်ချိန်တန်ပြီ ဖြစ်သည်။
ကမ္ဘာ့ရွာကြီးဟုခေါ်သော ဂလိုဘယ်လိုင်ဇေးရှင်းနည်းပညာ တိုးတက်ထွန်းကားသောခေတ်တွင် နှစ်ပေါင်းခြောက်ဆယ်ကျော် ဒေသတွင်းရှင်သန်ခဲ့သော ပြည်သူဘဝမှာ သုညသာသာ နိမ့်ကျခဲ့ပါသည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး အဖက်ဖက်မှနောက်ကောက်ကျန်ခဲ့သည်။ ဝင်းရော်ဒေသတွင်းရှိ ကလေးငယ်များနှင့်ကျောင်းနေရွယ်လူငယ်များမှာ စီးပွားရေးအဆင်မပြေသောကြောင့် အရွယ်မတိုင်မီ ကျောင်းပညာရေးကို စွန့်ခွာခဲ့ရသည်။ လူငယ်များမှာလည်း ပညာရည်နိမ့်ပါးခြင်းကြောင့် ဝိသမလောဘသမားများ၏ လှည့်ကွက်ထဲတဝဲဝဲလည်ရင်း မူးယစ်သားကောင်များအဖြစ် ဆက်လက်အသုံးတော်ခံနေရသည်မှာ ဒုနှင့်ဒေးနှင့်ရှိသည်။
ဒေသတွင်းမူးယစ်ဆေးဝါးစိမ့်ဝင်ပျံ့နှံ့မှုမှာ ကူးစက်ရောဂါတစ်ခုပမာပင်။ အလွှာစုံအရွယ်အပိုင်းခြားမရွေး မူးယစ်ဆေးဝါးကို ဝမ်းနှုတ်ဆေးသာသာ ကြောက်လန့်ခြင်းမရှိ အသုံးပြုနေသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ စီးပွားရေးအဖြစ် ရော်ဘာတစ်မျိုးတည်းကိုပင် အားကိုးနေရသည်။ စီးပွားရေးအဆင်မပြေ၍ ထိုင်းနိုင်ငံသို့ရွေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြသည်။ ထိုမူးယစ်ဆေးဝါးသုံးစွဲသည့်အကျင့်သည် ထိုင်းနိုင်ငံမှပါလာသော အကျင့်ဆိုးဟု ဆိုရပါမည်။
ပစ္စုပ္ပန်အခြေအနေတွင် ဆေးပြားမှာစျေးကြီးသည့်အတွက် ဘိန်းစာရွက်ကိုပြုတ်သောက်ပြီး တဖန်မူးယစ်နေကြပြန်သည်။ ဒေသတွင်းလူငယ်များကိုယ်တိုင် ဘဝခံယူချက်ဘာမှမရှိပါ။ နိုင်ငံရပ်ခြားမှ ပင်ပန်းဆင်းရဲစွာလုပ်ကိုင်၍ ရလာသောချွေးနည်းစာလုပ်အားခများကို စိတ်ဆန္ဒနောက်လိုက်၍ သုံးဖြုန်းနေကြသည်။
ဝင်းရော်ဒေသသည် အရာရာနောက်ကျရုံမျှမက နိုင်ငံသားအခွင့်အရေးပါဆုံးရှုံး၍ ခွဲခြားဆက်ဆံမှုများလည်းရှိခဲ့ဘူးသည်။ ၂၀၁၀- ၂၀၁၅ ရွေးကောက်ပွဲများတွင် အာဏာပိုင်များကဒေသတွင်း လုံခြုံရေးကိုအကြောင်းပြ၍ မဲပေးခွင့်မပြုခဲ့ပေ။။ ယင်းသည် နိုင်ငံသားများစွာ၏ အခွင့်အရေးဆုံးရှုံးခံလိုက်ရခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့အခွင့်အရေးများ နောက်တစ်ကြိမ် ထပ်မံဆုံးရှုံးမှုမရှိလေရအောင် ဒေသတွင်းလူငယ်များ မူးယစ်မနေသင့်တော့ပါ။ လူငယ်များမူးယစ်နွံမှရုန်းထွက်ပြီး မျက်စိဖွင့်နားစွင့်ထားရန် လိုသည်။ ပညာရေးကိုဦးစားပေး၍ အရည်အသွေးများ ဆတိုးကြိုးစားလေ့လာ ဆည်းပူးချိန်တန်ပြီ ဖြစ်သည်။
ဝင်းရော်ဒေသသည် တိုင်းရင်းသားတို့၏ တော်လှန်ရေးနယ်မြေ၊ ထိန်းချုပ်နယ်မြေဖြစ်ခဲ့သည့်အလျောက် ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးသမားများ၊ ကျောင်းသားများခေတ္တခိုလှုံရာဒေသလည်း ဖြစ်ခဲ့ဖူးသည်။ အစိုးရစစ်ကြောင်းများ၏ပေါ်တာအန္တရာယ်များ၊ အသက်အာမခံချက်မရှိလူအခွင့်အရေးချိုးဖောက်မှုများ၊ လက်နက်ပြခြိမ်းခြောက်မှုများ၊ သေနတ်သံများလွှမ်းခြုံခဲ့ဖူးသည်။ယခုတွင်(NCA)လက်မှတ်ရေးထိုးပြီးဖြစ်၍အကြောက်တရားများ၊အမှောင်ဖုံးသည့်ရက်စွဲများလျော့ကျနေပြီဖြစ်သည်။
ဝင်းရော်မြစ်ရဲ့မြစ်ကျိုးအင်းလက်တက်တစ်ခုပမာပြတ်ကျန်ခဲ့သောဒေသရဲ့လူနေမှုအဆင့်အတန်းမှာလည်းတဖြည်းဖြည်းရှေ့သို့အားယူချီတက်လာပါပြီ။အမြဲတမ်းစိမ်းလန်းစိုပြေနေသောအလံတရာတောင်ဟုဒေသခံများခေါ်ဆိုသောတစ်မျှော်တစ်ခေါ်တောင်တန်းတွေအောက်မှဝင်းရော်ဒေသသည်မြစ်ကျိုးအင်းလိုပြတ်မကျန်သွားရန် လူငယ်များဆက်လက်ကြိုးစားနိုးထကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။